Sunday 27 June 2010

“ငါ” ပေါင်းများစွာ ရှိကြရာဝယ်

( ကြားဖူးနေကျ “လူအမျိုးမျိုး စိတ်အထွေထွေ” ဆိုတဲ့စကားအပြင် “လူတစ်ကိုယ် စိတ်အမျိုးမျိုး” ဆိုတဲ့စကားလေးကိုလည်း မိတ်ဆက်ရှင်းပြထားခြင်းပါ။ (စိတ်ပညာနဲ့ ဖီလော်ဆော်ဖီ တို့နဲ့ ထဲထဲဝင်ဝင် ရင်းနှီးတဲ့ ကိုဝတုတ်တို့ဆိုရင်တော့ ပိုပြီး ဆန်းစစ်နိုင်မှာပါ၊ ကိုယ်ကတော့ ကြက်တူရွေးစာအံခြင်းသာ )

စိတ်ပညာရှင်လည်းဖြစ်၊ နိုဘယ်ဆုရှင်လည်းဖြစ်တဲ့ Daniel Kahneman က စမ်းသပ်မှုတခုပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အလွန်နာကျင်တဲ့ သွားနုတ်မှုတခုရဲ့အဆုံးမှာ ပြင်းအားနည်းတဲ့ နာကျင်မှုတခုကို ထပ်ဆောင်းပေးလိုက်ခြင်းပါဘဲ။  အဲဒီလို အပိုဆုရရှိသွားတဲ့ လူနာတွေဟာ ရိုးရိုးပြီးဆုံးသွားတဲ့ လူနာတွေထက် နောက်ပိုင်းပြန်စဉ်းစားတိုင်း နာကျင်မှုကို လျော့ခံစားရတယ်လို့ အမှတ်ရလေ့ရှိပါသတဲ့။   ( မယုံရင် စမ်းကြည့်- ဟိ)

လူတယောက်ရဲ့ စိတ်သဏ္စာန်မှာ လူကောင်း၊လူဆိုး၊ လူပျင်း၊ လူကပ်၊ လူ့ခွစာ၊ လူသူတော် စသဖြင့် တစုတဝေးထဲ တည်ရှိနေပြီး အချိန်တခုမှာ တယောက်က လွှမ်းမိုးလေ့ရှိတယ် လို့  ဆိုပါတယ်။  စီးပွားရေးပညာရှင် Thomas Schelling က ဥပမာတခုထပ်ပေးပါတယ်။ အာတိတ်ဒေသကို ခရီးထွက်ဖို့  ပြင်းပြင်းပြပြ စိတ်ကူးနေတဲ့ လူကလေးတယောက်ဟာ အအေးဒဏ်ကို လေ့ကျင့်ဖို့  စောင်တွေမခြုံဘဲ အိပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်  (နွေးတဲ့ လူကလေး)။  ညလယ်လောက်မှာ အေးလွန်းလို့ နိုးလာတယ်။  ချမ်းလွန်းလို့ စောင်တောင် ထမယူနိုင်လောက်အောင် ကွေးအိပ်နေရချိန်မှာ နောက်နေ့ စောင်ခြုံအိပ်မယ် လို့ဆုံးဖြတ်လိုက်တယ်  ( အေးတဲ့ လူကလေး)။  နောက်တနေ့ညကျတော့ စောင်မခြုံဘဲအိပ်ကြည့်ဦးမယ်လို့  ထပ်ဆုံးဖြတ်မိပြန်ရော  (နွေးတဲ့လူကလေး)။  ဘ၀ထဲမှာ အဲဒီလိုဥပမာတွေ အများကြီးတွေ့ရတာ်။ ဥပမာ- ”မှားပါပြီ”လို့  ပြောတုန်းကပြောပြီး နောက်ထပ်ဆင်တူအမှားတွေနဲ့   ဆုံးဖြတ်ချက်ကို အကြိမ်ကြိမ် ချိုးဖေါက်ခဲ့ တာမျိုးပေါ့။  ပထမ အမှားလုပ်သူက တယောက်၊ ပြုပြင်ချင်သူက တယောက်၊  အမှားထပ်လုပ်သူက နောက်တယောက် ဖြစ်နေတတ်တာမျိုးကို ပြောချင်တာပါ။  အဲဒီလူအားလုံးဟာ လူတယောက်ထဲရဲ့ စိတ်အစဉ်မှာဘဲ ရှိနေတယ်။

လူတယောက်ဟာ နောင်အနှစ်နှစ်ဆယ်မှာ ဖြစ်လာမဲ့ သူ့ရဲ့ခန္ဒာကိုယ်ကို လူစိမ်း လူအို တယောက်လို့  မြင်ပါသတဲ့။ ဒါကြောင့် လူငယ် အများစုဟာ လက်ရှိအချိန်မှာ ခြစ်ခြုပ်သုံးစွဲပြီး အိုစာမင်းစာစုဖို့  မကြိုးစားပဲ လတ်တလော သုံးဖြုံးချင်ကြတာ ဖြစ်ပါတယ်တဲ့။  နောက်ဘ၀ နောက်ကိုယ်နဲ့  နောက်ခေါင်း လို့   ကျမတို့ လူမျိုးတွေ ပြောလေ့ရှိတာနဲ့   ဆင်ဆင်တူပါတယ်။

"Dissociative Identity Disorder" ဆိုတာကတော့ စိတ်ကွဲဝေဒနာ လို့  ခေါ်ရမလားမသိ။  တစ်ကိုယ်တည်း နှစ်စိတ်ဖြစ်နေပြီး တယောက်လုပ်တာ တယောက်မသိတဲ့ ရောဂါမျိုးပါ။ ၁၉၇၃မှာ  Sybil  ဆိုတဲ့ ၀တ္တုနဲ့  ၁၉၇၆မှာ သူ့ကို ရုပ်ရှင်ရိုက်အပြီး  ၁၉၈၀ ပြည့်လွန်နှစ်များမှာ အလွန်ခေတ်စားလာခဲ့ပါတယ်။  အဲဒီရုပ်ရှင်ထဲမှာ မင်းသမီး Sally Field က စိတ်ပေါင်း ၁၆ခုပိုင်ရှင်အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒီဆောင်းပါးထဲက ပြောချင်တာက အပေါ်ကရောဂါမျိုးမဟုတ်ဘဲ သာမာန်လူသားတွေမှာ ရှိနေတတ်တဲ့ စိတ်အမျိုးအစားတွေ တလှည့်စီ နေရာယူကြပုံကို ပြောတာဖြစ်ပါတယ်။ လူတွေဟာ ပါတ်ဝန်းကျင်အဖြေအနေကို လိုက်လို့ စိတ်တွေ ပြောင်းလဲကြတယ်။ စမ်းသပ်ချက်အရ အနံ့ကောင်းကောင်းလေးတွေ ( ဥပမာ- ပေါင်မုန့်လတ်လတ်ဆတ်ဆတ် အနံ့)ဟာ လူတွေကို ပိုပြီး ကြင်နာတတ် ကူညီတတ်လာစေတယ်။   ဆိုးရွားတဲ့အနံ့ (ဥပမာ- အီးနံ့ ကို စပရေးနဲ့ဖြန်းလိုက်ရင်)  လူတွေဟာ ဝေဖန်ရှုံ့ချချင်စိတ်တွေ ဖြစ်လာမယ်တဲ့။

တခါတလေ စိတ်နှစ်စိတ်က ကိုယ်တွင်းမှာ အားပြိုင်ကြတယ်။  ဥပမာ- ပိန်ချင်တဲ့စိတ်ရယ် ကိတ်မုန့်စားချင်တဲ့ စိတ်ရယ်။  ဒါကြောင့် ကိုယ့်မူလ ဆုံးဖြတ်ချက်ကို အလဲထိုးမဲ့သူတွေဟာ ကိုယ်တွင်းမှာပဲ ရှိနေတာပါ။ ဒါကြောင့် ကောင်းတဲ့ ဆုံးဖြတ်ချက်ကလေးကို မဲတင်းဖို့အတွက်  ကိုယ့်ကိုယ်ကိုယ် ဆုပေးဒဏ်ပေး စည်းကမ်း ချမှတ်ထားသင့်ပါတယ်တဲ့။ ဥပမာ- တကြိမ် ချိုးဖောက်တိုင်း ကိုယ်မုန်းတဲ့နေရာကို ငွေလှူဖို့   ( သမ္မတ ဘုရှ် စာကြည့်တိုက် ကို ဒေါ်လာ ၁၀၀လှူဖို့  လို့  ဥပမာပေးထားလေရဲ့) စသဖြင့်ပေါ့။  နောက်တစ်မျိုးကတော့ စိတ်ဆိုးလာရင် တစ်ကနေတစ်ဆယ်ကနေ ရေဖို့ဆိုတာလည်း အဲဒီလိုပဲ အကောင်းဖက်ကို ပြန်လှည့်ဖို့  မဲတင်းတဲ့သဘောပဲ ဖြစ်မှာပါ။

တခါတရံမှာ တခြား လူတယောက်လို ပြုမူပြောဆိုလိုက်တာဟာ ပျော်စရာကောင်းနေတတ်ပါတယ်။  ဒါကြောင့်အင်တာနက်တွေထဲမှာ ယောက်ျားက မိန်းမ ဟန်ဆောင်တာ၊ အပြင်မှာရှက်တတ်သူက အပျော်အပါးမက်ဟန်ဆောင်တာတွေ တွေ့ရတတ်ပါတယ်။  တသက်လုံး ငွေပဲဖိရှာနေသူက ကိုယ့်ကလေးနဲ့  ဆော့ဖို့အချိန်ပေးလိုက်တာ၊  ညစ်ညမ်းဗီဒိယိုကြိုက်တတ်သူက အဲဒီအစား လူမှုရေးအတွက် အချိန်ပေးဖို့  ဆုံးဖြတ်လုပ်ကိုင်ခဲ့တာ စသဖြင့် စရိုက်အပြောင်းအလဲလေးတွေ တွေ့ရတတ်ပါတယ်။

ခြုံပြောရရင် လူတွေမှာ သိသိသာသာမြင်နိုင်တဲ့ ဗီဇစိတ်အခံကလေးတွေရှိသလို တဒင်္ဂပေါ်လာတဲ့ စိတ်ကလေးတွေလည်း အများကြီးရှိနေပါတယ်။  လူသားအားလုံးဟာ နဂိုရ်စိတ်အခံရော၊ တဒင်္ဂစိတ်ထားလေးတွေအပေါ်မှာရော မျှမျှတတ အသုံးချသွားနိုင်ရင် အကျိုးရှိမှာပါ။  ကိုယ့်ခေါင်းထဲမှာ စိတ်ဆိုတဲ့ လူစုလူဝေးကြီး တစ်ခုရှိနေပြီး၊ သူတို့ကြားမှာ ဒီမိုကရေစီ တည်ဆောက်ဖို့ မလိုအပ်သလို ဗီဇစိတ်တစိတ်တည်းကပဲ အမြဲအုပ်ချူပ်နေဖို့ မသင့်တော်ပါဘူးလို့ စာရေးသူက အဆုံးသတ်ထားပါတယ်။




မိုးစက်ပွင့်

( Paul Bloom's "First Person Plural", The Atlantic, November 2008, New York )
(စကားချပ်- ဒါကြောင့် - တရားထိုင်တဲ့အခါ စိတ်တွေအများကြီး ၀င်မနှောင့်ယှက်ဘဲ ကောင်းမှုစိတ်ကလေး ”တစိတ်တည်းထားဖို့” ဆရာတော်တွေက သင်ပြကြတာ ထင်ပါရဲ့

လိင်ပြောင်းဆေး စားကြသူများ

Hanna Rosin

“ဘရန်ဒွန်” ဆိုတဲ့ ကလေးငယ်ဟာ မွေးကတည်းက မိန်းကလေးဗီဇ ပါလာသူပါ။  သိတတ်စကတည်းက အမေ့ ခေါင်းစည်းပုဝါ စကတ်တွေ ၀တ်ဆင်ပြီး အရုပ်ကလေးတွေနဲ့သာ ကစားချင်သူပါ။  မိဘက ယောက်ျားကလေး ကစားနည်းတွေ စိတ်ကုထုံးတွေနဲ့  ကြိုးစားပေမဲ့ အရာမထင်ခဲ့ပါ။  အီတာလျံစားသောက်ဆိုင်တစ်ခုကိုသွားရင်း အနီရဲရဲဝတ်စုံနဲ့  မိန်းမတယောက်ကိုကြည့်ပြီး  ပထမဆုံးသူ့ရဲ့  ၀ါကျတစ်ကြောင်းအပြည့်ကို ဘရန်ဒွန်လေး စပြောခဲ့ပါတယ်။ အဲဒါက “ I like your highheels ” တဲ့။  ကျောင်းတက်တဲ့အရွယ်ရောက်လာတော့ ဆရာက ပုံဆွဲခိုင်းတဲ့ အခါ ငါးနှစ်သားကလေးက “ me and my pets” ဆိုတဲ့ ပန်းချီကားလေးထဲမှာ ကိုယ့်ပုံကို ခွေးကလေးကြောင်ကလေး ထိန်းနေတဲ့ မိန်းကလေး တစ်ယောက် အသွင်ရေးဆွဲခဲ့ပါတယ်။ ဘရန်ဒွန်ရဲ့ အားနည်းချက်ကိုသိတဲ့ ယောကျာ်းလေးအတန်းဖေါ်တွေက သူ့ကို အမျိုးမျိုး စ နောက် အနိုင်ကျင့်ကြတယ်။  ဘယ်လိုမှ အကြောင်းမထူးတော့တဲ့အတူတူ သားငယ်လေးရဲ့ရှေ့ရေးမှာ အခက်အခဲ တွေ နည်းနိုင်သမျှ နည်းဖို့ရာအတွက် သူခုံခုံမင်မင်လိုချင်တဲ့ဘ၀ကို ပေးတော့မယ်လို့  မိခင်က ဆုံးဖြတ်ခဲ့ပါတယ်။  အဲဒီမှာ ဘရန်ဒွန်လေးကို “ဘရင်ဒါ”ဖြစ်လာအောင် ကူညီမဲ့ ဒေါက်တာ Norman Speck  နဲ့  သူ့ရဲ့ ဟော်မုန်းကုထုံးကို တွေ့ခဲ့တာပါပဲ။

Harvard Medical School  မှာစာသင်နေတဲ့ Dr.Speck  ဟာ 'Blocker' ( Blogger မဟုတ်  :-P) လို့ခေါ်တဲ့ ဟော်မုန်းဆေးတစ်မျိုးကို လိင်ပြောင်းလိင်လွှဲအတွက် 1980 ပြည့်လွန်နှစ်များမှာ စတင် အသုံးပြုခဲ့ပါတယ်။  အဲဒီဆေးက ပျိုဘော်ဝင်စမှာ သုံးရတာဖြစ်ပြီး ၁၈လ သောက်ရပါတယ်။  ဆေးပေါ်ကိုလိုက်ပြီး သုံးစွဲသူမှာ ကျားသဘာဝ၊ မသဘာဝတွေ တိုးတက်ဖြစ်ပေါ်လာပါတယ် ( နှုတ်ခမ်းမွေး၊ ရင်သား စသဖြင့်)။  ဒီဆေးကို မိန်းကလေးဆိုရင် ၁၀ နှစ်ကနေ ၁၂ နှစ်အတွင်း၊ ယောက်ျားလေးဆိုရင် ၁၂ နှစ်ကနေ၁၄နှစ်အတွင်း သောက်ဖို့ အသင့်တော်ဆုံးပါ။  ဒါပေမဲ့ အဲဒီအသက်အရွယ်တွေဟာ ငယ်ရွယ်လွန်းလို့   မျိုးဆက်ပွားကိစ္စတွေ ဆွေးနွေးဖို့ရာ အခက်ကြုံရပါတယ်။  ဆေးကြောင့် ပြင်ပလက္ခဏာတွေ ပြောင်းလဲသွားပေမဲ့ အင်္ဂါခွဲစိတ်ပြုပြင်မှုကတော့ လိုအပ်နေဆဲပါပဲ။  နောက်ပြီး ပုံမှန် မျိုးပွားမှုဖြစ်စဉ်မရှိတော့ပါဘူး။  ဒါတွေကို ရှင်းပြတဲ့နောက်မှာတောင်မှာ Beth ဆိုတဲ့ ကလေးမလေးဟာ  Matt ဆိုတဲ့ ယောကျာ်းကလေးအဖြစ် ပြောင်းလဲခံယူဖို့  ဆုံးဖြတ်ခဲ့ပါတယ်။  ကလေးမရနိုင်တော့ရင်လည်း “မွေးစားမယ်”လို့ သူက ဆိုပါတယ်။  အခုဆိုရင် ဟော်မုန်းဆေးကြောင့် အရပ်တွေရှည်၊ ခြေသလုံးမွေးတွေထွက်၊ ရင်သားထွက်မလာတော့ဘဲ ရင်အုပ်ကျယ်လာပါတယ်။  သူမဟာ ရင်သားခွဲစိတ်စရာမလိုတဲ့ ပထမဦးဆုံး ယောက်ျားအသွင်ပြောင်းသူ (trans-men  ) ဖြစ်လာပါတယ်။

Blocker ဆေးကို မသုံးဘဲ ရပ်လိုက်ရင် မွေးရာပါလိင်အမျိုးအစားအတိုင်း ဆက်လက်ကြီးထွားနိုင်ပါတယ်။  ဒါပေမဲ့ ဒတ်ခ်ျနိုင်ငံမှာ ၂၀၀၀ ခုနှစ်ကစလို့  လိင်ပြောင်းဆေးသုံးသူ ၇၀ လောက်ရှိရာမှာ မွေးရာပါလိင်ကို ပြန်သွားလိုသူ တစ်ဦးတစ်လေမှ မရှိသေးဘူး လို့  ဆိုပါတယ် (စိတ်အားထက်သန်လိုက်ကြတာ)။ 

ဒီဆေးသုံးစွဲခြင်းဟာ ကိုယ်နဲ့စိတ် ကွဲပြားစွာမွေးဖွားလာသူတွေအတွက် ပါတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ ပယ်ကျဉ်မှုတွေကို “ကာကွယ်ဆေး” ဖြစ်တယ်လို့  ပြောပါတယ်။  လူတစ်ယောက်ရဲ့ ကျားသဘာဝ မသဘာဝဟာ ”ဦးနှောက်”ထဲမှာ ပါလာတာမို့ ”ခန္ဒာကိုယ်”မှာ ပါလာတာထက် ပိုပြီးအဓိကကျပြီး အဲဒီ ဗီဇစိတ်နဲ့  လိုက်လျောညီတွေတဲ့ ခန္ဒာကိုယ်ဖြစ်လာအောင် ကူညီပေးတာဟာ ဖန်ဆင်းရှင်ဘုရားအလိုကို ဆန့်ကျင်ရာရောက်တယ်လို့  မယူဆကြောင်း ဒေါက်တာစပက်က ပြောပါတယ်။  သူ့အဆိုကိုထောက်ခံတဲ့  'transgender community'  ကလည်း ဒီကလေးတွေဟာ  ”မှားယွင်းတဲ့ ခန္ဒာကိုယ်”ထဲမှာ မွေးဖွားလာတာလို့  ဆိုပါတယ်။


မိုးစက်ပွင့် 
ဆေးကြော်ငြာတာမဟုတ်သလို ဘာကိုမှရည်ရွယ်တာလည်း မဟုတ်ပါ။ the Atlantic မဂ္ဂဇင်းထဲက ကိုယ်စိတ်ဝင်စားတဲ့ ဆောင်းပါးလေးတစ်ခုမို့   မျှဝေခြင်းသာဖြစ်ပါတယ်။  ပြီးတော့ အဲဒီ (အမှား ခန္ဒာကိုယ်ထဲမှာ မွေးဖွားလာရသူတွေ) ကို ရှုံ့ချမဲ့အစား စာနာပေးရင် ကောင်းလေမလားလို့ ........။
(Hanna Rosin's "A Boy's Life" , The Atlantic, November 2008, New York ကို ဆီလျော်အောင် အကျဉ်းချူံးဘာသာပြန်ပါသည်)။


Friday 25 June 2010

ကျွန်တော် မောင်ဘောလုံး ပြောရအုံးမယ်

 ကျွန်တော့်နာမည်က မောင်ဘောလုံး တဲ့။  အင်္ဂလိပ်တွေကတော့ ဖွတ်ဘော ( Foot ball) လို့  ကျွန်တော့်ကို ခေါ်တယ်။  ဒါကလည်း သူတို့ဆီမှာ လက်နဲ့ ပစ်ပေါက်ကစားရတဲ့ ဘေ့စ်ဘော (Base ball) နဲ့  ကွဲပြားအောင် ထင်ပါတယ်။  ဘာပဲပြောပြော ကျွန်တော်ကတော့ ဖွတ်ပါတဲ့ နာမည်မို့မကြိုက်ဘူး။ မြန်မာဆန်ဆန် အာလုပ်သံပါပါနဲ့   ဘောလုံး၊ ဘောလုံးကြီး လို့  ခေါ်တာကိုပဲ ကြိုက်ပါတယ်။

ကျွန်တော်က ခေတ်အဆက်ဆက် စူပါစတားပါ။  ဒီလိုပြောလို့ လွန်တယ်ထင်သလား။  မိုက်ကယ် ဂျက်ဆင်ကိုကြည့်ဗျာ။  သူ့ပရိသတ်ဟာ ကျွန်တော့်ပရိသတ်ထက် အရေအတွက် များမယ်ထင်သလား။     နိုင်ငံတကာမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ချင်း တူတယ် ဆိုစေဦး၊ ကျွန်တော်က နှစ်ပေါင်းများစွာ သူ့ထက်စောခဲ့သလို နောင် နှစ်ပေါင်းများစွာ (ကမ္ဘာတည်သရွေ့ လို့တောင် ပြောချင်တယ်)  ကြိုက်နေကြဦးမှာ။  

အဲလို ပြောလို့  ကျွန်တော်ကို မောက်မာတဲ့ ကျောက်ဖျာလို ငတိ လို့  နာမည်မတပ်လိုက်ပါနဲ့ ဗျာ။  တကယ်တော့ ကျွန်တော်ရဲ့  အနုံ့စိတ် အငုံ့စိတ်ကလေး တွေကို ကျွန်တော်ပဲ သိပါတယ်။  ဒါတွေကိုလည်း ခင်ဗျားကို ရင်ဖွင့်ပြချင်လို့ပါ။

တကယ်တော့ ပရိသတ်ဆိုတာ ဘောလုံးသမားကို အားပေးတာ၊ ဘောလုံးကို အားပေးတာမဟုတ်ဘူးဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။  ကျွန်တော့်ကို လူပေါင်း ၂၂ယောက်က ဟိုဖက်က ကန်လိုက် ဒီဖက်က ကန်လိုက် နဲ့  ချာချာလည် မူးနေတာတောင်မှ ပရိသတ်ရဲ့ လက်ခုပ်သံတွေဟာ ကျွန်တော့်အတွက် မဟုတ်ဘဲ၊  ကျွန်တော့်ကို ကန်တဲ့ ဘော်ဒါ ဘောလုံးသမားကြီးတွေအတွက်ပဲဆိုတာ သိသမှ သိပ်သိပေါ့။  ဒါပေမဲ့ ဂိုးပေါက်ထဲကို ဂိုးဝင်သွားတဲ့အခါတိုင်း ဝေါခနဲကြားလိုက်ရတဲ့ လက်ခုပ်သံတွေ အားပေးသံတွေဟာ ကျွန်တော့် နှလုံးသားထဲစိမ့်သွားအောင် ပီတိဖြစ်စေခဲ့တယ် ဆိုတာ ခင်ဗျား ယုံသလား။ 

ခင်ဗျားက မေးချင်မေးလိမ့်မယ်။  နှစ်ဖက်အသင်း ရှိရာမှာ ဘယ်ဖက်ကိုဝင်ရင် ပျော်ပြီး ဘယ်ဖက်ကိုဝင်ရင် ၀မ်းနည်းတာမျိုးရှိသလား လို့။  အဲဒီလိုတော့မရှိဘူးဗျို့   ။ ကျွန်တော်က ဘော်ဒါ ဘောလုံးသမား အားလုံးကို မျှမျှတတ ခင်တာပါ။  သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ဂိုးတိုင်ထဲကို ဘောလုံးဝင်ဖို့။ အဲဒီလို ဖြစ်ဖို့အတွက် ပါဝင် သရုပ်ဆောင်ရတဲ့ ကျွန်တော်မောင်ဘောလုံးဟာ  ဂိုးသမားလက်က လွတ်လွတ်ကျွတ်ကျွတ် တိုင်ထဲဝင်ခွင့်ရလို့ကတော့ အမြဲတမ်း ပျော်နေသူပါ။  ကျွန်တော်ကတော့ ဘယ် ဂိုးတိုင်ပဲဖြစ်ဖြစ် ဂိုးဖမ်းသမားကို ကျော်လွန်ပြီး ဂိုးတိုင်ထဲကို တာဝန်ကျေကျေ လှလှပပလေး လှိမ့်ဝင်ဖို့  အမြဲ ရည်ရွယ် ထားသူပါ။  အဲဒီအောင်မြင်မှုက ၁၁ယောက်သော ဘော်ဒါကြီးများနဲ့ ပရိသတ်တွေအတွက် ၀မ်းနည်းစရာ ဖြစ်ခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်။ တကယ်ကတော့ ဘောလုံးပွဲမှာ (သူမသာ၊ ကိုယ်မနာ) ဆိုတဲ့ ၀င်းဝင်း တံဆိပ် ဖယောင်းတိုင်တွေ မရှိပါဘူးဗျာ။ တယောက်နိုင်ရင်၊ တယောက်ရှူံးမယ်။  ဂိုးဝင်တာမှာလည်း နှစ်ဂိုးခွဲ၊ တစ်ဂိုးနဲ့ တမတ်တို့ မရှိပါဘူးဗျာ။  နိုင်ရင်နိုင်၊ ရှူံးရင်ရှူံး၊ သရေမှာတောင် အမှတ်နဲတွက်ပြီး အရှူံးအနိုင် ဖြတ်လို့ရသေးရဲ့။  အဲဒီလို ပြတ်သားလို့၊ လိမ်ညာမရလို့   ဘောလုံးပွဲကို လူတွေ အသည်းခိုက်တာလို့ ပြောတဲ့လူက ပြောကြတယ်။  ကျွန်တော်ကတော့ အဲဒီအဆိုကို အပြတ်ထောက်ခံတယ်ဗျို့။  ကိုယ့်ကို အကောင်းပြောလို့ကတော့ ချွင်းချက်မရှိထောက်ခံသူတွေထဲမှာ ကျွန်တော်လဲပါတယ်။

ဘောလုံးသက်ကြာလာတာနဲ့အမျှ ကျွန်တော့မှာ ဘောသံဝေဂတွေ အများကြီးရလာတယ်။  အရင်တုန်းက ပရိသတ်ရဲ့ အချစ်တော် ဘောလုံးရွှေမင်းသားလေးတွေ၊ အခုတော့ လူတွေက မေ့နေကြပြီ ဆိုတာမျိုးတွေ။  ဘောလုံးဘယ်လောက်ပဲတော်တော် ပရိသတ်ကို မထီမဲ့မြင်လုပ်လို့ကတော့ လှလှပပ ဒဏ်ခတ်ခံရတတ်တယ် ဆိုတာမျိုးတွေပေါ့။  နောက်ပြီး အသက်နဲ့ အတွေ့အကြုံကြောင့်တခါတခါ ဘောလုံးကွင်းထဲက အဖြစ်တွေကို လူ့ဘ၀ လူ့သဘောတွေနဲ့  နှိုင်းယှဉ်တတ်လာတယ်။ 
ကွင်းထဲမှာ ဘောလုံးကိုမကန်ဘဲ  လူချကစားတတ်တဲ့သူတွေ
-  ဘောလုံးကို အပေးမယူမလုပ်ပဲ ကိုယ့်ခြေထဲမှာပဲ ကစားသွားတဲ့သူတွေ၊
-  ပရိသတ်ကို လက်ခလယ်ထောင်ပြဖို့ ၀န်မလေးတဲ့ ကစားသမားတွေ
- အဂတိလိုက်စားတဲ့ ဒိုင်လူကြီးတွေ
- အ၀ါကတ်ရပြီးသားမို့   ခပ်ကြမ်းကြမ်းထပ်မကစားရဲတော့တဲ့သူတွေ
- တချိန်က ပရိသတ်ချစ်ခဲ့ပေမဲ့ ပရိသတ်ကို နှုတ်နဲ့ပြန်စော်ကားလို့  ဇာတာမှေးမှိန်သွားသူတွေ
- ကိုယ့်အသင်းအလဲလဲ အကွဲကွဲရှုံးခဲ့တာတောင် နိုက်ကလပ်အသွားမပျက်တဲ့ ကြေးစားအားကစားသမားတွေ
- ခေါင်းအကွဲခံပြီး ဂိုးကို ကာကွယ်ခဲ့တဲ့ ဂိုးဖမ်းသူတွေ
- အကြိမ်ကြိမ်လဲကျပေမဲ့ အကြိမ်ကြိမ် ပြန်ထပြီး ဇွဲမာန်မလျော့တဲ့ ကစားသမားတွေ
- တိုက်စစ်မှူးဂိုးသွင်းနိုင်အောင် မထင်မရှားနေရာက ကစားကွက်ပုံဖေါ်ပေးခဲ့ရသူတွေ
- အရံခုံမှာထိုင်ရင်း ကိုယ့်အလှည့်ကို မျှော်တလင့်လင့်ဖြစ်နေသူတွေ

အို- စုံလို့စုံလို့ ပါပဲဗျာ။  သတိထားကြည့်မယ်ဆိုရင်  အိမ်တွေမှာ၊ ရုံးတွေမှာ၊ ကျောင်းတွေမှာ ၊ နိုင်ငံတွေမှာ အထိ ဒီလိုလူမျိုးတွေနဲ့   ဒီလိုအဖြစ်မျိုးတွေ တွေ့ရတတ်ပါပေရဲ့။

ဒါကြောင့် ဘောလုံးပွဲကြည့်တာကို “ငွေကုန်၊ သံပြာ”  “မျက်စေ့ညောင်း၊ အိပ်ရေးပျက်၊ ကွာစေ့ကုန်” တို့ဘာတို့ မပြောနဲ့ဗျ။  ကြည့်တတ်ရင် တရားရတယ်။  ယူတတ်ရင် တရားရတယ်။ များများသာ ကြည့်ကြပါ။

ဘောလုံးပွဲပြီးလို့    အနိုင်ရအားကစားသမားတွေ ခုန်ပေါက် ပွေ့ဖက်ပြုံးပျော်နေချိန်မှာ၊  ဂိုးတိုင်ဒေါင့်တစ်နေရာမှာ ငြိမ်ငြိမ်ကလေး ရပ်ပြီး ပီတိဖြာနေတဲ့ ကျွန်တော် မောင်ဘောလုံးကလေးကိုလည်း တချက်ကလေးဖြစ်ဖြစ် သတိရကြမယ်ဆိုရင် တဖုန်းဖုန်း အကန်ခံရကျိုးနပ်ပါပြီလို့   ပြောလိုက်ချင်တယ်ဗျာ။




 မိုးစက်ပွင့်


ပို့စ်လေးတင်ပြီးတော့မှ ညက သတိရတာလေးတွေ ပြန်ဖြည့်ရေးမလို့    ... ဒါပေမဲ့ သူငယ်ချင်းတွေက ဖတ်ပြီးသားလေးဖြစ်နေတော့  စာတစ်ပုဒ်ဖြစ်အောင် သတ်သတ်ကလေး ရေးလိုက်တာပါ)

Thursday 24 June 2010

ဘောလုံး နှင့် မိုးစက်ပွင့်

ဘလော့တော်တော်များများမှာ ဘောလုံးအကြောင်း ရေးထားလို့    .... သူငယ်ချင်းတယောက် ခေါက်ဆွဲစားရင်း ဘောလုံးပွဲကြည့်တဲ့ ပို့စ်လေးတစ်ခုကို ဖတ်မိလို့    သဘောကျပြီး ရောရောင်လိုက်ပီး ရေးမိတာပါ။

ခေါင်းစဉ်ကိုကြည့်ပြီး မိုးစက်ပွင့်တို့   အမျိုးသမီးဘောလုံးအသင်းမှာ ပါခဲ့ဘူးသလား၊ မိုးစက်ပွင့်ဆိုတာ အခုတလော ဘောလုံးကန်ဖို့ ကျင့်နေတဲ့ မော်ဒယ်မလေးတွေထဲက တစ်ယောက်ယောက်များလားလို့  မထင်လိုက်ကြပါနဲ့ နော်။  လုံးဝ လုံးဝ မဟုတ်ပါဘူး လို့။  

ငယ်ငယ်ကတော့ အလုံးကလေးတစ်လုံးကို ဟိုဖက်ဆဲ့တစ်ယောက် ဒီဖက်ဆဲ့တစ်ယောက် ၀ိုင်းကန်တာကို ဘာလို့များ လူတွေ သည်းသည်းလှုပ်ကြပါလိမ့်ဆိုတဲ့ စကားလေးတစ်ခွန်းကိုကြားပြီး ထောက်ခံချင်သလိုလို ဖြစ်ခဲ့ဖူးတယ်။  ကိုယ့်မောင်လေး ရွှံ့ထဲရေထဲ မိုးထဲ ဘောလုံးကန်နေရင်လဲ စိတ်ပူ စိတ်တို ခဲ့ရသေးတယ်။  ပထမဆုံး ဘောလုံးနဲ့   ပါတ်သက်ခဲ့ရတာက ကိုယ်တို့   ရွာကလေးက မြို့နယ်ဖလားရခဲ့တဲ့ အချိန်မှာပေါ့။  ဖိုင်နယ်ပွဲစဉ်မှာ ရွာကလူတွေ တော်တော်များများ ကားတွေငှားလိုငှား၊ လှည်းတွေ၊ စက်ဘီးတွေ ရရာနဲ့  မြို့က ဘောလုံးကွင်းမှာ အားပေးကြတာပါ။  မိုးစက်တယောက်လည်း ပါလေရာငပိချက် ဖြစ်ခဲ့ပြီး ပွဲစဉ်တစ်ယောက် အော်လိုက်ရတာ အသံပြာပြီး အသံဝင် မတတ်ပါဘဲ။   ရွာထဲက အဒေါ်ကြီးတွေဆိုရင် ဘောလုံး သမား နာမည်တွေခေါ်ခေါ်ပြီး အားပေးလိုက်ကြတာ ခါးကလုံချည်လျောကျတာတောင် သတိမထားမိခဲ့ပါဘူး။  တကယ်ဆိုရင် တဖက်အသင်းကို နိုင်ဖို့  မလွယ်လှပါဘူး။ တကယ်တော့ တဖက်အသင်းက အချိတ်အဆက်မိမိ အကွက်ချ ကစားနေတာပါ။  ကျမတို့ဘက်က အသင်းကတော့ သန်သန်မာမာ ဖြတ်ဖြတ်လတ်လတ်မို့   တွေ့ရာကြုံရာ ဆွဲကန်ရင်း တဖက်အသင်းရဲ့ အကွက်တွေ ပျက်သွားခဲ့ရတာပါ။  ကိုယ်တို့  ဂိုးသမားကလည်း အရပ်ခြောက်ပေခွဲလောက်ကလန်ကလားနဲ့   သူ့ခြေတံလက်တံကြီးတွေနဲ့   ဘောလုံးကို အမိအရ ဟန့်တားပိတ်ဆို့  နိုင်ခဲ့လို့   နောက်ဆုံးမှာ သောင်းသောင်းဖျဖျ အောင်ပွဲဆင်နိုင်ခဲ့ပါတယ်။   ဆူဖလားကြီးကို တနှစ်တာ လက်ဝယ်ပိုင်ဖို့  သယ်ဆောင်လာရတဲ့ အချိန်မှာ ကြည်နူးပီတိ ခံစားရတာဟာ မဖေါ်ပြတတ်အောင်ပါဘဲ။  ဒီတော့မှ ဘောလုံးပွဲဟာ အလုံးကလေးတစ်ခု ဂိုးတိုင်ပေါက်ထဲဝင်တဲ့အခါ ခံစားရတဲ့ အောင်မြင်မှုအသေးစားကလေးတွေ၊ အဲဒီကနေမှ တပွဲလုံးနိုင်လို့  ပြိုင်ဘက်အပေါ် အနိုင်ယူလိုက်နိုင်တဲ့ အောင်မြင်မှု ကနေရတဲ့   ပီတိတွေ၊ ဒါ့အပြင် အဲဒီ အောင်မြင်မှုက ကိုယ်နဲ့ပဲ သက်ဆိုင်ပါတ်သက်သယောင်ယောင် ကူးစက်ခံစားရတာတွေပါ  ရောနှော ပါဝင်နေတာကို  ကိုယ်တိုင်ခံစားလိုက်ရပါတယ်။  ရွာကိုပြန်ရောက်တော့  အားလုံးက ရက်ပေါင်းများစွာ ကြာတဲ့အထိ ဘောလုံးပွဲ အတွေ့အကြုံကို  တခုတ်တရ ပြောကြဆိုကြ ဖြစ်နေတာကိုလည်း  မှတ်မိပါသေးတယ်။

နောက်တော့ ကွဲပြားစွာ နားလည်လာခဲ့ရတယ်။ တကယ်တော့ အဲဒီ လိမ့်နေတဲ့အလုံးလေးတွေထဲမှာ ကိုယ့်အသင်းအတွက် ပရိသတ်တွေရဲ့ စိတ်ခွန်အားတွေ သတ္တိတွေ ဇွဲမာန်တွေ မျှော်လင့်ချက်တွေ စနစ်တကျ ထုပ်ပိုးထားခဲ့သလိုပါဘဲ။  ဘောလုံးပွဲနဲ့ ၀ါသနာရှင်တွေအပေါ် နားလည်မှု သာ ရှိလာခဲ့ပေမဲ့ ကိုယ်တိုင် စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်တဲ့ အဆင့်ကိုတော့ မရောက်ခဲ့ပါဘူး။

နောက်တကြိမ် ဘောလုံးနဲ့  ပါတ်သက်တာက လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ကမ္ဘာ့ဖလား ပွဲစဉ်တခုပါ။  ကျမတို့ သူငယ်ချင်းတစုနဲ့  လက်ဖက်ရည်ဆိုင် ထိုင်လေ့ရှိသူက ဘောလုံးဝါသနာရှင်ပါ။  သူက အသင်းတိုင်းရဲ့ ဘောလုံးသမားတိုင်းကို သိနေပါတယ်တဲ့။  သူနောက်တနေ့   စိတ်ဝင်တစား ပြောမဲ့ အကြောင်းအရာတွေကို နားလည်ဖို့ရာအတွက် ညတနာရီ နှစ်နာရီအထိထိုင်ပြီး ကိုယ်စောင့်ပြီး ဘောလုံးပွဲကို ကြည့်ပါတယ်။  ဒီလိုနဲ့ အ၀ါကတ်တွေ အနီကတ်တွေ ပြစ်ဒဏ်ဘောတွေ ထောင့်ကန်ဘောတွေ ဥပဒေသတွေကို နားလည် လာခဲ့ရပါတယ်။  သူ့ကိုနားလည်ဖို့ ကြိုးစားခဲ့ပေမဲ့ သူကတော့ ဒါတွေကို သိခဲ့ပုံ မပေါ်ပါဘူး။  နောက်ဆုံး သူနဲ့   နောက်ဆုံး စိတ်ဝမ်းကွဲခဲ့ရတာလဲ  ဘောလုံးပွဲကြည့်နေရင်း ချိန်းထားတာ မေ့သွားလို့ဆိုတဲ့ ဆင်ခြေတွေကို တခါမက အခါခါ ကြားလာရတဲ့အခါ သူ့ရဲ့အလေးမထားမှုတွေက သိပ်ကို သိသာလာတဲ့အခါ ရင်နာစွာ မေ့ဖို့ကြိုးစားခဲ့ရတာပါဘဲ။

ကိုယ့်ရဲ့ မူပိုင်ရှင်ဖြစ်လာခဲ့တဲ့သူကလည်း တိုက်တိုက်ဆိုင်ဆိုင် ဘောလုံးဝါသနာအိုးတယောက်ပါ။  တောင်ပေါ်မြို့ကလေးမှာ တာဝန်ကျလို့  ကိုယ်တယောက်တည်း နေရတဲ့အခါမှာ သူ့ကို ဖုန်းဆက်လို့   ဘာလုပ်နေလဲလို့  မေးလိုက်တဲ့အခါတိုင်း  ဘောလုံးပွဲရှိတဲ့အချိန်ဆိုရင် သူ ကြည့်နေတာ များပါတယ်။  ကိုယ်လဲ ဘာရမလဲ ဒီဖက်ကနေ တီဗီဖွင့်ပြီး ကြည့်လိုက်တာပေါ့။  ဖုန်းထဲကနေ ”ဟော ဟော ဂိုးတော့မယ်“  ” ဟာ အနီကတ်ထိသွားပြီ“  “ ဆွဲထားတယ် ဆွဲထားတယ်” နဲ့    ပြောရင်းဆိုရင်း အတူတူကြည့်ကြတာပါ။  တခါတခါ တယောက်ထဲဆိုတာ မေ့သွားပြီး ကိုယ့်အနားမှာ သူထိုင်ပြီး ဘောလုံးပွဲကြည့်နေတယ်လို့   ခံစားရတယ်။  အဲ့လို ဘောလုံးပွဲ ကြည့်ခဲ့ရတာ အရမ်းပျော်စရာကောင်းပါတယ်။  

ဒီနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲရာသီမှာကတော့  ကိုယ့်မှာ ကြည့်ဖို့  အခွင့်မသာတော့ပါဘူး။  ကြုံလို့ သူပြန်ပြောပြတဲ့ ပွဲစဉ်တွေအကြောင်းကိုပဲ နားထောင်ပေးခဲ့တယ်။  သူ့ဝါသနာလေးက သူ့ကို တယောက်ထဲ အထီးကျန် ဖြစ်မနေစေတာကိုပဲ ၀မ်းသာနေမိတယ်။  ကိုယ်မရှိတဲ့အချိန်တွေမှာ သူ့ကိုအဖေါ်လုပ်ပေးလို့   အရမ်းကို ကျေးဇူးတင်ပါတယ် ဘောလုံးလေးရယ်။

(နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်တယ် ...လို့   .....ဆိုဆို)

မိုးစက်ပွင့်

Monday 21 June 2010

ကိုယ်ရှိတဲ့နေရာ

ကိုယ်ရှိတဲ့နေရာမှာ ဇွန် ၁၅ရက်ကစပြီး  ဒီလိုဒီလိုတွေ ဖြစ်နေခဲ့လို့  .......


လူတွေလဲ ဗင်းနစ်မြို့ကို ရောက်နေသလိုပဲပေါ့။ အဲဒီ ရေထဲလမ်းလျှောက် သွားနေတဲ့ လူတွေထဲမှာတော့ ကို.ယ်မပါပါဘူးနော်........ ရေကျသွားတဲ့အခါကျတော့  လောလောဆယ် ဒါမျိုးဒါမျိုးလေးတွေ နည်းနည်းပါးပါး များများစားစား ဖြစ်ကျန်ခဲ့တယ်...........

သူတို့အတွက် ကိုယ် တတ်နိုင်သလောက် ကူညီစီစဉ်ပေးနေရတာနဲ့   ပါတ်သက်ပြီး  အရမ်းအလုပ်ပွေနေပါတယ်.....  ဒါနဲ့ပဲ  အိမ်လည်ဖို့  စာဖတ်ဖို့  အကြွေးတွေ အများကြီး ဖြစ်နေပြီ.... နေနှင့်ဦးပေါ့ - တေးထားတယ် သိလား...


သေချာတာ တစ်ခုကတော့ လောလောဆယ် ကိုယ်ရှိတဲ့နေရာဟာ သူမရှိတဲ့နေရာပါပဲ.....အားပေးဖေါ်မဲ့စွာ (သနားမလားလို့   .......ပြောကြည့်တာ..ဟာဟ) ... သနားစရာအသံလေးနဲ့   အဝေးဖုန်းတွေ ပြောပြောနေမိတယ်...။ သို့ပေမဲ့  လူကတော့ အလတ်ကြီး အလန်းကြီးပါဘဲ...။

သူငယ်ချင်းအားလုံး ကျမ်းမာ ပျော်ရွှင်ကြပါစေ....

မိုးစက်ပွင့်

(Photo Credit:  TZ, TTL)

Wednesday 2 June 2010

ပန်းကလေး Daffodil


ရေးစရာမရှိလို့   ဘာဆားချက်ရပါ့မလဲ စဉ်းစားနေတုန်း daffodil  ဆိုတဲ့ ပန်းကလေးတွေ သွားတွေ့တယ်။  ကိုယ်ကလည်း ပန်းကြိုက်သူ ဆိုတော့ ...။ NewYorker မဂ္ဂဇင်းထဲမှာ ဖတ်လိုက်ရပါတယ်။  အဲဒီပန်းကလေးက နယူးယောက်မြို့တော်ရဲ့ အထိမ်းအမှတ်ပန်းတဲ့။ နယူးယောက်မြို့ရဲ့ ဥယျာဉ်ထဲမှာ ပင်တွေ အများကြီးစိုက်ထားတယ်တဲ့။ (ရောက်ဖူးသူများ အတည်ပြုကြပါကုန်)  အဲဒီဆောင်းပါးထဲမှာ "Daffodils are flowers of resilience"  ဆိုပြီး ရေးထားတယ်။ အဲဒါလေးကို  ကြိုက်လို့  ကိုယ့်ရဲ့ ဂျီတော့ခ် မှာ ဓါတ်ပုံနဲ့ စာသားလေး တင်ထားလိုက်တယ်။  သူငယ်ချင်းတစ်ယောက်က လှမ်းပြောတယ်။ အဲဒါ daffodils ပုံမဟုတ်ဘူးတဲ့။ daffodils  ဆိုတာ လမ်းဘေးပေါက်တဲ့ ပန်းဝါ၀ါလေးတွေတဲ့။ နင်တင်ထားတာက သစ်ခွပန်း ကြီးတဲ့- ဟိုက် သေပီဆရာ။ ဒါပေမဲ့ သေချာချင်တာနဲ့   Google မှာ ရှာလိုက်ပါတယ်။  အံမယ်လေး ဒီပန်းမျိုးက မျိုးကွဲ၅၀ လောက်ရှိတာ၊ ကပြားမျိုးတွေလည်း အများကြီး  ၁၃၀၀၀ လောက်တောင်ရှိသတဲ့။  သူငယ်ချင်းကို နင်ပြောတာက ဗမာ daffodil ငါတင်ထားတဲ့ပုံက အမေရိကန် daffodil လို့  ရမ်းတုတ်လိုက်ပါတယ်။

ဒီ daffodil ပန်းကလေးတွေအကြောင်းက အေဒီ၆ရာစုကတည်းက ပရောဖက် မိုဟာမက်ရဲ့ စာပေတွေထဲမှာကို ပါနေပါသတဲ့။ နောက်ပြီး ဝေလနယ် ( Wales) ရဲ့ အမျိုးသားပန်းပဲ။ အရောင်အားဖြင့် အဖြူ၊ အ၀ါ၊ ဖြူဝါစပ်၊ စိမ်းဝါ ရောင်တွေ့ရတတ်တဲ့ ခေါင်းလောင်းပုံဝတ်ဆံနဲ့ ဒီပန်းကလေးတွေက  “ခင်မင်မှူ” ကို ကိုယ်စားပြုတယ်လို့   theflowerexpert.com မှာ တွေ့ရတယ်။ ဒါဆိုရင် သိပ်တိုက်ဆိုင်တာပဲ။ အလယ်တန်းတုန်းက ကိုယ်သိပ်ခင်တဲ့ သူငယ်ချင်းတယောက်ကို လမ်းဘေးက မြက်ရိုင်းပန်းဝါ၀ါလေးတစ်ပွင့် ခူးပေးဖူးတယ်။  အဲဒါ daffodil ပဲထင်ရဲ့။  သူငယ်ချင်းက နားမှာညှပ်ပြီးပန်ထားတော့ ပျော်လိုက်တာ အရမ်းပါပဲ။
daffodil ရဲ့ မျိုးရင်းပင်ကို Narcissus လို့ ခေါ်တယ်တဲ့။ Narcissus ဆိုတာ ရေထဲကကိုယ့်အရိပ်ကို ကိုယ်ပြန်ချစ်မိသွားတဲ့ ဂရိလုလင်ပျိုရဲ့အမည် ဖြစ်လေတော့ အလှသင်္ကေတလို့ ဆိုနိုင်ပါတယ်။  ပုံပြင်ထဲမှာတော့ ရေကန်ထဲက ကိုယ့်ပုံရိပ်ကို မခွာနိုင်ဖြစ်ပြီး သေသွားရှာတဲ့ လုလင်လေးရဲ့ သချိုင်းနေရာမှာ နတ်တွေရဲ့ အလိုအရ အဲဒီ Narcissus အပင်ကလေး ပေါက်လာတာဆိုဘဲ။ မယုံရင် ပုံပြင်မှတ်ကြပေတော့နော်။ အနောက်နိုင်ငံက အဲဒီပန်းကလေးကို အတ္တပုံရိပ် ကိုယ်စားပြုတယ်လို့  မြင်ကြပေမဲ့  တရုတ်နိုင်ငံကတော့ ”ချမ်းသာကြွယ်ဝမှု”ရဲ့ သင်္ကေတ အဖြစ် မှတ်ယူကြပါတယ်။  တရုတ်နှစ်သစ်ကူး နွေဦးရာသီမှာ ပွုင့်လေ့ရှိတဲ့ အဲဒီပန်းကလေးတွေဟာ အနံ့လည်း အလွန်မွှေးပျံ့ပြီး မင်္ဂလာရှိတယ်လို့   တရုတ်လူမျိုးများက မြတ်မြတ်နိုးနိုး သတ်မှတ်ထားကြတာပါ။


သူ့ရဲ့   ရာသီဥတုဒဏ်အပါအ၀င် အားလုံးကို အံတုပြီးပွင့်နိုင်တဲ့ ကြံ့ခိုင်တဲ့ သတ္တိကြောင့်ထင်ပါရဲ့။  ကမ္ဘာပေါ်မှာရှိတဲ့ ကင်ဆာအဖွဲ့အစည်းတော်တော်များများက ကင်ဆာသုတေသနနဲ့  ရံပုံငွေစုဆောင်းရေးတွေမှာ daffodil ပန်းလေးကို သင်္ကေတတစ်ရပ်အနေနဲ့  သုံးကြတာကို တွေ့ရပါတယ်။ ကနေဒါကင်ဆာလူမှုအဖွဲ့ ( Canadian Cancer Society) ကဆိုရင် ၁၉၅၇ကစလို့   ”Daffodil Day “ ဆိုတဲ့ အမည်နဲ့   ရံပုံငွေပွဲတွေ ကျင်းပကြတာ တွေ့ရပါတယ်။

မိန်းကလေးတွေဟာ ပန်းကလေးတွေ တစ်မျိုးစီနဲ့တူတယ်လို့  ခင်မင်သူတစ်ဦးက မှတ်ချက်ပေးဖူးပါတယ်။ တစ်ချို့ကမွှေးတယ်၊ တချို့က လှတယ်။  တစ်ချို့က မွှေးလည်းမမွှေးဘူး၊ လှလည်းမလှဘူး။ Daffodil နဲ့  တူမဲ့ မိန်းကလေးကို ကိုယ့်ပတ်ဝန်းကျင်မှာ ရှာကြည့်နေမိတယ်။ ကိုယ်ကိုယ်တိုင် ဘာပန်းနဲ့ တူနေမလဲလို့   စ တွေးမိပေမဲ့  ဆုံးအောင် ဆက်မတွေးချင်ဘူး။ ပန်းပွင့်ရိုင်းရိုင်းကြီးဖြစ်နေလို့    အမှန်တရားကို လက်မခံချင်တာလည်း ဖြစ်ရင်ဖြစ်မယ်။


ကော်မန့်မှာ အပြုံးပန်း ထည့်ပေးထားတဲ့ Daffodils ကဗျာလေးက ချစ်စရာကောင်းတာမို့ တစ်ခါတည်းဖတ်နိုင်အောင် တင်ပေးလိုက်ပါတယ်။

"I wandered lonely as a cloud"  
(- a poem by by William Wordsworth)


I wandered lonely as a cloud
That floats on high o'er vales and hills,
When all at once I saw a crowd,
A host, of golden daffodils;
Beside the lake, beneath the trees,
Fluttering and dancing in the breeze.


Continuous as the stars that shine
And twinkle on the milky way,
They stretched in never-ending line
Along the margin of a bay:
Ten thousand saw I at a glance,
Tossing their heads in sprightly dance.


The waves beside them danced, but they
Out-did the sparkling leaves in glee;
A poet could not be but gay,
In such a jocund company!
I gazed—and gazed—but little thought
What wealth the show to me had brought:


For oft, when on my couch I lie
In vacant or in pensive mood,
They flash upon that inward eye
Which is the bliss of solitude;
And then my heart with pleasure fills,
And dances with the daffodils. 
ပန်းကလေးတွေကို လူ့အသိုင်းအ၀ိုင်း အမျိုးမျိုးက အမည်အမျိုးမျိုး အဓိပ္မါယ်အမျိုးအမျိုးနဲ့   ခေါ်ဝေါ်သတ်မှတ်ကြပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းကတော့ ပြောင်းလဲမှာမဟုတ်ပါဘူး။  “နှင်းဆီပန်းကို ဘယ်လိုနာမည်ပေးပေး၊ မွှေးမြဲမွှေးနေမည်သာ”** ဆိုတဲ့ ဆိုရိုး စကားလေးလိုပေါ့။


မိုးစက်ပွင့်
** "What's in a name? That which we call a rose/ By all other name would smell a sweet"  [ William Shakespere, Romeo and Juliet act II  sc.ii) 

ပုံတွေကို ဒီက ယူပါတယ်။

Tuesday 1 June 2010

မြန်မာပြည်ရဲ့ အနောက်ဖျားက သူမ



ဟဲဟဲ နင်းဂျားတွေမှတ်ပြီး လန့်မသွားပါနဲ့  ..... အဲဒါက ကျမ အခုရောက်နေတဲ့ နေရာက အများစုသော ဒေသခံအမျိုးသမီးတွေပါ....။ ရိုဟင်ဂျာတွေလို့ သူတို့ကို ခေါ်တဲ့သူက ခေါ်ပါတယ်။ သူတို့ ၀တ်စားဆင်ယင်ပုံက တာလီဘန်ခေတ်က အာဖဂန်အမျိုးသမီးတွေနဲ့ ဆင်ပါတယ်။  အစွန်းရောက် မူဆလင်ဘာသာဝင်တွေပီပီ မိန်းကလေးတွေ အိမ်တွင်းပုန်းကြတာ များပါတယ်။  သူတို့ဟာ  ပညာကောင်းကောင်းသင်ခွင့်မရသလို ၁၀ နှစ် ၁၁နှစ်လောက်ကစပြီး အိမ်အပြင်ထွက်ခွင့်ကို ကန့်သတ်ခံရပါတော့တယ်။  အိမ်ထဲမှာပဲ ထမင်းချက်၊ ကလေးထိန်း၊ ငရုတ်သီးကြိတ်၊ မြေစိုက်အိမ်ဆိုရင် ကြမ်းခင်းကို ထမင်းရည်၊ ဖွဲပြာနဲ့ နယ်ပြီး အချောကိုင်တာမျိုးလုပ်နဲ့ပဲ တနေကုန်ကြရပါတယ်။ အများစုက မြန်မာစာမပြောနဲ့ မြန်မာစကားတောင် မပြောတတ်ကြပါဘူး။  မြို့ပေါ်နဲ့  ရွာကြီးတချို့က တချို့ သောပညာတတ် ငွေကြေးရှိတဲ့ လူတစ်ချို့ရဲ့ သမီးတွေ ဘာတွေကတော့ ကျောင်းနေခွင့်၊ ဘွဲ့တွေဘာတွေရပြီး အလုပ်လုပ်ခွင့် စသဖြင့် ရကြပါတယ်။  ဒါကလည်း အားလုံးနဲ့ယှဉ်ရင် ၁%ထက်တောင် နည်းပါလိမ့်မယ်။  အဲဒီလို အမျိုးသမီးတွေ အပြင်ထွက်ပြီး ပညာသင်တာ အလုပ်လုပ်တာကို  အစွန်းရောက်ဘာသာရေးခေါင်းဆောင် (မူလာ) ဆိုသူတွေက လုံးဝ သဘောမကျပါ။  ( ဟူး - အဲဒီမှာ လူအဖြစ်မမွေးခဲ့လို့ တော်သေးရဲ့။)  လွန်ခဲ့တဲ့ ဆယ်နှစ်လောက်အထိ နိုင်ငံရဲ့ တစ်နေရာမှာ သူတို့  တွေရှိနေတာကို ကျမ မသိခဲ့ပါဘူး။


သူတို့ အပြင်ထွက်တိုင်း ဘူရ်ဂါ လို့ခေါ်တဲ့ အဲဒီဝတ်ရုံနက် သို့မဟုတ် ၀တ်ရုံပြာကိုခြုံ ၊  နေရောင်ကာဖို့ထက် လူကြည့်တာကာဖို့  ထီးတစ်လက်နဲ့  အပြင်ထွက်ကြပါတယ်။  ၀တ်ရုံက မျက်နှာဖုံးပါတာလည်းရှိ၊ မပါတာလည်းရှိပါတယ်။ တချို့ဆိုရင် ခြေအိတ်တောင် စွပ်ထားကြပါတယ် (လက်အိတ်စွပ်တာတော့ မမြင်ဖူးသေးဘူး -ဟိ)။  သူတို့ အသားရောင်က ပင်ကိုယ်ညိုပေမဲ့ ဖျော့တော့နေပါတယ်။ အများစုက အနီးမီးယား (သွေးအားနည်း ရောဂါ) ရှိနေကြပါတယ်။  အိမ်ထောင်သည်အမျိုးသမီးတွေဆိုရင် တနှစ်ခြား၊ နှစ်နှစ်ခြား ကလေးမွေးကြရတာမို့    ပိုလို့   သွေးအားနည်း၊ သံဓါတ်အားနည်းတာတွေ ခံစားကြရပါတယ်။ သားဆက်ခြားတာကို နားမလည်တာရော၊ ဘာသာရေးက တားမြစ်လို့ရော၊ ဆင်းရဲသူတွေအတွက်  သားသမီးတစ်ယောက်ဟာ လုပ်အားတစ်ခု အင်အားတစ်ခု  ဖြစ်နေတာကြောင့်ရော ကလေး များများယူကြပါတယ်။ တွေ့ခဲ့ဖူးသလောက်  မိန်းမတစ်ယောက်က ပျမ်းမျှ ကလေး ၅ယောက်ကနေ ၉ယောက်လောက်အထိ မွေးကြပါတယ်။ အများဆုံးတွေ့ခဲံတာကတော့ အယောက် ၂၀ ပါ။


အောက်က ဘယ်အစွန်ပုံက နင်းဂျားမျက်နှာဖုံးစွပ်ထားလို့ အသက်မခန့်မှန်းနိုင်ပေမဲ့  ဟိုဖက်ကတစ်ယောက်ကတော့ ဆယ်ကျော်သက် ကလေးအမေလေးဆိုတာ သိသာပါတယ်။ သူတို့ဆီမှာ ၁၅ နှစ်လောက်ဆို အိမ်ထောင်ပြုတတ်ကြပါတယ်။  အခုတော့ အခြေအနေ အရပ်ရပ်ကြောင့် အိမ်ထောင်ပြုတဲ့ အသက်က ၁၆-၁၇ လောက် ဖြစ်လာနေပြီ။ ဟူး -မလွယ်ပါလား။  ဆိုင်းဘုတ်ချိတ်ထားမယ်။ (သတိ- ဗူးသီးနုနု မခူးရ ဆိုပြီးတော့)


သူတို့တွေရဲ့ ဘ၀ အသိ အမြင် နဲ့  ကျမ်းမာရေး လူမှုရေး တိုးတက်လာအောင် UN နဲ့  NGO အဖွဲ့တစ်ချို့က ကူညီ ဆောင်ရွက် ပေးနေကြတယ်။ တိုးတက်မှုကတော့ ခပ်ရေးရေး ပါဘဲ။

ဘာပဲပြောပြော ဘယ်နေရာပဲဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ပါစေ ကလေးငယ်လေးတွေရဲ့အပြုံးကတော့ အမြဲတမ်း ချစ်စဖွယ် အပြစ်ကင်းလျက်ပါဘဲ။ ကင်မရာကိုမြင်ရင် သူ့ထက်ငါ ပြေးပြီး ဓါတ်ပုံအရိုက်ခံကြတာ သူတို့အကျင့်ပါ။




အဲဒီဒေသမှာ ရခိုင်၊ မြို၊ ခမွီ၊ မရမာကြီး၊ သက် နဲ့  ဒိုင်းနက် လူမျိုးတွေလည်း ရှိပါတယ်။ အပေါ်က ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးတွေပြီးရင် ဒေသခံရခိုင်တွေက အများစုပါ။  အောက်က ပန်းရောင်ပုဝါနဲ့   မိန်းကလေးတွေကတော့ တောင်ပေါ်ကလူမျိုးစုတစ်စုပါ (ညီမလေးတစ်ယောက်က “သက်” လူမျိုး လို့ ပြောပါတယ်)

အောက်ကပြထားတဲ့ပုံကလည်း တောင်ပေါ်တိုင်းရင်းသူကလေး တချို့ပါ။ (မြို သို့မဟုတ် ဒိုင်းနက် ထင်ပါရဲ့- ဒါလည်း မိုးစက်တို့ ထုံးစံအတိုင်း မသေချာ)။ အလွန်ဝေးလံ ခေါင်ဖျားတဲ့ ရွာငယ်ကလေး တစ်ခုကပါ။ မပြည့်စုံမှုတွေနဲ့  အထီးကျန်ဆန်သလိုဖြစ်နေတဲ့ အဲဒီနေရာလေးမှာ  အဲဒီကလေးမလေးတွေကတော့ ရိုးရာဓလေ့ကို ဖက်တွယ်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့  ပျော်ရွှင်သာယာနေမှာကတော့ သေချာပါတယ်။


အဲဒီမှာ လှပသာယာတဲ့ ရေတံခွန်ကြီးတစ်ခုလည်း ရှိလေရဲ့။ အဘတို့ကတော့ လျှပ်စစ်ထုတ်မယ်လို့ ပြောတာပဲ  :-(  

ဒီလို ပန်းလှလှကလေးတွေလည်း မြင်နိုင်ပါတယ်။  အပေါ်ကစာတွေဖတ်ပြီး မောသွားခဲ့တယ်ဆိုရင် အမောပြေပေါ့။


အနီးကပ်မြင်ရတဲ့ ပန်းကလေး။


နယ်စပ်နဲ့   “နတ်မြစ်”ဆိုတဲ့မြစ်ကလေးတစ်ခုသာခြားတော့တဲ့  မြန်မာပြည်ရဲ့ အနောက်ဖျားတစ်နေရာ ဘင်္ဂလားဒေ့ရှ် နယ်စပ်က မြင်ကွင်းလေးတွေ မျှဝေလိုက်ပါတယ်။ ( ကလေးလေးတွေပုံကလွဲရင် ကျန်တာတွေက လုပ်ငန်းဖေါ်မောင်ညီမလေးတွေ ရိုက်လာတာပါ။  သူတို့ကတော့ နာမည်မရေးလို့  စိတ်မဆိုးလောက်ပါဘူး..။  ပုံတွေက ရောသွားတော့ ဘယ်သူရိုက်မှန်းလဲ မသိတော့ဘူး။  )

သူငယ်ချင်းတို့အတွက် မျှဝေခြင်းတစ်ခုရယ်သာပါ....

ချစ်ခင်စွာဖြင့်-


မိုးစက်ပွင့်