Friday 15 April 2011

ဥယျာဉ်ထဲမှ ပန်းကလေးများ

အလည်လာသူ သူငယ်ချင်းများကို မြန်မာနှစ်ကူးလက်ဆောင်အဖြစ်  ကျမရဲ့ ရုံးဥယျာဉ်ကလေးထဲက ပန်းပွင့်ကလေးတွေနဲ့ နှုတ်ဆက်ကြိုဆိုပါရစေနော်....။

ကိုးနာရီပန်းလို့ လူသိများတဲ့  တရုတ်နှင်းဆီ အဖြူနဲ့ပန်းရောင်..... မနက်ရှစ်နာရီလောက် ရိုက်ထားလို့ မပွင့်သေးဘူး ....တကယ်ကို ကိုးနာရီ တိကျပါတဲ့သူ..။
 
My all time favourite စံပယ်ဖြူ ကလေး။ မွှေးမှမွှေး။
 အရောင်အသွေးတောက်ပတဲ့ လေးကျွန်းကြာခိုင်တွေ။   Lily အုပ်စုဝင်ပေါ့။
 
စက္ကူပန်းကလေးတွေကတော့ နေပြင်းလေ အရောင်အသွေးစိုလာလေ။  အမည်က ကဗျာမဆန်၊ ရနံ့က သင်းပျံ့မမွှေးပေမဲ့ ၊ အဆင်းလှပြီး သတ္တိကောင်းတဲ့ ပန်းကလေး။ ရေသိပ်လောင်းရင် အပွင့်မပွင့်တော့ဘဲ အရွက်တွေဘဲ အုံခဲလာတတ်လို့ ၊  အခြောက်ခံထားရတယ်။
ကိုယ့်ကိုမြန်မြန်နမ်းပါ လို့ အမည်ရတဲ့ပန်းကလေး။ အရွက်ကလေးတွေက ဆေးဖက်သိပ်ဝင်ပါသတဲ့။
မြတ်နိုးခြင်းရဲ့ သင်္ကေတ နှင်းဆီဝါလေး ..။ တကယ်ဆို ဒီ့ခြံလေးထဲမှာ နှင်းဆီက အရောင်စုံရှိပေမဲ့ ပူလွန်းလို့လားမသိ..။ ဒီရာသီမှာ သိပ်မပွင့်ကြဘူး။
ပန်းလိုလို သစ်ရွက်လိုလို ရွက်ကျပင်ပေါက်နွယ်ဝင် အပင်ကလေးတွေ။
မေမြို့က မျိုးယူလာတဲ့ ပန်းကလေး။  အမည်တော့ သေချာ မပြောတတ်။ မြစ်ဝကျွန်းပေါ်တ၀ိုက် မှာတော့ ကပ်ကြေးညှပ်ပန်းလို့ ခေါ်တာ မှတ်သားခဲ့ဖူးတယ်။
 
ယဉ်စစ သစ်ခွ ပန်းကလေးတွေ။
ခရာဝါ ဆိုတဲ့ နွယ်ပင် ပန်းကလေးတွေ...။

 
ဒီအပင်ကလေးတွေ အားလုံးကို  ရုံးသူရုံးသား မောင်နှမများအားလုံး ၀ိုင်းဝန်းပြုစုကြတာပါ။  ကျမကိုယ်တိုင်က ပန်းပွင့်ကလေးတွေ မြင်ရင် ပျော်နေပြီး အလုပ်လုပ်ရတာ ပိုပြီး တက်ကြွ ရွှင်လန်း နေတတ်လို့ သူတို့ကိုလည်း စည်းရုံးပြီး အတူတကွ စိုက်ပျိုးထားကြတာပါ။   ဥယျာဉ်လေးက ၀န်ထမ်းတွေကို ပိုမို စည်းလုံး ချစ်ခင်လာစေတယ်လို့ ထင်မိတယ်။ ပန်းကလေးတွေဆိုတာ လူသားတွေရဲ့ ၀ိဥာဉ်အဖေါ်ပါ။ ကျမကတော့ စိတ်ပင်ပန်းလာရင် ဥယျာဉ်လေးထဲ တပါတ်လောက်လျှောက်ပြီး ပန်းပွင့်လေးတွေကို ကြည့်လိုက်တာပဲ....။

သူငယ်ချင်းတို့အားလုံးအတွက် ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ...။

မိုးစက်ပွင့်

Saturday 9 April 2011

မော်ဒန် မီးကန်း ပုံပြင်


သူငယ်ချင်းတို့ရေ....မော်ဒန်ပုံပြင်လေးတပုဒ် ပြောပြမယ်နော်။ ဟိုးရှေးရှေးတုန်းက  စိမ်းစိုတဲ့ တောအုပ်နဲ့မနီးမဝေးမှာ “မီးကန်း” ဆိုတဲ့ ရွာကလေးတရွာ ရှိသတဲ့။  မီးကန်း ရွာကလေးဟာ အလွန်ပျော်စရာကောင်းပြီး ရွာသားတွေဟာ အလွန် စည်းလုံး ညီညွတ် ကြပါသတဲ့။ 

မီကန်းရွာသားတွေဟာ သူတို့ ခေါင်းဆောင်ရဲ့နောက်ကို စံနစ်တကျ လိုက်ကြတယ်။
မီးကန်းခေါင်းဆောင်ကြီးကလည်း ဘာပဲလုပ်လုပ် အတူတကွ တိုင်ပင်ပြီးမှ လုပ်လေ့ရှိတယ်။ မီးကန်းတွေဟာ ဘ၀မှာ ပျော်ပျော်နေတတ်သူတွေ ဖြစ်တယ်။ တယောက်အခက်အခဲကို တယောက် အမြဲ ကူညီတတ်တယ်။


“အားလုံးရဲ့ အကြံဥာဏ်ကို ဖိတ်ခေါ်ပါတယ်”
ဒါပေမဲ့ ရွာထဲမှာ အများနဲ့မတူ ထူးခြားတဲ့ မီးကန်းထီးလေး တကောင်ရှိတယ်။  သူ့နာမည်က ဇူးဇူး တဲ့။ ဇူးဇူးလေးဟာ လူစုလူဝေး တွေကို အမြဲရှောင်လေ့ရှိပြီး တကိုယ်တည်း နေရတာကို ကြိုက်တယ်။  သူ့မျက်လုံး လေးတွေဟာ အမြဲတမ်း ၀မ်းနည်းကြကွဲမှုနဲ့ မှိုင်းမှုန်ရီဝေ နေတတ်ခဲ့တယ်။
 အကျည်းတန်လှတဲ့ အထီးကျန်မောင့်ဘဝ
  တနေ့တော့ မီးကန်းရွာလူကြီးတွေ စည်းဝေးကြတယ်။ “ကျွန်တော်တို့ရွာထဲက အားငယ်တတ်တဲ့ မီးကန်းပျိုလေး ဇူးဇူးကို ဘယ်လိုကူညီရင်ကောင်းမလဲ”  လို့ တဦးက စပြောတယ်။  “သူစားဖို့  ငှက်ပြောသီးတွေ၊ ပန်းသီးတွေ ငါတို့ အမြဲသွားပို့ပေးရင်ကော”  နောက်တဦးက အကြံပြုတယ်။  “သူ့ကို မြို့ပေါ်ကို အလည်အပတ်ခေါ်ပြီး ကာရာအိုကေဆိုင်တို့၊ စားသောက်ဆိုင်တို့ လိုက်ပို့ပေးရင်ကော” နောက်တဦးက ပြောပြန်တယ်။  “ တကယ်တော့ ဇူးဇူးလေးဟာ မိဘမဲ့ တကောင်ကြွက်လေးမို့ အားငယ်နေတာပါ။  သူလဲ အရွယ်ရောက်ပြီဆိုတော့ သင့်တော်တဲ့ မီးကန်းပျိုမလေးရှာပြီး အိမ်ထောင်ချ ပေးလိုက်တာ အကောင်းဆုံး ပါဘဲ”  လို့ နောက်တယောက်က ၀င်ပြောတော့ “ဟုတ်တယ်၊ ဟုတ်တယ်၊ စီနီယာမီးကန်း ပြောတာ သဘာဝကျတယ်” လို့ အားလုံးက ၀ိုင်းပြီး ထောက်ခံကြတယ်။  ဒါနဲ့ပဲ ရွာထဲက သင့်တော်မဲ့ သတို့သမီးကို တယောက်တပေါက် အကြံပြုကြတယ်။  နောက်ဆုံးတော့ ဇူးဇူးနဲ့ သက်တူရွယ်တူ ကြင်နာတတ်တဲ့ မီးကန်းမလေး “မူးမူး” ကို အားလုံး လက်ခံအတည်ပြုလိုက်တယ်။  “ ဒါပေမဲ့ မူးမူး ရော ဇူးဇူးကိုပါ သေသေချာချာမေးပြီးမှ စီစဉ်ပါ၊ အတင်းအကြပ်တော့ မစီစဉ်ပါနဲ့” လို့  မီးကန်း ခေါင်းဆောင်ကြီးက မှာတယ်။


နောက်တပါတ်ကျတော့ ဇူးဇူးလေးကို ရွာလူကြီးတွေက အစည်းအဝေးကိုဖိတ်လိုက်တယ်။  “လာဟေ့ ဇူးဇူး၊ ကဲ ဒေါ်မီကန်းဝါ၀ါ ဇူးဇူးကို ရှင်းပြလိုက်ပါဦး လို့  မီးကန်း ခေါင်းဆောင်က တာဝန်ပေးလိုက်တယ်။ “အဟမ်း အဟမ်း ဒီလိုကွဲ့ ဇူးဇူးရဲ့”  ဒေါ်မီကန်းဝါ၀ါက လည်ချောင်းရှင်းရင်း ဇူးဇူးကို သူတို့အစီအစဉ်ကို ရှင်းပြတယ်။   
 “အနှစ်ချူပ်ရရင်တော့ ကန့်ကွက်မဲ့သူလည်းမရှိပါဘူး၊ မူးမူးကလည်း ငြင်းစရာမရှိပါဘူးတဲ့..”။
“ဖြစ်...ဖြစ်ပါ့မလားခင်မျာ၊ ကျွန်တော်က လူတောတိုးတာမဟုတ်တော့ .....”
“သြော်၊ ပူမနေပါနဲ့ ဇူးဇူးရယ်၊ မင်းဒါမှ ပြောင်းလဲတိုးတက်လာမှာကွ၊ မူးမူးကလည်း တကယ်တော်တဲ့ကလေးနော်”.....ရပ်မိရပ်ဖ  ဦးမီးကန်းထိပ်ပြောင်က ၀င်ပြောသည်။
“ဟုတ်ကဲ့၊ ဒါဆိုလည်း သင့်တော်သလို စီမံပေးပါခင်ဗျာ”
“ဒါမှပေါ့ကွဲ့
ဒါနဲ့ပဲ ဇူးဇူးနဲ့ မူးမူးရဲ့ မင်္ဂလာဆောင်ကို ခြိမ့်ခြိမ့်သဲ ကျင်းပ ပေးလိုက်ကြတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို တရွာလုံးက မီးကန်းပျိုအို တွေ ၀ိုင်းပြီး ချီးကျူးထောပနာ ပြုခဲ့ကြသတဲ့။
“တောက်-ပန်းအိုးကြီးက ကြားကရှုပ်လိုက်တာ”

မူးမူးလေးဟာ အားငယ်တတ်တဲ့ ဇူးဇူးအပေါ် မိခင်နဲ့မခြား စောင့်ရှောက် ကြင်နာတတ်ခဲ့တယ်။ ဇူးဇူးကလည်း နောက်တော့ မူးမူးအပေါ် တုံ့ပြန်ကြင်နာတတ်လာတယ်။  သူကိုယ်တိုင်လည်း သွက်လက် ဖြတ်လတ်တဲ့ ၊ ရပ်ရေးရွာရေးမှာ တက်တက်ကြွကြွ ရှိတဲ့ မီးကန်းလူငယ်လေးဖြစ်လာတယ်။

ဒါပေမဲ့ .... ဒါပေမဲ့ လို့ ပြောရမှာပဲ။  တနေ့တော့ ဇူးဇူးအိမ်အပြန်မှာ မူးမူးကို  သူပြန်လာတာတောင် သတိမထားမိဘဲ ဧည့်ခန်းထဲမှာ တယောက်တည်း တကုန်းကုန်းနဲ့ အလုပ်ရှုပ်နေတာ မြင်လိုက်ရတယ်။ 
“မူးရေ ဘာတွေများ အလုပ်ရှုပ်နေတာတုန်းကွ”   
“သြော် --- နိုင်ငံခြားက မူးမူးရဲ့အမ ပို့လိုက်တာလေ၊ ကွန်ပြူတာ တဲ့၊ အံမယ် သူနဲ့ စာတွေလည်း ရေးလို့ရသတော့၊  ရုပ်ကြည့်ပြီး စကားတွေလည်း ပြောလို့ရသတော့၊  မန်းကီးရွာရဲ့ သတင်း၊ ဟိုဖက်ရွာရဲ့သတင်း အကုန်ဖတ်လို့ရသတော့၊ ကောင်းလိုက်တာ ကိုဇူးရယ်၊ လာကြည့်ပါဦး”  
“ကောင်းတာ အသာထားလိုက်ပါဦး ရှင်မရယ်၊ ကျူပ်အခု ဗိုက်ဆာလာတယ်၊ ဘာဟင်းတွေများ ချက်ထားသလဲ”  
“ဟင်- အင်တာနက်ကောင်းနေတာနဲ့  ပြောမှ သတိရတော့တယ် ကိုဇူးရယ်၊ အခုလည်း ချက်တင်ဝင်ရင်းတန်းလန်းမို့  ရှင်ဘဲ ချက်လိုက်ပါတော့နော်”  
“အေးပါ အေးပါ”

တလ နှစ်လလောက်ကြာတဲ့အခါ ဇူးဇူးရဲ့ သည်းခံနိုင်စွမ်းတွေ လျော့ပါးလာတယ်။ မူးမူးက သူ့ကို ဂရုမစိုက်တော့သလို ခံစားလာရတယ်။  အထူးသဖြင့် မူးမူးက ဘလော့တွေကို ထမင်းမေ့ဟင်းမေ့ ဖတ်နေတဲ့အခါမှာပေါ့။  တယောက်တည်း ရီတဲ့အခါရီ၊ ပြုံးတဲ့အခါပြုံး၊ မဲ့တဲ့အခါမဲ့နဲ့  သူမရဲ့ သီးသန့်ကမ္ဘာထဲကို ရောက်နေသလား ထင်ရတယ်။ ဒါနဲ့ဘဲ မီးကန်းလေးဇူးဇူး ပေါက်ကွဲပါတော့တယ်။
“ဒီမှာ မူးမူး၊ မင်းစိတ်ကြိုက် နေချင်တယ်ဆိုရင်တော့ ငါတို့ ခွဲနေလိုက်တာ အကောင်းဆုံးပဲ”
“ရတယ်လေ အေးဆေးဘဲ၊ စိန်လိုက်ပေါ့”  
ဒါနဲ့ပဲ သူတို့နှစ်ယောက် ညောင်ညိုပင်အောက်မှာ စိတ်တူ သဘောတူ လမ်းခွဲလိုက်ကြတယ်။
ကတ္တီပါလမ်းခွဲပေါ့ အချစ်ရယ်
မူးမူးနဲ့ ခွဲခွာပြီးမှ ဇူးဇူး နေရတာ ဘယ်လိုမှ မပျော်တော့ပါ။  နေ့နေ့ညည မူးမူးကိုသတိရပြီး စိတ်ညစ်ညစ်နဲ့ အရက်တွေ မူးအောင် သောက်လို့သာ နေတော့တယ်။  သူ့မျက်လုံးတွေဟာ အရက်တန်ခိုးကြောင့် ရီဝေနေတော့ အိမ်ပေါ်ကို မူးမူး တက်လာသလိုလို၊ မီးဖိုချောင်ထဲပဲ ၀င်သွားသလိုလို၊ အခန်းထောင့်ကဘဲ ပြုံးပြနေသလိုလို မြင်ယောင်နေတတ်တယ်။  ရက်သတ္တပတ်အနည်းငယ်ကြာလာတော့ သူစဉ်းစားကြည့်တယ်။  “မူးမူးဟာ သူ စိတ်ဝင်စားတဲ့အရာကို သူ တစိုက်မတ်မတ် လုပ်နေတာ ငါမတားသင့်ဘူး၊ သူဟာ အိမ်ထောင်ရေး ဖောက်ပြန်နေတာလဲမဟုတ်ဘူး၊ ငွေတွေ မတရားသုံးဖြုန်း နေတာလဲမဟုတ်ဘူး၊  ငါ အိမ်မှာမရှိတဲ့အချိန် သူလည်း ပျင်းရှာမှာဘဲ၊ ငါက သဘောထား ကြီးကြီးနဲ့ခွင့်လွှတ်ရင် တနေ့ ငါ့ကို နားလည်ပြီး ပြောင်းလဲလာမှာဘဲ” အဲဒီလို တွေးမိလာတယ်။
အသည်းကို အရက်နဲ့စိမ်မယ်

နောက်တော့ သူ ဆုံးဖြတ်ချက်တခုကို ချလိုက်ပြီး မူးမူး ရှေ့ကိုအရောက်သွားပြီး တောင်းပန်လိုက်တယ်။  “မင်းဝါသနာကို ကိုယ်မတားတော့ပါဘူး မူးမူးရယ်၊  တို့တွေ ငြိမ်းငြိမ်းချမ်းချမ်း အတူပြန်နေရအောင်”။ တကယ်တော့ မူးမူးဖက်ကလည်း တွေးမိပြီးသားပါ  “ငါ သိပ်လွန်ခဲ့တယ်၊  တကယ်ဆို ကိုဇူးကိုလည်း အချိန်တချို့ပေးပြီး ဂရုစိုက်သင့်တယ်။ သူသာ ပြန်လာလို့ကတော့ မဆိုင်းမတွ လက်ခံပြီး အရင်က အချိုးတွေကို ပြင်မယ်” လို့လေ .....

အပြစ်ရှိသမျှ ကျေနပ်တော့ ချစ်သူရယ်

ကဲ အခုဆို မူးမူးနဲ့ ဇူးဇူးလေး ပြန်ပြီး အဆင်ပြေသွားကြပါပြီ။ မူးမူးလေးကလည်း ခွဲခွာရတဲ့အချိန်တွေမှာ သူဘယ်လောက် လွမ်းခဲ့ရတယ်ဆိုတာတွေ ပြောပြနေတယ်။  ဇူးဇူးကလည်း ကြင်နာစွာ နဖူးလေးနမ်းလို့...။

”မျောက်အုန်းသီးရ“ ဆိုတဲ့ စကားပုံကတော့ ငယ်ငယ်တည်းက ကြားဖူးခဲ့ပါတယ်။ အခု ပို့စ်မှာတော့ အုန်းသီးပိုက်ထားတဲ့ မျောက်များရဲ့ ပိုင်ရှင် ကျမ မိုးစက်ပွင့်က အုန်းသီးကိုထုဆစ်ထားတဲ့ မျောက်ကလေး ဆယ်ကောင်ကို ဇာတ်လမ်းဆင် ဓါတ်ပုံရိုက်ယူပြီး အနုပညာမကျတကျ ဖန်တီးထားတာပါ။   (မှတ်ချက်........ မီးကန်း = မန်းကီး)

Friday 8 April 2011

တက္ကစီသမားများနှင့် စကားစမြည်

" မြို့ထဲလမ်းမပေါ်  xxx ကားရောင်စုံများစွာ xxxx တစီးမှကိုယ်ပိုင်မပါ xxxxx" ဆိုတဲ့ ကိုဇော်ဝင်းရှိန်ရဲ့ “ပိုင်ရှင်“ သီချင်းချိုချိုလေး တပိုင်းတစ လိုပါဘဲ။  ကျမမှာ ကိုယ်ပိုင်ကားမရှိပါ။ ဒါပေမဲ့ စိတ်မပျက်ပါဘူး။  ကိုယ်ပိုင်ကားမရှိခြင်းရဲ့ အားသာချက် တွေထဲက  ဒရိုင်ဘာအတွက်ခေါင်းခြောက်စရာမလိုခြင်း၊ ကားပါကင် ရှာစရာမလိုခြင်း၊ သူများ ကား ကိုယ့်ကားကို လာတိုက်မှာ ပူမနေရခြင်း၊ ဓါတ်ဆီတန်းစီရလို့ အိပ်ရေးပျက်ခြင်း တွေအပြင် ပြသနာပေါင်း သောင်း ခြောက်ထောင် လျော့တယ်လို့ ယူဆပါတယ် ။  (မစားရတဲ့ စပျစ်သီးချဉ်သလိုပေါ့)။  ကျမ ပြောလေ့ ရှိတာက “အို- ကားမရှိတော့ ပိုတောင်ကောင်းသေး၊ လမ်းမပေါ် တက်လိုက်တာနဲ့ တက္ကစီ အ၀ါရောင် အတုံးလေးတွေ တင်ထားတဲ့ကားဆို ကိုယ့်ကားချည်းဘဲ၊ စီးချင်တဲ့အချိန် လက်တားစီးလို့ရတယ်“  ဆိုတာမျိုးပေါ့။ တကယ်ပါ။ တက္ကစီစီးရတာကို ကျမ နှစ်သက်ပါသည်။

တက္ကစီ စီးရတာများ ဘာကြိုက်တာတုန်းလို့ နှာခေါင်းရှုံ့မယ်ဆိုရင် ကျမမှာ အကြောင်းပြချက်တွေ ရှိပါတယ်။  ကျမက တပါတ်မှာ ၇ရက်နီးနီးလောက် ရုံးတက်ဖြစ်နေတာမို့ တခါတရံ ပြင်ပလောကကြီးနဲ့ အဆက်အသွယ်ပြတ်နေသလိုဖြစ်နေတော့ တက္ကစီစီးရင်းနဲ့ လူတွေရဲ့အကြောင်း လူတွေရဲ့ ခံစားချက်တွေကို  အင်တာဗျူးလေ့ရှိပါတယ်။  နာရီဝက် တနာရီလောက် ကိုယ်မသိဘူး မမြင်ဘူးတဲ့ လူတယောက်ရဲ့ အတွင်း အစ္ဖျတ္တကို လေ့လာတီးခေါက်ခွင့်ရတဲ့ ကိစ္စမျိုးက ကျမအတွက် စိတ်ဝင်စားစရာ ဖြစ်လို့နေသည်။

ကျမ တက္ကစီစီးရင် တတ်နိုင်သမျှ နောက်ခန်းကဘဲ စီးလေ့ရှိပါတယ်။ ဒါကလည်း သူငယ်ချင်းလေး တယောက်ရဲ့ အကြံပေးချက်အရ ပိုပြီး လုံခြုံတယ်လို့ ကြားဖူးလို့ပါ။  ကိုယ်က နောက်ကလူဆိုတော့  သူတခုခု လှုပ်ရှားရင် ကိုယ်ကအသာစီးက ရှိနေမယ်တဲ့။  မှတ်စုစာအုပ်ထဲမှာ ကိုယ်စီးတဲ့ တက္ကစီနံပါတ်ကို အမြဲရေးမှတ်ထားဖို့ တယောက်က အကြံပေးဖူးပါတယ်။  တော်တော်ကောင်းတဲ့အကြံပေမဲ့ စာအုပ်တွေ ဘောပင်တွေ ထုတ်ရမှာပျင်းတာနဲ့ များအားဖြင့် အားဖြင့် မလိုက်နာမိပါ။ ဖုန်းတွေထဲမှာ အဲလိုမှတ်လို့ရတဲ့ ဆော့ဖ်ဝဲရှိရင် ကောင်းမှာပဲ။ ပြည်ပက တချို့ဟိုတယ် bellboy များကတော့ လေဆိပ်ဆင်းတဲ့အခါ ကိုယ်စီးသွားတဲ့ တက္ကစီနံပါတ်ကို ရေးမှတ်ပြီး ခရီးသည် လက်ထဲထည့်ပေးခြင်းဖြင့် ၀န်ဆောင်မှု ပေးတတ်ကြပါတယ်။ 

တလောက ဂျာနယ်ထဲမှာ ကားထဲကတီဗွီအသေးစားလေးမှာ မတော်တရော် နိုင်ငံခြားကားတွေ ဖွင့်ကြည့်ပြီး ခရီးသည်မိန်းကလေးကို ညစ်ညမ်းတဲ့ စကားပြောတဲ့ တက္ကစီသမားတွေအကြောင်း ဖတ်လိုက်ရသည်။  အင်း တက္ကစီ အစီးရေ သိန်းကျော် နေတာမို့ ဒီလို စုန်းပြုးတွေ၊ ဒီလိုအဖြစ်မျိုးတွေ ရှိမှာပါဘဲ။  တက္ကစီသမားက ခရီးသည်ကို အန္တရာယ်ပြုတာ၊ ခရီးသည်က တက္ကစီသမားကို အန္တရာယ်ပြုတာ စတဲ့ အဖြစ်အပျက်မျိုး ဆန်ဆန်တွေလည်း ကြားဖူးပါရဲ့။ ဒါပေမဲ့ ကျမ ကြုံဖူးသလောက်ကို အခြေခံပြောရရင် ရန်ကုန်က တက္ကစီဒရိုင်ဘာ တော်တော်များများဟာ ပညာတတ်သူ၊ ရည်မွန်သူ၊ ဗဟုသုတကြွယ်သူ၊ ဘ၀နာသူ စသဖြင့် ရေခံမြေခံကောင်းသူတွေ ဖြစ်နေတတ် ပါတယ်။

တက္ကစီကားစီးတဲ့အခါ အဓိကကတော့  common sense ကိုပဲ သုံးပါတယ်။ ကားပေါ်ရောက်ပြီး ငါးမိနစ်အတွင်းမှာ၊ စကားနှစ်ခွန်းသုံးခွန်း ပြောအပြီးမှာ သူ့စိတ်ဓါတ်  ၈၀%လောက်ကို ခန့်မှန်းလို့ရနေပါပြီ။ သူဟာ စိတ်တိုပြီး အလျင်စလို မောင်းတတ်သူလား၊ သတိရှိပြီး အေးဆေးတည်ငြိမ်သူလား၊ ပေါက်ပေါက်ဖောက်သလို တရစပ် စကားပြောတော့မဲ့ သူလား၊  မထုံတက်တေး လူစားမျိုးလား ဆိုတာကိုပါ။  ပုဂ္ဂိုလ်ရေးဆန်ဆန် စပ်စုတတ်တွေ ဆိုလာရင်တော့ စကားနည်းနိုင်သမျှနည်းအောင်ပြောပြီး ကိုယ်ကိုယ်တိုင် ရေငုံနှုတ်ပိတ်နေရတဲ့ အခါမျိုးတွေလည်း ရှိတတ်ပါတယ်။  နှစ်သက်စရာကောင်းတဲ့ စိတ်ဓါတ်မျိုးရှိသူ၊ ဖေါ်ရွေပြီး ဗဟုသုတရှိသူလို့ ထင်ရင်တော့ စကား သေသေချာချာ ပြောပါတယ်။ ဒီရက်ထဲမှာ မိုးရွာသေးလား (နယ်ကပြန် လာတဲ့အခါ)၊ ဓါတ်ဆီဈေး ဘယ်လောက်ဖြစ်နေပြီလဲ ၊ ကားမောင်းရတာ အဆင်ပြေရဲ့လား   စသဖြင့်  ပြောရင်းနဲ့ လူမှုရေး၊ စီးပွားရေး၊ တိုင်းရေးပြည်ရေးမှသည် ဘောလုံး အားကစားတွေအထိ ရောက်သွားတတ်ပါတယ်။ တခါတလေလဲ သူတို့ကစပြီး မီးပွိုင့်အကြောင်း၊ လူကူးမျဉ်းကြားအကြောင်း ပြောရင်းနဲ့ အကြောင်းအရာ တဆုံးတစ ကျယ်ပြန့်သွားတတ်ပါတယ်။  ခုမှတွေ့တဲ့သူတယောက်ကို ပြောသမျှ အစစ မျက်စေ့မှိတ် ယုံလို့တော့ မရဘူးပေါ့။  စကားတွေထဲမှာ မှားတာလဲပါမယ်၊ ကြွားတာလဲပါမယ်၊ မှန်တာလဲပါမယ်၊ ဖန်တာလဲပါမယ်၊ တကယ့် ဗဟုသုတ မြင်ကွင်းကျယ်ပါဘဲ။

မှတ်မိတာလေးတချို့ ပြန်ပြောပြပါဦးမယ်။
(၁)  အသက်ခြောက်ဆယ်ခန့် ဦးလေးကြီး။ ညိုညို၀၀ ထောင်ထောင်မောင်းမောင်း။  အမည်မသိ (မေးလေ့လည်းမရှိ)။ ပြောရင်းနဲ့သိလာတာက သူက မာဒေးကားလက်ရွေးစင်။ လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က အင်ဒိုနီးရှားကို သွားကစားခဲ့သူတဲ့။  ပြိုင်ပွဲကအပြန် အဖွဲတဖွဲ့က(ကျမ မမှတ်မိ) လေယာဉ်ပေါ်မှာ ရွှေနှစ်ကျပ်သား တစ်တုံးစီ ဂုဏ်ပြုဆုချခံရတော့ ပျော်မဆုံး ပါတဲ့။ အဲဒါကို အဖွဲ့ဦးဆောင်သူ တာဝန်ရှိသူက အသင်းနှင့်ဆိုင်သည်၊ နိုင်ငံတော်ပိုင်သည်ဆိုပြီး သိမ်းသွားလိုက်တော့ ဆို့နင့်ကြေကွဲ ခဲ့ရတာကို ပြန်ပြောပြခဲ့သည်။ အူမ မတောင့်တဲ့အတွက် ချစ်သောအားကစားကို ဆက်ပြီး မလုပ်နိုင်ခဲ့တော့ပါ။  အခုတော့ တက္ကစီမောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေခဲ့ပါတယ် တဲ့။
(၂) အသက်လေးဆယ့်ငါး ၀န်းကျင် တက္ကစီဆရာ။  ပျော်တတ်ပုံရတယ်။ သူ့မိသားစု အကြောင်းပြောပြတယ်။  သမီးကလေးက ဆယ်တန်း။  အိမ်မှာ သားသမီးလိုမွေးထားတဲ့  ကြောင်ကလေး တကောင် ရှိပါသတဲ့။ ကြောင်ကလေးနဲ့ သူတို့မိသားစုကြားက သံယောဇဉ်တွေအကြောင်း နားထောင်ရပြန်တယ်။ ဆွတ်ပျံ့ဖွယ် ဇာတ်လမ်းကလေး တပုဒ်ပါဘဲ။
(၃)  အသက် အစိတ်ခန့်လူငယ်ကလေး။ အိမ်က ဇနီးသည်က လမ်းဘေးအသုပ်စားပြီး အူလမ်းကြောင်းရောဂါနဲ့ အရေးပေါ် ပုဂ္ဂလိက ဆေးခန်းတင်လိုက်ရသတဲ့။  ကြီးမားလှတဲ့ ကုန်ကျစရိတ်နဲ့ ညံ့ဖျင်းလှတဲ့ ၀န်ဆောင်မှုအကြောင်း လေ့လာခဲ့ရပြန်သည်။
(၄)   လွန်ခဲ့တဲ့ သုံးနှစ်က တနင်္သာရီဒေသက ဆီအုန်းစိုက်ခင်းမှာ အလုပ်သွားလုပ်ရင်း အကြီးအကျယ်ဖျားရာကနေ သေကံမရောက် သက်မပျောက် ပြန်လာခဲ့တဲ့ လူတစ်ဦး။ ခုတော့ တက္ကစီမောင်းနေတယ်။  ကျမ်းမာရေးဆရာမက ရောဂါအမည်တပ်မှားပြီး ဆေးမှားထိုးလို့ သေလုမြောပါးခံလိုက်ရတဲ့အကြောင်းတွေ ပြောပြတယ်။  ဦးနှောက်တောင် နည်းနည်း ထိသွားပါသတဲ့။ “တခါတခါ ကိုယ်မောင်းမဲ့ လမ်းကြောင်းတွေကို ဗြုန်းကနဲ စဉ်းစားလို့ မရဘူး ၊ မေ့မေ့နေတာလို့ ပြောပြတယ်။  “အခုတော်တော် ကောင်းလာပါပြီ”  လမ်းပျောက်မှာ စိတ်ပူနေတဲ့ ကျမကို အားပေးခဲ့တယ်။

ဇာတ်လမ်းတွေအစုံစုံ၊ လူတွေ အစုံစုံ။  ပျော်စရာ၊ မောစရာ၊ လွမ်းစရာတွေမှ စုံလို့။ ၀တ္တုရေးသူ သူငယ်ချင်းသာ ရှိခဲ့ရင် တနေကုန် တက္ကစီစီးပြီး ကုန်ကြမ်းရှာဖို့ အကြံပေးမိလိမ့်မယ်။

 ပြည်ပ တက္ကစီဆရာတိုင်း ကျမကို တသံတည်း မေးလေ့ရှိတာက “ဘယ်နိုင်ငံကလဲ” တဲ့။  တချို့ကျတော့ သူတို့ဖာသာ ခန့်မှန်းလိုက်တယ်။ အင်ဒိုနီးရှားကလား၊ ဖိလစ်ပိုင်ကလား၊ ထိုင်ဝမ်ကလား တဲ့ ( နှာခေါင်းပြားလို့ ထင်ပါရဲ့ အိန္ဒိယကလားလို့တော့ တခါမှ အမေးမခံရဖူးဘူး :D  ကျမက “မြန်မာ” လို့ အမြဲဖြေမိတယ်။ အိမ်နီးချင်း နိုင်ငံကလူတွေက လွဲလို့  မသိတဲ့သူ များပါတယ်။ အဲဒါနဲ့  အိန္ဒိယနဲ့ တရုတ်ကြားက လို့ ပြောတဲ့အခါပြော၊ ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းပါလို့ ဆိုတဲ့အခါဆို၊ အဲဒီတော့မှ ယောင်တောင်တောင်နဲ့ ခေါင်းငြိမ့်ကြလေရဲ့။ တချို့ကတော့ ခေါင်းမာမာနဲ့  “You Philippine” “You Philippine” လို့ ဆက်ပြောနေလို့ ဒေါသ ထွက်မိပါရဲ့။ အထူးသဖြင့် စင်္ကာပူမှာ တက္ကစီဆရာက Philipino လားလို့ မေးလိုက်တိုင်း တီကောင်ဆားနဲ့တို့သလို တွန့်ကနဲ ဖြစ်သွားပြီး မြန်မြန် ဖြေရှင်းချက်ထုတ်မိပါတယ်။ ဘာကြောင့်လဲ သိတယ်ဟုတ်။

 ကျမကတော့ (တနေ့ ကိုယ်ပိုင်ကား ရှိလာမယ် ဆိုရင်တောင်) တက္ကစီလေးတွေကို ကြုံရင်ကြုံသလို စီးရင်း  Snapshot Interview လေးတွေ နှစ်သက်စွာ ဆက်လုပ်မိနေဦးမှာပါ။

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

မိုးစက်ပွင့်

Thursday 7 April 2011

ဘန်ကောက် နဲ့ တိုတိုထွာထွာ

လေယာဉ်အင်ဂျင်သံ တဝေါဝေါနဲ့  ငြိမ့်ကနဲရှေ့ကိုပြေးထွက်သွားတဲ့ ခံစားမှု၊ နောက်ပြီးသိမ့်ကနဲ လေထဲကို ကြွတက်သွားတော့မှဘဲ ဒီခရီးကိုသွားဖြစ်ပါလား ဆိုတဲ့အသိနဲ့ ဟင်းချနိုင်တော့တယ်။ တကယ်တော့ လွန်ခဲ့တဲ့ နာရီပိုင်းအထိ စိတ်မောပင်ပန်းနေရတုန်း။  စိတ်တွေက လွန်ခဲ့တဲ့ နှစ်ပါတ်အလိုကို ပြန်ရောက် သွားတယ်။  ဒီခရီးထွက်ရမယ်ဆိုတာ ကိုယ်သိရချိန်မှာ  အရမ်းနီးကပ်နေခဲ့ပြီ။  မေ့မေ့ လျော့လျော့ ပစ်ထားမိတဲ့ ပတ်စ်ပို့လေးက သက်တမ်းမမီ့တမီ။  အပြေးအလွှား စီစဉ်ရတာ မောလွန်းသည်။  နောက်ဆုံး D-form က အချိန်မီမထွက်လို့ လေဆိပ်မှာ မျက်နှာငယ်ရပြန်သည်။  သည်းခံ၊ သည်းခံ။

ခရမ်းရောင်၊ပန်းရောင်၊ ရွှေဝါရောင်ဝတ်စုံနဲ့  TG လေယာဉ်မယ်လေးတွေကိုမြင်တော့မှ အမောပြေ တော့သည်။ ကိုယ့်ကိုယ်ကိုယ် အားနည်းနေတယ်ထင်လို့ ၀ိုင်မသောက်တော့ဘူး။ လိမ္မော်ရည်ပဲ လည်ချောင်းထဲကို အေးကနဲဆင်းသွားအောင် မော့ချလိုက်သည်။   ဒီခရီးက တနာရီတောင်မရှိတာဘဲ။  ဘေးနားက အင်္ဂလန်သွားမဲ့ သင်္ဘောသား အသက်ငယ်ငယ် ကောင်လေးက စကားခပ်များများ။ သူက ဘန်ကောက်ကို တခါမှမရောက်ဖူးဘူးတဲ့။ “ဘန်ကောက်သူတွေ ချောလားအစ်မ ” တဲ့။ လာစပ်စုနေသေးတယ်။  “ဘယ်လိုပြောရမလဲ၊ အစုံရောရာပေါ့၊ သူတို့ကတော့ ပိုစီးပွားရေးကောင်း၊ ပိုခေတ်မီတော့  တို့မြန်မာမတွေထက် အလှပိုပြင်နိုင်တာပေါ့”  ပြောမိပြောရာ ပြောလိုက်တယ်။

ခဏနေတော့ လေယာဉ်မောင်က ခရီးသည် အမျိုးသမီးတိုင်းကို ခရမ်းရောင်သစ်ခွပန်းလေးတွေ  တစ်ခက်စီ လာပေးတယ်။  ရနံ့မမွှေးပေမဲ့ အဆင်းလှတဲ့ ပန်းကလေး။

ဝါသနာအရ လေယာဉ်ခုံနောက်အိတ်ထဲက dutyfree ကက်တလောက်ကို ဆွဲယူဖတ်တယ်။ 

Wednesday 6 April 2011

မျှဝေခြင်း အနုပညာ


မြန်မာတွေ မျှဝေခြင်းနဲ့ မစိမ်းပါ။
“အားလုံးကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်”
 ”နောင်ဝေေ၀ဝေေ၀ဝေ.........”
ဘုရားရှိခိုးပြီးတိုင်း၊ အလှုဒါနပြုပြီးတိုင်း ၇ရက်သားသမီးကို ဝေသည် မျှသည်။ နတ်လူသာဓုခေါ်ဖို့ရာ ကုသိုလ်ပွားသည်။ အားရစရာကောင်းလှပါဘိတောင်း။ 
သို့သော် ..... သို့သော်....သို့သော်

ဈေးထဲမှာ ဟင်းရွက်တစည်းငါးဆယ်ဆိုရင် သုံးစည်းနှစ်ရာနှင့် ဆစ်ချင်သည်။ ဈေးဆစ်သူက ရွှေလက်ကောက်ပြူးပြူးနှင့်၊ ဈေးသည်ပုံပန်းက နွမ်းနွမ်းဖတ်ဖတ်။  မရှိဆင်းရဲသူကို အနည်းအကျဉ်း ပေးမြတ် လိုက်ပါတော့လား။ နောက်တခါ သူဌေးအိမ်တွေ ၀င်ထွက်သွားလာဖူးသည်။  တချို့ အလွန်စံနစ်ကျသည်လို့ ပြောရပါမည်။ ထမင်းခြောက်ကလေးတွေ နေပူလှန်း၊ ထမင်းရေထဲက ထမင်းလုံးကလေးတွေ စစ်ခံလို့။  ဒါကို ချွေတာရေးရှုဒေါင့်၊ သာလွန်မင်းတရားကြီး ရှုဒေါင့်ကနေ ချီးကျူးမိပါသည်။ သို့သော် သူများလာကန်တော့တဲ့ ငါးခြောက်ပြားကို မှိုတက်မှ လွှင့်ပစ်ကာ ဆီပုံးတွေကို ဆီချေးနံ့နံခါမှ သွန်ပစ်တာမျိုးကတော့ ဘ၀င်မကျချင်တော့။  ကိုယ့်အိမ်က ဒရိုင်ဘာ၊ ညစောင့်၊ အိမ်ဖေါ် တွေ အရှိသားပေပဲ။ ပေးကမ်းကျွေးမွေးလို့ ရပါလျက်နဲ့  အပုပ်ခံ အသိုးခံရလေသလား။

တခါက အလုပ်အတူလုပ်ပြီး တအိမ်တည်းနေတဲ့သူငယ်ချင်းမကလေးက ပြောဖူးသည်။   “လူတိုင်းဟာ မျှဝေတတ်တဲ့ စိတ်ကလေး မွေးသင့်တယ်” တဲ့။ သူပြောတာ ရိုးရိုးလေးပေမဲ့ ကျမစိတ်ထဲမှာ လင်းကနဲလက်ကနဲ၊ နောင်လည်း အမြဲ သတိရနေတော့သည်။  ကျမတို့ တကယ်ပဲ မျှဝေတတ်ရဲ့လား။


Monday 4 April 2011

မိုးစက်ဝိုင်

မိုးရေဆိုတာ သန့်သန့်ရှင်းရှင်း
အရောင် အနံ့ အရသာ ကင်းသတဲ့......

ဟော....ကြည့်ပါ့
ခံစားချက် ကောင်းကင်ပြာကြီးကနေ မွေးဖွား
သမုဒယ  မိုးသားပြာတွေကနေ ငွေ့ရည်ဖွဲ့
တအိအိ လျှံကျလာတဲ့
ရင်ခုန်သံ အပြာရောင် မိုးရေစက်များ.....

အရောင်အနံ့အရသာမကင်းလို့
မသန့်ရှင်းဘူးဘဲဆိုဆို
ချစ်ခြင်းတို့ ပျော်ဝင်နေခဲ့......

သူ့လက်ထဲက
အနီရောင်စပျစ်ဖျော်ရည်ခွက်ထဲ ဖိတ်ကျပျော်ဝင်ခဲ့တဲ့
အပြာရောင်မိုးရေစက် တွေကြောင့်
ခရမ်းရောင် အချစ်ဖျော်ရည်တခွက် ဖြစ်သွားခဲ့လေသလား ......

Sunday 3 April 2011

အ၀ိုင်းတွေနဲ့မြို့၊ အ၀ိုင်းတွေရဲ့မြို့


ဒီပို့စ်ကို ”မြို့တော်ဟောင်းမှသည် မြို့တော်သစ်ဆီသို့”  လို့ အမည်ပေးရင်ကောင်းမလားလို့ တွေးမိပါသေးတယ်။  သိပ်ကြီးကျယ်ရာကျနေမှာစိုးလို့ ပြင်လိုက်ပါတယ်။  ကားခ ၆၀၀၀၊ မောင်းချိန် လေးနာရီကျော် ကြာပါတယ်။
လမ်းက ဖြောင့်ဖြောင့်စင်းစင်း၊ ကျယ်ကျယ်ဝန်းဝန်း။ ဒါပေမဲ့ ကွန်ကရစ်နဲ့ ကားဘီးရဲ့ ထိပွတ်မှုက ကတ္တရာလောက် မညက်ညောလှ။ လမ်းဘေးဝဲယာမှာ ကြည့်စရာ ဘာမှမည်မည်ရရမရှိ။ express way ပေကိုး။

ကိုယ်တို့တည်းခဲ့တဲ့ ၀န်ထမ်းအိမ်ယာ.


နောက်တနေ့ ဟိုဟိုဒီဒီ သွားတယ်။ သူရယ် ကိုယ်ရယ် ဆိုင်ကယ်အစုတ်ကလေး တစီးရယ်နဲ့ ပေါ့။

Saturday 2 April 2011

A Journey to the West

မတ်လ တလလုံး ခြေထောက်မှာ ဗွေပေါက်လေသမျှ ဌာနေကို ပြန်ရောက်ခဲ့ပါပြီ။
ခရီးစဉ်သုံးခုအနက် ရခိုင်ခရီးစဉ်ကို သူငယ်ချင်းတို့ကို အရင်ဆုံး မျှဝေချင်ပါတယ်။

ဒီခရီးမှာ မှတ်မှတ်ရရ ပြောပြချင်တဲ့အကြောင်း က Air Mandalay က MAI ကို စတစ်ကာကပ်ပြီး ပျံသန်းနေတဲ့အကြောင်းပါ။  သူတို့လေယာဉ်က ပြင်ဆင်နေလို့ပါတဲ့။  နားလည်ပေးသင့်တယ်ပဲပြောပြော စိတ်ထဲမှာတော့ ခိုးလိုးခုလုကြီးပေါ့။  စစ်တွေလေဆိပ်ရောက်တော့လည်း baggage တွေက  နာရီဝက်မက လေးဆဲ့ငါးမိနစ်လောက်နီးနီး အကြာကြီးစောင့်ရလို့ စိတ်မကြည်။  တွေးမိပါတယ်.... ကိုယ်ကပဲ သိပ်ပြီး demanding ဖြစ်နေလေသလားလို့ ....။

စစ်တွေမြို့လည်က “ကစ္ဆပနဒီ“ ဆိုတဲ့ အမည်လှလှနဲ့   ထမင်းဆိုင်ကလေးမှာ နေ့လည်စာစားကြတယ်။  မှတ်မှတ်ရရ စားကောင်းခဲ့တာကတော့ ငရုပ်သီးစိမ်း နိုင်းချင်းနဲ့ ပြည်ကြီးငါးရခိုင်သုပ် စပ်စပ်ကလေး။  ဓါတ်ပုံတွေ ရိုက်မထားခဲ့ဘူး။  သူစိမ်းတွေ ၀ိုင်းထဲမှာ ရှိနေတော့ ရှက်လို့ပါ။

စစ်တွေ ဘူးသီးတောင် အမြန်ယာဉ် စပိဘုတ်လေးပေါ်တက်လိုက်မှ ပျော်သွားတယ်။  ဒီသုံးနာရီခရီးက ဘယ်လောက်စီးစီး ကိုယ့်အတွက် မရိုးနိုင်ပါလေ။  ကမ်းဘေးဝဲယာကို ငေးရင်းမောရင် ဓါတ်ပုံတွေရိုက်ရင်း။ လွန်ခဲ့သော နှစ်အနည်းငယ်ကဆို ဒီမြစ်နဒီတကြောမှာ ကျမ စုန်ဆန်ကူးသန်းခဲ့ဖူးတာပေါ့။  အခုတော့လည်း အလွမ်းပြေတခေါက်လို့ ပြောရတော့မှာပါဘဲ။ ပင်လယ်ဝလို ရေပြင်ကျယ်မှာ ရွက်လှေကလေးလွှင့်လို့ အေးအေးလူလူ ခရီးသွားနေကြတဲ့သူတွေလည်း ရှိရဲ့။

အရှိန်ပြင်းပြင်းမောင်းနေတဲ့ ဘုတ်ကလေးရဲ့ ဘေးဝဲယာမှာ ရေစက်ရေမွှာတွေက တဖွားဖွားလွင့်လို့။  လက်ဖ၀ါးနဲ့ ထိတွေ့လိုက်တော့ စိတ်ထဲမှာပါ အေးမြလန်းဆန်းသွားတယ်။ ဘုတ်နောက်မြီးက ရေစီးကြောင်းတွေက ဧရာမ မြွေဖြူဖြူကြီးတွေလိုဘဲ။
တနာရီခွဲလောက်ကြာတော့ “ရသေ့တောင်“ ဆိုတဲ့ အေးချမ်းတဲ့ မြို့ကလေးကို ရောက်လာခဲ့တယ်။