Sunday 17 January 2010

အသည်းနှလုံးပုံ ရိဒ် ရေကန်



ချင်းပြည်မြောက်ပိုင်းက အသည်းပုံရှိတဲ့ ရိဒ် (RIH ) ရေကန်က နာမည်ကြီးပါတယ်..။ သွားချင်ခဲ့တာက စ စချင်း ကြားဖူးတဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းကပါ။  ရောက်မယ့်ရောက်တော့ ချမ်းလှအေးလှတဲ့ ဒီဇင်ဘာရဲ့ ရက်တစ်ရက်မှာ..။

ရိဒ်ကန်က ရိခေါဒါမြို့လို့ခေါ်တဲ့ အိန္ဒိယနယ်စပ်မြို့ကလေးနဲ့ နှစ်မိုင်လောက်သာဝေးပါတယ်။  ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်၊ဖလမ်းတို့နဲံ နာရီအနည်းငယ်သာ ကားမောင်းရတဲ့ ခရီးမှာပါ။  ကျွန်မတို့ကတော့ တီးတိန်ကနေ သွားခဲ့တာမို့ ၃၆မိုင်ခရီးကို နှစ်နာရီလောက် မောင်းခဲ့ရပါတယ်။  လမ်းက ချဲ့ထွင်ဖေါက်လုပ်ဆဲ မြေသားလမ်းဖြစ်ပါတယ်။  လမ်းဘေးက သစ်ပင်တွေကလည်း ကားတစ်စီးဖြတ်သွားတိုင်း ပေါင်ဒါမှုန့်ဖြူးသလို ဖုန်တစ်ထောင်းထောင်း ထနေတာမို့ အဖိုးကြီးအိုမုတ်ဆိတ်လို ဖွေးဖွေးဖြူလို့ရယ်..။  တီးတိန်လို တောင်ကုန်းမြင့်တဲ့နေရာကနေ ကွေ့ကာပတ်ကာမောင်းပြီး တော်တော်နက်နက်ဆင်းတဲ့အခါ ချောင်းတစ်ခုကို ရောက်ပါတယ်။ အဲဒီတံတားကိုကျော်ပြီးတဲ့အခါမှာတော့ ရိခေါဒါမြို့က နာရီဝက်မရှိတရှိလောက်သာ ဝေးပါတော့တယ်..။   ရိခေါဒါ မြို့လေးကိုရောက်လာတော့ တော်တော် မှောင်နေပါပြီ..။ ခရစ်စမတ်နီးပြီမို့    ကယ်ရိုဆင်းဂင်း သီချင်းအဖွဲ့တွေ မြို့ထဲမှာ လှည့်လည်နေတာ တွေ့ရပါတယ်။

ရိခေါဒါမြို့ထဲမှာ တည်းခိုခန်းတွေ ရှိပေမယ့် ကျွန်မတို့အဖွဲ့က မနက်စောစော ရိဒ်ကို မြင်ချင်တာမို့ ကန်ရှိရာမှာ ညအိပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။  နာရီဝက်လောက် ဆက်မောင်းလာတော့ ကန်နားကိုရောက်ပါတယ်။  ကန်စပ်မှာ နှစ်ခန်းတွဲ ဘန်ဂလိုအိမ်ကလေးတွေ ရှိပါတယ်။ (ပုံကတော့ မနက်မှ ရိုက်ထားတာပါ) တည်းခိုသူမရှိလို့   ကျမတို့ စိတ်တိုင်းကျ နေရာယူကြပါတယ်။ 

နှလုံးသားမှာ နေကြတ်ခြင်း


ချစ်သူ...
ကိုယ်ဟာ
၂၃ နှစ်ပိုင်းတစ်ပိုင်းတိမ်းစောင်းပြီး
မင်းကို လှည့်ပတ်နေခဲ့...။
မင်းက ကိုယ့်ရဲ့ရှင်သန်ခြင်း
မင်းက ကိုယ့်ရဲ့အလင်းရောင်
မင်းက ကိုယ့်ရဲ့ နေ့နဲ့ည
မင်းက  ကိုယ့်ရဲ့ဘဝ
မင်းက ကိုယ့်ရဲ့အနွေးဓါတ်
မင်းက ကိုယ့်ရဲ့ဆွဲငင်ခြင်းဆုံမှတ်..ဖြစ်လေရဲ့။

မင်းရဲ့ နံနက်ခင်း အလင်းရောင်အောက်မှာ
ကိုယ့်ခေါင်းက နေကြာပန်းတွေ လန်းလို့
ကိုယ့်ပါးပြင် နွေးနွေးမှာ
နှင်းဆီသွေးတောင်စို့နေခဲ့..။

ဒါပေမဲ့...ဒါပေမဲ့ ..
ခဏကလေး မှောင်ကျသွား
အို ဘာများဖြစ်သလဲ...ချစ်သူ..

မင်းနဲ့တို့ကြား
လစန္ဒာခြားသတဲ့..။
နှစ်ပေါင်းများစွာမှတစ်ခါ
ကြုံလာတယ် ဆိုပေမဲ့
အဲဒီတစ်ခဏပေါ့
ကိုယ့်ရင်မှာနွမ်းသွားခဲ့...။

ဟင့်အင်း......
ချစ်ခြင်းမျက်စေ့နဲ့  မြင်ရဲ့လားချစ်သူ
နှလုံးသားနားနဲ့    ကြားရဲ့လားချစ်သူ
ညိုမှိုင်းမှိုင်း မျက်နှာ
တုန်ရီတဲ့ နှုတ်ခမ်းလွှာနဲ့ 
ကမ္ဘာမြေသတို့သမီးရဲ့
ငိုညည်း ရှိုက်သံတွေ..။


မိုးစက်ပွင့်
( နေအပြည့်ကြတ်သော ဇန်န၀ါရီ ၁၅ရက်နေ့ကို ခံစားရေးဖွဲ့ပါသည်..။)

Monday 11 January 2010

ခရေတစ်ပွင့်ရဲ့ ဒိုင်ယာရီ

(၁)
.....ကလင်...ကလင်..ကလင်..ကလင်....
ဆေးခန်းရှေ့ကဖြတ်သွားတဲ့ စက်ဘီးဘဲလ် သံလေးကြားရင်ပဲ စိတ်ထဲမှာ ထိတ်ခနဲဖြစ်ပြီး လမ်းမကိုလှမ်းကြည့်လိုက်မိတယ်။ သြော် ဆက်ကျော်သက်လေးတွေ ကျောင်းသွားကြတာပါလား..။ ငါ့ နှလုံးသားက တစ်ခါတစ်ခါ မရင့်ကျက်သေးပါလားလို့ တွေးရင်း စိမ်း ပြုံးမိသေးသည်။ စိမ်း စာထိုင်ဖတ်နေသော ခုံတန်းပြာလေးပေါ်သို့ ခရေပွင့်ကလေးတစ်ပွင့် ဖျပ်ကနဲ ကြွေကျလာလေသည်။


------------



(၂)
ကလင်...ကလင်..ကလင်..ကလင်.... "စိမ်းရေ...စိမ်း.... ပြီးပြီလား..."
ဒီအချိန် လာနေကျမှန်းသိလို့ အဆင်သင့်စောင့်နေပေမယ့် အမြဲတမ်း ထိတ်ခနဲ ဖြစ်နေကျ၊ ခြံဝမှာ စက်ဘီးလေးကို ခြေဖျားတစ်ဖက်ထောက်ပြီး ကချင်လွယ်အိတ်အနီလေး ပခုံးသိုင်းလွယ်ထားတဲ့ အောင့် ကိုတွေ့ရတော့လည်း ရင်ထဲမှာ နွေးကနဲ..။ ဒါတွေက နေ့တစ်ဓူဝ ရိုးမသွားတဲ့ စိမ်းရဲ့ ခံစားချက်လေးတွေ...။
"လာပြီ အောင် ...အဆင်သင့်ပဲ "
အပြင်မထွက်ခင် အခန်းဝက ကိုယ်လုံးပေါ်မှန်မှာ သနပ်ခါးညီရဲ့လား လို့ တစ်ချက်ဝေ့ကြည့်ပြီး လက်သုပ်ပုဝါလေးနဲ့ သေသေသပ်သပ်ထုပ်ထားတဲ့ စတီးထမင့်ချိုင့်လေးကို ကောက်ယူပြီး ဖီးဆင့်စက်ဘီးလေးရဲ့ ခြင်းကလေးထဲထည့်ကာ တွန်းလာခဲ့သည်။
".......အောင်က စိမ်းများ စာကျက်များပြီး အအိပ်လွန်နေပြီလားလို့...... ဟိုနေ့ကလိုလေ...."
" ...အံမယ်..တစ်ခါလေး အအိပ်လွန်တာနဲံ အောင်တစ်ယောက်ကတော့လေ..ပြော မဆုံးဘူး..."
ပြုံးစစနဲ့ စ တဲ့ အောင့်ကို စိမ်းက ငြူစူဟန်နဲ့ ပြောတော့ မည်မည်ရရ ရယ်စရာမပါပဲ ပြိုင်တူရယ်ကြသည်။
"..ရော့ .. ဒေါ်ပန်းကြိုက်မအတွက်.. ကျွန်တော် ညထဲက ကောက်ထားတာ" "လှလိုက်တာ... ကျေးဇူး..အောင်.."
"ကဲသွားရအောင်.. ကိုသန်းဇော်တို့ စောင့်နေရော့မယ်.."
လတ်ဆတ် ပျံ့သင်းနေတဲ့ ခရေကုံးလေးကို မမှီ့တမှီစုစည်းထားတဲ့ ဆံနွယ်တွေထက်မှာ ရစ်ခွေပန်ဆင်လိုက်သည်။ နုနယ်လတ်ဆတ်သော နှလုံးသားတွေရဲ့ အပေါ်ကို အရိပ်မည်းမကျခင်အထိ တို့တွေသိပ်ပျော်ခဲ့ကြတယ်လေ..အောင်။


-------------------
(၃)
"..ပပ ရေ..ပပ..နှုတ်ခမ်းနီ ဆိုးတုန်းလားဟဲ့..ကျောင်းနောက်ကျရင် နင့်ကြောင့်ပဲနော်..."
မေခင်က အသံပြဲနဲ့အော်တော့ စိမ်းက သိပ်မအော်ပါနဲ့ မေခင်ရယ်... လာနေပြီပဲဟာ..လို့ ချော့မော့သည်။ အောင်နှင့် ကိုသန်းဇော်ကတော့ နောက်နေ့ပြိုင်မယ့် ကျောင်းဘောလုံးအသင်းအကြောင်းသာ လေကန်နေကြသည်။ ပပ တစ်ယောက့် ထွက်လာတော့ အားလုံးမျက်လုံးပြူးသွားသည်။ အကျီင်္ဖြူက ဇာခပ်ပါးပါးကို ပုံဆန်းဆန်းချူပ်ထားတာမို့ တော်တော်လေးလှသည်။ ဒါပေမယ့် ကျောင်းမှာက လုံလုံခြုံခြုံဝတ်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားတာမို့လား။ စိမ်းတို့အတန်းပိုင် ဆရာမ ဒေါ်ငြိမ်းငြိမ်းသာက စည်းကမ်းပိုကြီးသည်။
"..ဟာ..ပပ..နင့်ကို တီချယ် ငြိမ်း အရေခွံဆုတ်လိမ့်မယ်..ပြန်လဲလိုက်..ပြန်လဲလိုက်.."
ပထမဆုံး အသံထွက်လာတာကလည်း မေခင်ပဲဖြစ်သည်။
"..သိပ်မပါးပါဘူး..မေခင်ကလည်း..တီချယ်တို့တောင် ပိတ်ဖောက်ဇာတွေ ၀တ်နေတာပဲဟာ....."
"..လဲလိုက်ပါ ပပရယ်..တော်ကြာ ပြောခံနေရရင်မကောင်းဘူး." .. စိမ်းအသံက ချော့မော့သလို ခပ်တိုးတိုး...
.".ဟွန့်..စိတ်ညစ်ပါတယ်..ဆရာမထက် သူတို့ကိုပိုကြောက်နေရတယ်...."
ပပ က စူစူဆောင့်ဆောင့်နှင့် အိမ်ထဲဝင်ပြီး အကျီင်္ပြန်လဲ တော့သည်။ တမင်ရွဲ့ပြီး အကျီပုံ တုံးပေ့ဆိုတာကြီးကို ရှာဝတ်လာတာ တွေ့တော့ မပြုံးဘဲမနေနိုင်ကြ။
"..ဒီအတိုင်းလည်း လှပါတယ်ဗျာ...."
ကိုသန်းဇော်က စ သလို ဆိုလေလျှင် ပပ မျက်စောင်း ဒိုင်းကနဲ ကျလာလေတော့သည်။
ပပ က စိမ်းစက်ဘီးလေးကို ယူတွန်းပြီး အရှိန်ယူတက်လိုက်တော့ စိမ်းက ကယ်ရီယာခုံကို စွေ့ကနဲ တက်လိုက်တော့သည်။

Sunday 10 January 2010

ပိရမစ်များ နှင့် ခဏတာ

ပိရမစ်တွေဆီကို ရောက်ခဲ့တဲ့ မှတ်တမ်းကလေးပါ..... ပထမဦးဆုံး သွားခဲ့တာကတော့ ကိုင်ရိုနဲ့ မဝေးလှတဲ့ ဂီဇာအရပ်က ပိရမစ်(Giza's Pyramids )တွေပါ .. ဂီဇာက မြို့ထဲနဲ့ နာရီဝက်သာသာပဲ ကားမောင်းရတာမို့ တိုးရစ်စ်တွေ အသွားများပါတယ်... ပိရမစ် ၃-လုံးကို ဓါးလွယ်ခုတ် တန်းပြီး မြင်နေရပါတယ်.... ၁၅ ဒေါ်လာနဲ့ညီတဲ့ အီဂျစ်ငွေကို ဂိတ်ကြေးပေးပြီး အထဲကိုဝင်ရပါတယ်... ပထမဦးလုပ်တာကတော့ သိတယ်ဟုတ်... ဓါတ်ပုံ ရိုက်တာ ပဲပေါ. ... ပိရမစ်နဲ့ စဖင့် ( Sphinx) ကြီးကို တွဲလျက် ဒီလိုမြင်ရတယ်။ ဂီဇာ ပိရမစ်၃ခုထဲက ကူဖူးဘုရင်ရဲ့ပိရမစ်ကြီးဟာ Seven Wonders of the World ထဲမှာပါပြီး လူသားတွေ တည်ဆောက်ထားသမျှထဲမှာ အမြင့်မားဆုံးလို့သိရပါတယ်။ လူပေါင်း တစ်သိန်း ကျော်နဲ့ နှစ်ပေါင်း ၂၀လောက် တည်ဆောက်ခဲ့ရပြီး ဘီစီ ၂၅၅၁မှာ ပြီးတယ်ဆိုတော့ သက်တမ်းကို တွက်သာကြည့်ပါတော့နော်။ နှစ်တန်ခွဲလေးတဲ့ ကျောက်တုံးပေါင်း နှစ်သန်းခွဲနဲ့တည်ဆောက်ထားတာပါတဲ့။ ကျောက်တုံးတွေကလည်း ဒေသထွက်မဟုတ်ဘဲ အီဂျစ်တောင်ပိုင်းကနေ နိုင်းမြစ်ရိုးတစ်လျှောက် လှေတွေ၊ လူအားတွေနဲ့ သယ်ဆောင်လာတာပါ။ လုပ်အားအကြောင်းပြောရာမှာ ကျွန်တွေနဲ့ဆောက်တယ်လို့ ပြောကြသလို၊ ဘုရင်က ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားတဲ့ လက်မှူပညာသည်တွေနဲ့ ဆောက်တယ်လို့လည်း အယူအဆ ကွဲနေပါသေးတယ်။ ဘာဘဲဖြစ်ဖြစ် ထုထည်က မတရား ကြီးမားလွန်းတာတော့ အမှန်ပဲ :-) စပ်စုချင်စိတ်ကြောင့် ရောက်ဖူးတဲ့ မိတ်ဆွေက တားတဲ့ကြားက နောက်ထပ်လက်မှတ်ဝယ်ပြီး ပိရမစ်ထဲ ၀င်ကြည့်ခဲ့သေးတယ်။ မွန်းကြပ် ပိတ်လှောင်တဲ့ လှေကားအတိုင်းဆင်းပြီး နောက်ဆုံးမှာ ဆယ်ငါးပေလောက်ပတ်လည်အခန်းတစ်ခန်းနဲ့ မံမီထားတဲ့ ကျောက်ကန်နေရာပဲ မြင်ခဲ့ရတယ် :-)

ဒုတိယအစီအစဉ်အနေနဲ့ ကုလားအုတ်စီးကြတယ်။ ကုလားအုတ်က မြင့်မြင့်ကြီးဆိုတော့ သူ့ကျောပေါ်ခွပြီးပြီးချင်း ထရပ်လိုက်တော့ အသည်းထဲမှာ အေးခနဲ။ ကုလားအုပ်ပေါ်ကကျလို့ ခါးကျိုးရရင်လည်း ကျော်မကောင်း ကြားမကောင်းဖြစ်ရဦးမယ်။ မထူးပါဘူးဆိုပြီး ကုန်းနှီးစွန်းကဘုကြီးကို လက်နဲ့ကျစ်ကျစ်ပါအောင်ဆုပ်ပြီး စီးခဲ့တာ... ။ ကုလားအုတ်က မပြေးပါဘူး... တစ်လှမ်းချင်းမှန်မှန်လျောက်တာဆိုတော့ စီးလို့ကောင်းပါတယ်။ ကုလားအုတ်ထိန်းက အမှတ်တရဓါတ်ပုံ ရိုက်ပေးတယ်။ တစ်ယောက်က သူငယ်ချင်း နီပေါသူပါ.... နှစ်ယောက်လုံး
ခပ်ဝေးဝေးကကြည့်တော့ ခပ်ဝါးဝါးနဲ့ ချောတယ်ဟုတ်..။ ကုလားအုတ်တွေကအသက် ၉ နှစ် နဲ့ ၁၁နှစ်ရှိပြီလို့ သိရတယ်။ မိုးစက်တို့စီးရတဲ့ကုလားအုတ်က အမွေး ကွက်တိကွက်ကြားနဲ့ တော်တော်ရုပ်ဆိုးတယ်။ သဲကန္တာရထဲမှာ မြင်းစီးတဲ့သူတွေလည်း အများကြီးပဲ။ မြင်းကတော့ ရွှေနိုင်ငံမှာလည်း ပေါမှပေါဆိုတော့ စီးမနေတော့ဘူး။ ညနေ၇နာရီမှာပြတဲ့ ပိရမစ်ရှိုးကို မလွတ်အောင်ကြည့်ကြသေးတယ်။ ကွင်းခေါင်ခေါင်ကြီးမှာ ခုံတွေတန်းစီချထားတယ်။ ညလေ တဟူးဟူးက အေးစိမ့်နေတာမို့ ပါလာတဲ့ ပုဝါတွေကို တင်းတင်းစေ့ခြုံထားရတယ်။ ပိုက်ဆံပေးပြီး စောင်ငှားလို့လည်း ရပါတယ်။ ပရိသတ်တွေရဲ့ နောက်က တာဝါစင်ကြီးကနေ ပိရမစ်တွေရဲ့မျက်နှာပြင်ကို ပရိုဂျက်တာထိုးပြီး ရုပ်ရှင် လိုပြတာပါ။

Friday 8 January 2010

အနှစ် ၅၀၀၀မှ မံမီများနှင့် ခဏတာ


ပိရမစ်တွေ ရှိတဲ့မြေကို မိုးစက် တစ်ခဏတာ ရောက်ခဲ့ပါတယ်....ချမ်းချမ်းစီးစီး ဒီဇင်ဘာလရဲ့ အစောပိုင်းမှာပေါ့။ ရောက်ရောက်ချင်းကြုံတွေ့ရတဲ့ အခက်အခဲလေးတွေတော့ မပြောပြတော့ဘူးနော်...။ ရောက်စနေ့ကတော့ မြို့ထဲမှာ တစ်ကိုယ်တော် ဟိုငေးဒီငေး လျှောက်လိမ့်ရင်း မှတ်ချက်ချမိတာက မြို့တော် ကိုင်ရိုက ကြီးလှ ကျယ်လှပါပေရဲ့။ မြို့တော်ရဲ့ လူဦးရေက ၁၈ သန်း တဲ့။ အောက်ခြေ လေထုကတော့ မှိုင်းလို့မှုန်လို့ မြင်သာလောက်အောင် pollutionဖြစ်နေတယ်။ လမ်းမပေါ်မှာ များပြားလှတဲ့ ရောင်စုံ ကားတွေက ဥဒဟိုပြေးနေကြတယ်။ ကားက ခတ်ဟောင်းဟောင်း စုတ်စုတ်တွေလည်း တော်တော်များတယ်။ တစ်စီးနဲ့တစ်စီး ကွေ့တက်လိုက် ကျော်တက်လိုက် စိတ်တို အော်ဟစ်လိုက်၊ လူတွေက ကားအပြတ်မှာ သုတ်ခြေတင်ပြီး မျဉ်းကျားရယ် ဘာရယ်မဟုတ် လမ်းဖြတ်ကူးလိုက်နဲ့ ။ ကျွန်မလဲ ကြောက်ကြောက်နဲ့ သူတို့နဲ့ ရောကူးခဲ့ပါတယ်။ လမ်းကူးချန်ပီယံမဟုတ်ပေမဲ့ ရန်ကုန်ကလာသူမို့ ဒီလောက်ကတော့ ထရိန်နင် ရပြီးသားလေ...။

ကမ္ဘာပေါ်မှာ အရှည်ဆုံးဆိုတဲ့ နိုင်းမြစ်ကြီးကလည်း ကိုင်ရိုမြို့လည်ခေါင်ကို ဖြတ်ပြီးစီးဆင်းနေတယ်။ မြစ်ကြောင်းရဲ့ တစ်ဖက်တစ်ချက်မှာတော့ ခန်းနားလှတဲ့ ဟိုတယ်တွေက အပြိုင်းအရိုင်း။ သင်္ဘောငယ်လေးတွေ ရွက်လှေရောင်စုံလေးတွေက ချစ်စရာ အရုပ်ကလေးတွေလို..။ မီးရောင်စုံတွေက နိုင်းမြစ်ရဲ့ အလှကို အရောင်တင်ပေးနေကြတယ်။ ဒီ နိုင်းမြစ်ကြီးပေါ့ - လွန်ခဲ့တဲ့ နှစ်၅၀၀၀က ယဉ်ကျေးမှူကြီးတစ်ရပ်ကို နေလိုလလို ထွန်းပစေခဲ့တာ။
မဖြစ်မနေ အလည်ရောက်ခဲ့တာက အီဂျစ်ရှေးဟောင်းပြတိုက် ( Egyptian Museum ) ပါပဲ။ နိုင်းမြစ်ကမ်းကနေ လမ်းလျှောက်ရင်လည်း ၁၅မိနစ်လောက်ပဲ ကြာလိမ့်မယ်။ လမ်းကြောင်းမသိတော့ တက္ကစီစီးရတာပဲပေါ့။ အံမယ် ရွှေပြည်ကြီးမှာ ဈေးဆစ်တဲ့ ပညာက ဒီမှာလည်း အသုံးဝင်သကိုး။ တကယ်ဆို ဈေးဆစ်ရတာ ကိုယ်အရမ်းမုန်းပါသည်။ ဒါပေမဲ့ ကိုင်ရိုမှာ မဆစ်ရင် အမြဲပဲ နှစ်ဆ သုံးဆ တောင်းနေကျဆိုတာ သိထားတော့ ဆစ်ရသေးသပေါ့။ မီတာတပ်ထားပေမဲ့ မီတာမသုံးပါ။ နိုင်ငံခြားသားဆိုရင် ပို ရိတ်ချင်ကြသေးတယ်။ တက္ကစီဆရာက အသက် ၅၀ လောက် ရှိမယ်။ သူက အီဂျစ်တွေ အများစုက မချမ်းသာကြောင်း၊ ဟိုတယ်နဲ့ စီးပွားရေးလုပ်ငန်းအများစုက ဆော်ဒီက ဘုရင့်အဆက်အနွယ်တွေ ပိုင်ဆိုင်တာဖြစ်ကြောင်း ပြောပြပါတယ်။ အမေရိကန်သံရုံးရှေ့ရောက်တော့လည်း စစ်ပွဲတွေ အမြဲလုပ်တဲ့ အမေရိကန်ကိုမုန်းကြောင်း ပြောပြနေသေး ရဲ့။ ပြီးတော့ သူ့မှာ မိန်းမတစ်ယောက်ထဲသာရှိလို့ ဂျီကျတာ ဆူတာ အမြဲခံရကြောင်း၊ နောက်တစ်ယောက် ထပ်ယူလိုက်ရင် ဆူရဲမှာ မဟုတ်တော့ကြောင်းလည်း ဟာသဖောက်ပါသေးတယ်။ အပြန်လမ်းကိုတော့ လမ်းလျှောက်ပြန်ဖို့ အကြံပေးပါတယ်။ လမ်းလဲ သေသေချာချာ ပြောပြပါတယ်။

Wednesday 6 January 2010

နှစ်သစ်အတွက် Mr. Bean ရဲံ ဟာသ

အီးမေးကရတဲ့ ဟာသလေးတွေ နှစ်သစ်မှာ ပျော်စေဖို့ မျှဝေလိုက်ပါတယ်....။

wWw.AaCheYdOsT.cJb.neT


1)
B RAIN TUMOR:

Doctor: I regret to tell you that you have a brain tumor.
Mr. Bean: Yesss!!! (jumps in joy)
Doctor: Did you understand what I just told you?

Mr. Bean: Yes of course, do you think I'm dumb?
Doctor: Then why are you so happy?

Mr. Bean: Because that proves that I have a brain!



2) MR. BEAN WHILE IN GRADE SCHOOL:


Teacher: What is 5 plus 4?
Mr. Bean: 9
Teacher: What is 4 plus 5?

Mr. Bean: Are you trying to fool me, you've just twisted the figure, the answer is 6!!