ခရီး ပြန်ရောက်ရောက်ချင်း ဓါတ်ပုံကလေးတွေ သတိတရ တင်လိုက်ပါတယ်။ သူငယ်ချင်းတို့လည်း ကျမနဲ့အတူ ခရီးသွားကြရအောင်ပါနော်။ စာနည်းနည်း ပုံများများပဲ တင်ပါတော့မယ်။
ထွက်ချိန်အတိအကျမရှိတဲ့ အစောဆုံးဇက်ရေယာဉ်ကို မှီဖို့ရာအတွက် ညောင်ဦး ဇက်ဆိပ်ကို မနက်ခြောက်နာရီခွဲအရောက် သွားချင်တာမို့ ကားကို သွက်သွက်လေး မောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ထွက်ပြူစ မနက်ခင်းနေလုံးကြီးကိုမြင်တော့ ကြုံခဲဘိခြင်းမို့ ဆင်းပြီး ဓါတ်ပုံရိုက်မိပါတယ်။
ရိုက်မိမှတော့ တပုံတည်းနဲ့ မပြီးပါဘူး။ နေ တဖြေးဖြေးမြင့်လာတာကို ရိုက်ရင်း ဆယ်မိနစ်လောက်များ ကြာသွားမလားဘဲ။ သတိရလို့ ဇက်ဆိပ်ကို အမြန်လာခဲ့ပေမဲ့ နောက်ကျသွားခဲ့ပါတယ်။ အခုလေးပဲ ထွက်သွားတာပါတဲ့။ စောင့်ပေဦးတော့ပေါ့နော်။ ငါးမရရင် ရေချိုးတတ်တဲ့ ကျမတို့အဖွဲ့က ပါလာတဲ့ ထမင်းနဲထုပ်တွေကို ဖွင့်ပြီး ဆိတ်သားကြော်နဲ့ မနက်စာလွေးကြပါတယ်။ နာရီဝက်လောက်ဘဲ စောင့်လိုက်ရတယ်....။ ဟိုဖက်ကမ်းက ဇက်တစင်း ကူးလာတာမို့ ကျမတို့အားရ၀မ်းသာ ခရီးဆက်ခဲ့ရပါတယ်။
ကမ်းကခွာပြီ။ မြင်နေကျ ကြက်သွန်ခင်းစိမ်းစိမ်းနဲ့ အကြော်တဲလေး။
ရေလည်ခေါင် ရောက်တော့ လတ်ဆတ်တဲ့ နေရောင်အောက်မှာ မြစ်ကူးတံတားစီမံကိန်းကိုမြင်ရတယ်။ ၂၀၁၁ အလယ်လောက်မှာ ပြီးမယ်လို့ ပြောသံကြားမိပါရဲ့။
ပျင်းတာနဲ့ မြစ်ရေပြင်ကို ဓါတ်ပုံရိုက်ကြည့်မိသေးတယ်။ စိတ္တဇပန်းချီလို ဒီဇိုင်းလေး ထွက်လာတယ်။
လမ်းတလျှောက်မှာတော့ အရောင်အသွေး စုံလင်လှပတဲ့ နာဝါလှေကလေးတွေ အစီအရီ။ တံတားပြီးရင် သူတို့ ဘယ်လိုရှင်သန်ကြဦးမလဲလို့ အဖြေမသိဘဲ တွေးမိသည်။
ပခုက္ကူဖက်ကမ်းကိုရောက်တော့ မနက် ဂနာရီစွန်းစွန်းပဲ ရှိသေးတယ်။ လုပ်ငန်းဆောင်တာတွေကို မနက်ခင်းတပိုင်းလုံးလုပ်ဆောင်ပြီး နေ့လည်ခင်းမှာတော့ ရေစကြိုကို ခရီးဆက်ခဲ့ပါတယ်။ (ကျမ စာတွေက ကိုရီးယားဇာတ်လမ်းတွဲလိုပဲ အနှေးဆွဲလိုက်၊ အမြန်ကျော်လိုက်နဲ့ပေါ့) တွေ့ရပါပြီ ပခန်းကြီး မြို့ရိုးအ၀င်ဝ။ (ပုံမတင်တော့ပါ)။ အဲဒီကနေမှ တနာရီကျော်မောင်းရတဲ့ ”လောင်းရှည်” ဆိုတဲ့ ရွာကလေးကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ လူလေးဆယ်ကျော်လောက် စိုက်ပျိုးရေးသင်တန်းတက်နေတာကို တွှေုရပါတယ်။ ဘာတွေသင်နေတယ်တော့ မသိ။ ဆရာလေးက အာဝဇ္ဖန်းကောင်းပုံရသည်။ အားလုံးက တသောသော ရယ်နေကြသည်။ ဒါမှလည်း အိပ်မငိုက်မှာကိုး။ ကျမတို့လည်း ကျွေးတာလေးတွေစား၊ မေးစရာရှိတာလေး မေးပြီး ပြန်ခဲ့ကြသည်။ ရွာကလေးက လူငယ်လူရွယ်တော်တော်များများက ပြည်တွင်းပြည်ပ အလုပ်ရှာ သွားကြတယ်တဲ့။ သုံးလေးဆယ်ထက် မနည်းလို့ ဆိုပါတယ်။ ရွာက အညာကျေးရွာတော်တော်များများလို ရေမရှားဘူးလို့ ၀မ်းသာစရာ သိရပါတယ်။ ဒါပေမဲ့ ကပ်လျက်က “ယမားချောင်း” ကတော့ နှိပ်စက်ကလူ ပြုခဲ့ပြန်သည်။ ပြီးခဲ့တဲ့ မိုးတွင်းမှာ သဲတွေ လှိုင်းလုံးကြီးတွေနဲ့အတူပါလာပြီး ရွာစပ်က ယာမြေ အေက ၁၀၀ကျော်ကို သဲထုသုံးပေလောက် ဖုံးသွားတော့သည်။ လယ်သမား ၄၀ ကျော်ရဲ့ ယာမြေတွေ ဆုံးရှူံးသွားခဲ့ရသည်။ လူလုပ်အားနဲ့ သဲဖယ်ရင်လည်း တစ်အေကကို သုံးသိန်းလောက် ကုန်မှာမို့ ဒီအတိုင်းကြည့်နေရသည် တဲ့။ အခုထိတော့ ကျမတို့ သူတို့ကို ဘယ်လိုကူညီနိုင်မလဲလို့ တွေးကြည့် နေဆဲပင်။ အားလုံးဝိုင်းစဉ်းစားကြမည်၊ အင်း- အဖြေတခုခုတော့ ရ ရမည်ပင်။
အပြန်မှာတော့ မုန်ညှင်း၊ သပြေပင်၊ ကျောက်ထပ် ဆိုတဲ့ ရွာကလေးတွေကို ဖြတ်သန်း လာခဲ့ကြသည်။ ကျောက်ထပ်ရေကန်ကြီးနားမှာတော့ ခရီးသွားတို့ နားနေစရာ ဇရပ်ကလေးတဆောင်ပါ။
ဇရပ်ကလေးရဲ့အတွင်းမှာတော့ သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်ကြီးတချပ်ကို အံ့သြဖွယ်ရာ တွေ့ရသည်။ မိန်းကလေးတွေ လိုလျှင် သုံးနိုင်သည်ပေါ့။ ပါလာတဲ့ ကလေးက ရွာဇရပ်တိုင်းမှာ ဒီလိုရှိတယ်လို့ ကျမကို ပြောပြသည်။ အချိန်မရှိတာကြောင်း လိမ်းမကြည့်ခဲ့ရပါ။
ကျောက်ထပ်ရေကန်ကြီးမှာတော့ ရေခပ်လာတဲ့ နွားလှည်းတွေ စည်ကားလို့ နေသည်။ ဟော ကြည့်လေ၊ မေမေကြီး ရေခပ်တာကို သားသားနဲ့ မီးမီးက လိုက်ကူပေးနေတာ။
ကန်ဘောင်ပေါ်က တက်ကြည့်တော့ ရင်သပ်ရှုမောစရာ မြင်ကွင်းလှလှကို မြင်ရသည်။ ဟော- ဟိုမှာ လူ၀၀ကြီး စောင်ခြုံအိပ်နေသလိုမျိုး မြင်ရတာ “ရှင်မတောင်” ပေါ့တဲ့။ နံမည်ကြီး သနပ်ခါးထွက်ရာ ဒေသပေပဲ..။
အပြန်မှာတော့ မြေခဲတောင်ကျေးရွာဖက်က ဖြတ်ပြန်လာခဲ့သည်။ လမ်းမှာ ထင်းလှည်း ၅စီး၊ ခြောက်စီးကို တွေ့ခဲ့ရသည်။ ထူးဆန်းတာက လှည်းမောင်းသူအားလုံး အမျိုးသမီးတွေချည်းသာ။ အမျိုးသားတွေ တရပ်တကျေးရောက်နေဟန်တူရဲ့။ မောင်တထမ်း မယ်တရွက် လို့ ဆိုရမည်ပေါ့။ သို့သော် လဲမှို့တစ်ထမ်းနဲ့ ကျောက်ခဲတရွက် ဆိုရင်တော့ သေပြီဆရာပေါ့။
အပြန်မှာတွေ့ရတဲ့ ပြောင်းခင်းစိမ်းစိမ်းစိုစိုတွေက သိပ်လှသည်။
ဒါကတော့ ခူးဆွတ်ချိန်တန်နေပြီဖြစ်တဲ့ ၀ါဝါ၀င်းဝင်း ကုလားပဲခင်းတွေ။
အောက်ပုံကတော့ SRI လို့ခေါ်တဲ့ စပါးအဆင်မြင့်စိုက်ပျိုးရေးအတွက် ပြင်ဆင်ထားတဲ့ ပျိုးခင်းတွေ။ စပါးပင်နဲ့ မြေကြီးကြားမှာ ပလပ်စတစ်ပါးပါးခင်းထားတဲ့အတွက် ပျိုးခင်းထဲကို ဖျာလိုလိပ်ယူသွားလို့ ရပါတဲ့။ စိုက်တဲ့အခါလည်း တပင် သို့မဟုတ် နှစ်ပင် သာ စိုက်ရပါသတဲ့။ အတူပါလာတဲ့ စိုက်ပျိုးရေးဆရာမက ရှင်းပြသည်။ အဆင်ပြေကြရင် ပြီးတာပါဘဲလေ။
ဒီခရီးက ကျမကို ရသ အဖုံဖုံ ပေးစွမ်းနိုင်ခဲ့သည်။ စိတ်ပျက်စရာ၊ အားတက်စရာ၊ ပျော်စရာ၊ ညည်းစရာ။ အခက်အခဲကြားက အပြုံးမပျက်တဲ့ ရွာသူရွာသားတွေကို လေးစားမိပြန်သည်။ ရန်ကုန်ကဘတ်စကားတွေ စီးသလိုဘဲနေမှာ။ အပြင်ကလူက ကြည့်တော့ ကားကြီးက ကြပ်ပြီး တစောင်းထိုးနေသည်။ အထဲက လူတွေကတော့ တိုးရင်းဝှေ့ရင်း သိပ်မကြပ်တော့သလို ခံစားရသည်။ စပယ်ယာကတော့ ပြောသေးသည်။“အထဲမှာ ၀ါသနာပါရင် က လို့ရတယ် တဲ့။
ပခုက္ကူကိုရောက်တော့ မှောင်ရီပျိုးနေပြီ။ သေးငယ်လှတဲ့ တည်းခိုခန်းအသစ်ကလေးမှာ တရက်တာ နားခဲ့ကြသည်။ မနက်ဖြန် ခရီးဆက်ရဦးမည်လေ...။
(ဆက်ရန်)
မိုးစက်ပွင့်
မိုစက်..ပုံတွေအရမ်းကောင်းပါတယ်။
ReplyDeleteထခါလောက်တော့ မြန်မာပြည်အနှံ့ ခရီးထွက်လိုက်ချင်တယ်။
ပြန်ရောက်ရင် အမေ့နားမှာပဲ အချိန်ကုန်သွားတယ်။
သူ့ ခများလည်းကျမလာမှ တွေ့ ရတာဆိုတော့ သနားပါတယ်။
အရောင်လေးတွေက စိမ်းလို့ပြာလို့ သိပ်လှတာပဲ ပုံတွေက။ အဲဒီရှုခင်းလေးတွေမြင်ရသွားရတဲ့ အလုပ်လုပ်ရတာ ကံကောင်းတယ်။
ReplyDeleteမိုးစက်ရေ ကံပွင့်အမွှေးတိုင်အိမ်ကို မြင်တော့လေ မိုးစက်ရေးတဲ့သနပ်ခါးပို့စ်လေးကို ချက်ချင်းသတိရသွားတာ သိလား။
၂ မြန်မြန်နော် စောင့်နေတယ်
အညာသား..ကိုယ်ကြီးပျင်းခဲ့တဲ့အရပ်က ပုံလေးတွေ တွေ့ရတာ ကိုယ့်အိမ်ကိုယ့်ယာပြန်ရောက်သလိုပါပဲ ငါ့တူမရာ..
ReplyDeleteရူခင်းတွေက လှလိုက်တာ မိုးစက်ရေ၊ ရိုက်ချက်တွေ ကောင်းတယ်၊
ReplyDeleteစိတ်ဝင်စားစရာ ခရီးသွားပိုစ့်လေးပါ
ရှားရှားပါးပါးသွားတဲ့ ခရီးလေးပဲ၊ ဓါတ်ပုံတွေကအဖိုးတန်ပါတယ်၊ မှတ်တမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။
ReplyDelete