Thursday, 3 February 2011

အ၀တ်အထည်ပုံ နဲ့ ပျော်ရွှင်ရေး၊ သင်ကြိုက်ရာရွေး

အမေရိကန်တယောက်ဟာ ပျမ်းမျှ တနှစ်ကို အ၀တ်အထည် ၆၂ပေါင် လွှင့်ပစ်နေပါသတဲ့။  ရွှေပြည်ကြီးက ရွှေမြန်မာအများစုကတော့ ဒီလောက် တတ်နိုင်မယ်မထင်။ သို့သော်လည်း လူလတ်တန်းစား အမျိုးသမီး အများစုရဲ့ သေတ္တာထဲမှာ အသုံးမ၀င် အသုံးမတည့်တော့တဲ့ အ၀တ်အစားတွေ  တပုံကြီး ရှိနေမှာကတော့ အသေအချာ ပြောရဲပါတယ်။

အောက်ပါ အဆိုအမိန့်ကလေးကလည်း မှတ်သားစရာ ကောင်းလှပါတယ်။
Know, first, who you are; and then adorn yourself accordingly.” – Epictetus
စာရေးသူ Joshua Becker က ဒီလိုပြောပါတယ်။
ကျမတို့ဟာ အ၀တ်အစားတွေ နည်းနည်းပဲ ရှိမယ်ဆိုရင်-
  • ငွေတွေ ဒီ့ထက်ပိုစုမိမယ်။
  • ဘ၀မှာ အချိန်တွေ ပိုရလာမယ်။
  • မနက်တိုင်း (ဘာဝတ်ရမလဲဆိုတဲ့) ခေါင်းစားမှုက ကင်းဝေးစေမယ်။
  • ဘီရိုဟာ သန့်ရှင်းပြီး စံနစ်တကျ ရှိနေမယ်။
  • ခရီးသွားလို့ ထုပ်ပိုးရတိုင်း အချိန်ကုန်သက်သာ လွယ်ကူမယ်။
  • အ၀တ်လျှော်ရတာ ပိုလွယ်ကူမယ် (နည်းသွားမယ်လို့ မဆိုလိုပါ)

ကျမတို့အားလုံးကတော့ ဒီလိုမတွေးမိကြဘဲ အ၀တ်အစား များများရှိလေ ပိုကောင်းလေ ဆိုတဲ့ အမှားတရပ်ကို ယုံကြည်ခဲ့ကြသူတွေပါ။ အ၀တ်တွေ များများရှိရင် ပိုပြီး လှပမယ်၊ စတိုင်ကျမယ်၊ ပျော်ရွှင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တရာသီပြီးတရာသီ စုဆောင်းလာလိုက်တာ  အခုဆို ဘီရိုထဲမှာ အ၀တ်တွေ တောင်လိုပုံလာခဲ့ပေါ့။

သူမက ရိုးစင်းတဲ့ အချက် (၁၀)ချက်ကို အကြံပြုထားပါတယ်။
၁။  ကိုယ့်မှာ အ၀တ်တွေ သိပ်များနေပြီဆိုတာ အသိအမှတ်ပြုပါ - ဒါဟာ ပထမအဆင့်အနေနဲ့  problem identification လုပ်လိုက်တာပါဘဲ။ 
၂။ အရောင် နည်းနည်းကိုသာ ရွေးချယ်ဝတ်ဆင်ပါ - ကျမတို့မှာ အနှစ်သက်ဆုံးအရောင်၊ ကိုယ်နဲ့ ကြည့်အကောင်းဆုံးအရောင်တွေ ရှိတတ်ပါတယ်။ ဒါတွေကိုဘဲ အထူးပြု ၀တ်ဆင်မယ်ဆိုရင် တခြားအသုံးအဆောင်တွေ (ဥပမာ- လက်ကိုင်အိတ်၊ ခါးပါတ်၊ ဘိနပ်၊ လည်ဆွဲ) စသဖြင့် ထပ်ထပ်ပြီး ၀ယ်ရတာ နည်းသွားလိမ့်မယ်။
၃။ “တခုတည်းသော” ၀ါဒကို လက်ကိုင်ပြုပါ - ကိုယ့်ရဲ့ အလုပ်အကိုင် ၊ အနေအထားနဲ့ ကိုက်ညီမယ့် “တခုတည်းသော” အဆင်တန်ဆာကို ထားရှိပါ။ ဥပမာ-  အနက်ရောင် ၀တ်စုံပြည့်တစုံ၊ ရေကူးအကျီင်္တထည်၊ လက်ကိုင်အိတ် တလုံး၊ စသဖြင့်။
၎။ လှူပစ်ပါ၊ ရောင်းပါ၊ ပြန်ပြုပြင်သုံးကြည့်ပါ၊ စွန့်ပစ်ပါ - ကိုယ်မ၀တ်ဖြစ်တော့တဲ့ အထည်တွေကို အထက်ပါအတိုင်း လေးပိုင်းခွဲပြီး ပုံကြည့်ပါ။ အံ့သြစရာကောင်းလောက်အောင် များပြားတာကို တွေ့ရမှာပါ။
၅။ နောက်ထပ် လှူပါ၊ ရောင်းပါဦး -  ကိုယ်လုံးဝမ၀တ်တဲ့ အ၀တ်တွေ ဖယ်ထုတ်ရတာလွယ်သလောက် ဒီအဆင့်က နည်းနည်း ပိုခက်ပါတယ်။ ကိုယ် သုံးဖြစ်ပေမဲ့ တကယ်  မလိုအပ်တဲ့ အ၀တ်တွေကို ထပ်ပြီး ရွေးထုတ်ပါဦး။ စာရေးသူ အကြံပြုတာကတော့ ဘီရိုထဲမှာ ဘယ်ညာ အကန့်နှစ်ခုခွဲထားပြီး ၀တ်ဖို့အသင့်ဖြစ်နေတာတွေကို ဘယ်ဖက် ၀တ်ဖြစ်တဲ့ အထည်တွေကို ညာဖက်မှာ ပြောင်းချိတ်ပါတဲ့။ တလပြည့်ရင် ဘာတွေဝတ်တယ်ဆိုတာ မှတ်သားပြီး အသစ်က ပြန်စပါ ။  သုံးလေးလ ကြာတဲ့အခါ ကိုယ်လုံးဝ မ၀တ်ဖြစ်သေးတဲ့ အ၀တ်တွေကတော့ စွန့်ပစ်သင့်တဲ့အရာ တွေပါတဲ့။
၆။  အ၀တ်ဝယ်တာကို ဆိုင်းငံ့ထားပါ  -  ကျမတို့ အ၀တ်အစားဝယ်တာက အလေ့အထလို ဖြစ်နေလို့ပါ။ တခါတလေကျရင် ရှင်းထုတ်လိုက် ပြန်ဖြည့်လိုက် ဖြစ်နေတတ်ပါတယ် ( မယုံမရှိ မိုးစက်ပွင့်တို့ ကိုယ်တွေ့)၊ အဲဒီ မဆုံးနိုင်တဲ့ စက်ဝိုင်းကို ချိုးဖျက်တဲ့အနေနဲ့ အ၀တ်ဝယ်တာကို ရပ်ထားပါ (လက်ဆောင်ရရင်တော့ မတတ်နိုင်ဘူးပေါ့လေ - ဟဲဟဲ) ရက်ပေါင်း ကိုးဆယ်လောက် ရပ်ထားနိုင်ရင်ကောင်းပါတယ်။ သင့်ရဲ့ အ၀တ်အစားပေါ်ထားတဲ့ အမြင်တွေ ပြောင်းသွားလိမ့်မယ် တဲ့။
၇။  ငွေ ပမာဏ ကန့်သတ်ထားပါ -  (နည်းတဲ့) အတိုင်းအတာ ငွေပမာဏတခု ကိုသတ်မှတ်ပြီး သူ့ထက် ကျော်ပြီး မ၀ယ်ဖြစ်အောင် ထိန်းပါ။
၈။ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးပါ - ဈေးများချင်များပါစေ၊ ကိုယ် တကယ်တမ်း အရမ်းကြိုက်တဲ့ အ၀တ်ကိုသာဝယ်ပါ။  ကိုယ့်ဘီရိုထဲမှာ ကိုယ်ကြိုက်တာတွေချည်း ရှိနေရင် ထပ်ဖြည့်ချင်မှာ မဟုတ်တော့ဘူး။
၉။ လျှော့ဈေးအပုံများကို ရှောင်ပါ - ရာသီချိန် ဈေးလျော့ရောင်းတဲ့ အ၀တ်တွေဟာ အမှန်တော့ ကိုယ့် (တကယ့်လိုအပ်ချက်)ကို ဈေးသက်သက်သာသာနဲ့ ရရှိအောင် ဖန်တီးပေးတာမျိုး ဖြစ် (သင့်)ပါတယ်။ လက်တွေ့မှာတော့ အဲဒီလိုဖြစ်မလာပါဘူး။  မလိုအပ်တာတွေကို ဈေးသက်သာတုန်းဆိုပြီး အပို ၀ယ်ခြမ်းမိတော့တာပါဘဲ။
၁၀။ လူတွေက မင်းအ၀တ်အစားထက် မင်းကို ပိုပြီး သတိပြုမိတာပါ - Lee Mildon က တခါက ပြောဖူးတယ်။ “မင်းသာ တောက်တောက်ပပ ပြုံးထားမယ်ဆိုရင် လူတွေက အ၀တ်ဟောင်း  ၀တ်ထားရင်တောင် သတိပြုမိမှာ မဟုတ်ဘူး” တဲ့။  အဲဒါလေးတော့ ထောက်ခံတဲ့အနေနဲ့ ကိုယ်တွေ့ ကလေးတခု ပြောပါရစေ။  မိုးစက် တို့ ကျူတာမမ လုပ်စဉ်က ကျောင်းထဲအလာမှာ စီးလာတဲ့ ဒေါက်ဖိနပ် ခြေချော်ပြီး သဲကြိုးပြတ်သွားခဲ့ပါတယ်။  ကိုယ့်စာသင်ဆောင်ကို ရောက်ဖို့  ကိုက် ၂၀၀ လောက်ပဲ လိုတော့တာမို့ ဖိနပ်အပြတ်ကို လက်ဆွဲခြင်းထဲ ကောက်ထည့်ပြီး ခြေဗလာနဲ့ လှမ်းလာတုန်း  ယောက်ျားလေး အသိတသိုက်ကို ဘွားကနဲ တွေ့လိုက်ရတော့ သူတို့အဟားခံရမှာကြောက်ပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားပါတယ်။ အနားမှာ ကျမနဲ့ အတူပါလာတဲ့ မမအိ က အကြံကောင်းတခုပေးပါတယ်။ “မျက်နှာကို အစွမ်းကုန်ပြုံးပြီး နှုတ်ဆက်၊ ဒါမှ ခြေထောက်ကို မကြည့်မိမှာ” တဲ့။ တကယ်တော်တဲ့ မမအိ ပါဘဲ။ ဒီနည်းဗျူဟာက အလုပ်ဖြစ်ပါတယ်။ သကောင့်သား တွေကတော့ ဒီနေ့ မိုးစက်တို့ ထုးထူးခြားခြား၊ ထီပေါက်လာသလား မှိုရလာသလားလို့  ခေါင်းစားသွားမှာ သေချာတယ်။

ဘာပဲပြောပြော ကျမတော့ ဒီအကြံပြုချက် ဆယ်ခုထဲက  အားလုံးနီးပါးကို နှစ်သက်တာမို့ လက်တွေ့ စမ်းသပ်လိုက်ပါဦးမယ်။ သူငယ်ချင်းတို့လည်း ကြိုက်ရင် မှတ်သားသွားပါလို့ လက်တို့လိုက်ရပါတယ်။
(ဒီဆယ်ချက်ထဲမှာ မပါသေးတဲ့ စူးနွယ်ရဲ့ ”၀ယ်သင့် မ၀ယ်သင့် အိမ်မှာ နောက်တခါ ပြန်စဉ်းစားတဲ့နည်း” ကိုလည်း ကြိုက်ပါတယ်၊ ကျမလည်း တခါတရံ ကျင့်သုံးခဲ့ဖူးပါတယ်)

 သောကကင်းဝေး ရိုးရှင်းပျော်ရွှင်သောဘ၀လေးများကို ပိုင်ဆိုင်ကြပါစေ။

မိုးစက်ပွင့်

(ခေါင်းစဉ်က (ဆေးလိပ်နဲ့ကျမ်းမာရေး၊ သင်ကြိုက်ရာရွေး) ကို ကော်ပီပွားထားတာပါ။ စာတွေကတော့ အင်တာနက်မှာမွှေရင်း http://www.becomingminimalist.com ဆိုတဲ့ လင့်ကလေးမှာ စိတ်ဝင်စားစရာကလေးတွေ့လို့ မျှဝေရအောင် ၊ ကိုယ့်ဖာသာလည်း ပြန်ဖတ်ရအောင်၊ ရည်ရွယ်ချက်နဲ့ ဆီလျှော်အောင် အကျဉ်းခြုံးပြီး ပြန်ရေးလိုက်ခြင်းသာဖြစ်ပါတယ်၊ နောက်ထပ် “စာအုပ်များ” “အီးမေးလ်” “ဖေ့စ်ဘွတ်” စသည်တို့နှင့်ပါတ်သက်ပြီး ဘယ်လိုလျော့ချနေထိုင်သင့်သလဲ ဆိုတာတွေကိုလည်း အလျင်းသင့်ရင် ဆက်ပါဦးမယ်)

3 comments:

  1. Very good my friend!
    Love to read as I am interested to be a minimalist.

    ReplyDelete
  2. သဘောကျတယ်
    အသုံးမ၀င်တဲ့ အင်္ကျီတွေ သိမ်းထားရတာ လုံးဝကို မကြိုက်ဘူး
    အကောင်းဆုံးကတော့ လှူတန်လှူပေးတန်ပေးလိုက်တာ အကောင်းဆုံးပါ။
    ကိုယ်နဲ့ အဆင်ပြေတဲ့ အ၀တ်အစားတွေသာ ရှိနေတာ စိတ်ရှုပ်လဲ သက်သာ ရွေးလို့ကောင်း....

    ReplyDelete
  3. အိမ်ကလူကတော့ အသစ်၂ထည်ဝယ်ရင်၊ အဟောင်း၂ထည်ပစ်တယ်။
    ကျမကတော့ သိမ်းထားတတ်သေးတယ်။
    အခုတလောမ၀ယ်ဖြစ်တာကြာပြီ။
    နွေရောက်ရင်တော့ဝယ်ဖြစ်အုံးမလားပဲ။
    ပြုံးပဲပြုံးထားတော့မယ်။

    ReplyDelete

ပဲ့တင်သံလေးတွေ .......