(တကယ့် စာလုံးပေါင်းအမှန်က အိပ်မက်လား အိမ်မက်လားတော့မသိ။) ညက ရယ်ချင်စရာ အိမ်မက်လေးတခု နည်းနည်း ထူးထူးဆန်းဆန်းမက်လို့ ဒီအကြောင်းလေး ချရေးမိတာပါ။ အိမ်မက်ထဲမှာ- ကျမက ကိုယ့်ဘယ်လက် လက်ကောက်ဝတ်ကို ကိုယ့်ညာလက်ကဒါးနဲ့ ခုတ်ဖြတ်ပစ်လိုက်တယ်။ ကြောက်လဲမကြောက်ဖူး၊ နာလဲမနာဘူး (အင်းလေ- အိမ်မက်ထဲဘဲ ဘယ် နာကျင် ပါ့မလဲနော့၊ ဒါပေမဲ့ ဆူးစူးတာတောင် ကြောက်တတ်တဲ့ မိုးစက်က အိမ်မက်ထဲမှာ မကြောက်လိုက်ပုံများ။ ဆန်းပါ့။ ) မကြာခင်ပဲ ဘယ်လက်က မူလအတိုင်းပြန်ထွက်လာတယ်၊ ရုပ်ရှင်ထဲမှာ ဆိုရင်တော့ ဒန့်တန်တန် ပေါ့လေ။ အဲဒါကိုပဲ ဘေးနားကလူကို သုံးလေးခါ ဖြတ်ဖြတ်ပြနေတာ ။ ဖြတ်တိုင်းလည်း ပြန်ထွက်လာတာချည်းပဲ။ အဲဒါကြောင့် ဆန်းပါတယ်လို့ ပြောတာပါ။ ညက တရုတ်သိုင်းကားလည်း မကြည့်မိပါဘူး။
ငယ်ငယ်ကတော့ အိမ်မက်ဆန်းဆန်းမက်ပြီဆို မိုးလင်းတာနဲ့ “အိမ်မက်တိတ္ထုံကျမ်း” ဆိုတာကြီးကို ဖွင့်ဖွင့်ဖတ်တာ။ အခုထိ တချို့တောင် မှတ်မိသေးတယ်။ မြွေမြင်ရင် လာဘ်လာဘ ရမယ်တဲ့၊ မီးကိုမြင်ရင် ဘုန်းကြီးမယ်၊ ရေကြည်ကိုမြင်ရင် စိတ်ချမ်းမြေ့ရမယ်၊ ရေနောက်ကိုမြင်ရင် စိတ်ညစ်ညူးရမယ် တဲ့။ အများကြီးပါပဲ။ မမှတ်မိတော့ဘူး။ အသက်ကြီးလာတော့လည်း အိမ်မက်က အနာဂတ်ကို ဟောတယ်လို့ မယုံတော့တာနဲ့ စာအုပ်ကြီးလဲ ချောင်ထဲရောက်သွားပါပြီ။
”အိမ်မက်ကောင်းစဉ် မိုးမလင်းချင်” ဆိုတဲ့ စာသားလိုဘဲ။ တခါတလေ အိမ်မက်တွေက သိပ်ကောင်းတယ်။ ပျော်ရွှင်ဘွယ်ခရီးတွေ၊ စားကောင်းသောက်ဖွယ်တွေ စားနေတဲ့အချိန် သူများနှိုးလို့ဘဲဖြစ်ဖြစ်၊ ကိုယ့်ဖာသာ နိုးလာလို့ဘဲဖြစ်ဖြစ် သိတ်စိတ်ဆိုးတယ်။ ငယ်ငယ်က အမေအိပ်ယာလာနှိုးရင် “ဟင်- သမီးအိမ်မက် ကောင်းကောင်းလေး ပျက်သွားပြီ ” ဆိုပြီး ဂျီကျတတ်ပါသေးတယ်။ တခါတရံ အမေက “ပြန်အိပ်၊ ပြန်အိပ် ” တဲ့။ ကျမလဲ ပြန်အိပ်ပြီး ပြန်ဆက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ မရတော့ပါဘူး။
ကျမ မကြာခဏမက်လေ့ရှိတဲ့ အိမ်မက်ကတော့ ( တခြားသူငယ်ချင်းတော်တော်များများလဲ အတူတူပဲလို့ ပြောပါတယ်) စာမေးပွဲဖြေတဲ့ အကြောင်းပါ။ စာမေးပွဲချိန် နောက်ကျနေတာမျိုး၊ ခေါင်းထဲမှာ ဗလာ စာတွေ ဘာမှမရဘူး ဖြစ်နေတာမျိုး စိတ်ဒုက္ခရောက်ရတာတွေပါ။
တယောက်နဲ့တယောက် အိမ်မက်မက်တဲ့ အလေ့အထ ကွာခြားမယ်ထင်ပါတယ်။ ဥပမာ- ကျမဆို မကြာခဏ အိမ်မက်မက်လေ့ရှိပြီး၊ နေ့လည်နေ့ခင်း မှေးခနဲအိပ်ပျော်ရင်တောင် အိမ်မက်ခပ်တိုတို ကလေးတခုလောက် မက်တတ်သူပါ။ ကိုသကောင့်သားကတော့ အိမ်မက် မမက်သလောက်နီးနီးပါဘဲ။ ကျမ အိမ်မက်တွေကို ပြန်ပြန်ပြောပြတိုင်း သူက အမြဲ လှောင်ရယ်ရယ်နေတတ်ပါတယ်။ “မက်နိုင်ရန်ကော” ဆိုတဲ့ အချိုးနဲ့လေ။ သိပ္မံပညာကတော့ အိမ်မက်တွေရဲ့ ၉၅ ရာခိုင်နှုန်းက မမှတ်မိနိုင်ပါဘူးတဲ့။ နောက်ပြီး အိမ်မက်က သိပ်ထင်ရှားလွန်းနေတာမျိုး၊ နိုးတ၀က်အိမ်မက် သို့မဟုတ် အိမ်မက်ပြီးပြီးချင်း ချက်ချင်းနိုးလာတာမျိုးမှသာ မှတ်မိနိုင်ပါတယ် တဲ့။ အမျိုးသမီးတွေက အမျိုးသားတွေထက်လည်း အိမ်မက်ကို မှတ်မိတတ်ကြပါတယ် တဲ့။
ငယ်ငယ်က ကြားဖူးတာကတော့ အိမ်မက်တွေက မျက်နှာသစ်လိုက်ရင် မေ့သွားတယ်တဲ့။ အင်းလေ- ရေကအေးတော့ အာရုံကြောတွေ နိုးကြွလာပြီး အဟောင်းတွေ လွင့်ပြယ်သွားတာလည်း ဟုတ်မှာ။ အဲဒါကြောင့် ကိုယ့်အိမ်မက် ဆန်းရင် မျက်နှာမသစ်ခင် အမေ့ကို ပြောပြောပြရတာ အမော။ ငယ်အိမ်မက် တွေထဲမှာ မေ့မရတာတွေလဲရှိတယ်။ ဥပမာ- ကောင်းကင်တခုလုံး နီနီရဲရဲကြီးဖြစ်နေပြီး ဆင်ဖြူ သေးသေးလေးတွေ အတန်းလိုက် အကွက်လိုက် အပြည့်စီနေတာကို တအံ့တသြ မြင်ရတဲ့ အိမ်မက်မျိုးပေါ့။ အဲဒီမှာ တခုသေချာသွားတာက ကျမဟာ လူအများစုလိုဘဲအိမ်မက်တွေကို အရောင်စုံ မက်တတ်သူ ဆိုတာပါဘဲ။ လူတချို့ကတော့ (အဖြူအမည်း) တွေပဲ မက်လေ့ရှိတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။
အနောက်တိုင်းရော အရှေ့တိုင်းမှာပါ အိမ်မက်တွေက မသိစိတ်ရဲ့ ရိုက်ခတ်မှု၊ တုန့်ပြန်မှု၊ အာရုံကြောတွေရဲ့ တုန့်ပြန်မှု လို့ လက်ခံကြသူတွေ ရှိသလို ကိုယ့်အနာဂတ်ကို ခပ်ဝါးဝါးမှန်းဆနိုင်စေတဲ့ တန်ခိုးရှင်တယောက်ယောက်ရဲ့ သတိပေးချက် ( predictive dream) လို့လည်း ယုံကြည်ကြသူတွေ အများအပြားရှိပါတယ်။ ဒဏ္ကာရီတွေလား မသိရပေမဲ့ ဂျူးလီးယက်ဆီဇာလုပ်ကြံခံရမဲ့နေ့မှာ သူ့မိန်းမက “ဒီကနေ့ လွှတ်တော်မတက်ပါနဲ့လားရှင်ရယ်၊ ကျမ အိမ်မက်တွေ မကောင်းလို့ပါ” လို့ ပြောခဲ့တာ မှတ်သားဖူးပါတယ်။ (ဆီဇာက “မဖြစ်ဘူး ရှင်မရယ်၊ ကိုယ်ဒီနေ့ စက်ခလုပ်နှိပ်ပြီး ၀န်ကြီးရွေးဖို့ မဲပေးရမယ်” ဆိုပြီး ထွက်သွားလိုက်တာ သူ့နောက်ကျော ဓါးထိုးခံရပါလေရော၊ ဒါကြောင့် မိန်းမစကား နားထောင်ဖို့လိုတယ် လို့ လူကြီးသူမတွေက ပြောကြတာ) နောက်ပြီး မယ်တော်မာယာဆိုလည်း ဘုန်းတန်ခိုးကြီးမဲ့ သားတော်အတွက် သူ့ရဲ့လက်ယာနံတောင်း ဆင်ဖြူအောင်းတယ်လို့ အိမ်မက်ကြိုတင် ရခဲ့တာမဟုတ်လား။
အိမ်မက်ထဲမှာတွေ့ရတာတွေကို အပြင်မှာ တကယ်ဖြစ်လာရင် လို့ deja' vu ခေါ်ပါသတဲ့။ အဲဒီလူတွေဟာ မိမိ အိမ်မက်ကို အချိန်တခုအထိ မေ့နေတတ်ပါသတဲ့။ အိမ်မက်ထဲက အဖြစ်အပျက်၊ နေရာတွေကို တထပ်တည်း ကြုံတွေ့ချိန်ကျမှသာ သူ့အိမ်မက်ကို ပြန်သတိရလာပြီး အံ့သြနေတတ်ကြပါတယ်။ တချို့ဆိုရင် ကာယကံရှင် နှစ်ယောက်လုံး ကိုယ့်ရဲ့ အိမ်ထောင်ဖက်ပုံတွေကို အိမ်မက်ထဲမှာ ကြိုမြင်ထားကြတာတဲ့လေ။ တဖက်မှာ သူတို့ဟာ လုပ်ကြံပြောတယ်လို့ မစွပ်စွဲနိုင်လောက်အောင် ဂုဏ်သိက္ခာရှိသူတွေလည်း ဖြစ်နေပါတယ်။ အဲဒါဟာ တိုက်ဆိုင်မှုဆိုရင်တောင် တော်တော်ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ ပြောရမှာပါ။
ပုံက ဒီက ပါ။
အိမ်မက်တွေကို သိပ္မဲနည်းကျ လေ့လာတဲ့ပညာကို Oneirology လို့ခေါ်ပါသတဲ့။ အိမ်မက်နဲ့ ပါတ်သက်လို့ အယူအဆ အမျိုးမျိုးရှိကြရမှာ ထင်ရှားတဲ့ အတွေးအခေါ်အချို့ကို wiki မှာ အောက်ပါအတိုင်းတွေ့ရပါတယ်။
- အိမ်မက်ဆိုတာ စိတ်ထဲက ဖိနှိပ်ထားတဲ့အပိုင်းတွေကို သက်သာရာရဖို့ (သိစိတ်ကလေး နည်းနည်းလောက် ၀င်လာတာနဲ့ အလန့်တကြား နိုးသွားစေတဲ့ အရာတွေကို) စိတ်ကူးယဉ်ပြီး မက်တာ လို့ ပြောပါတယ်။
- ဆစ်ဂမန်ဖရွိုက် (Sigmund Fraud) ကတော့ အိမ်မက်ဆိုးတွေဟာ စိတ်ဆင်းရဲစရာ အခြေအနေတွေမှာ ကိုယ့်စိတ်ကို ဘယ်လို ထိမ်းချူပ်ရမယ်ဆိုတဲ့ အတွေ့အကြုံကို ဦးနှောက်က သင်ယူတာ လို့ ဆိုပါတယ်။
- ကားလ်ဂျန် (Carl Jung ) ကတော့ အိမ်မက်ဆိုတာ အသိစိတ်နဲ့ လှုပ်ရှားနေတဲ့အချိန်တွေမှာ ကိုယ်တဖက်သတ် ဆောင်ရွက်ခဲ့တာတွေအတွက် အလျော်အစားပြန်ပေးတဲ့ သဘောမျိုးဖြစ်တယ် တဲ့။
- Sandor Ferenczi ( အသံထွက်က ဗမာလိုရေးရင် မှားမှာစိုးလို့ ) ကတော့ အပြင်မှာ ပွင့်ပွင့်လင်းလင်း ဖွင့်မပြောနိုင်တဲ့အရာတွေကို အိမ်မက်တွေက ပုံဖေါ်ပေးနေတာတဲ့။ (ဥပမာ- ဘရက်ပစ်နဲ့ ချစ်သူဖြစ်ချင်တာမျိုးနေမှာပေါ့- )
- လက်ရှိစိတ်အခြေအနေကိုလိုက်ပြီး အိမ်မက်မက်တာပါလို့ တချို့ကလည်း ဆိုကြတယ်။
- Hartmann ကတော့ အိမ်မက်တွေဟာ စိတ်ကုထုံးတခုဖြစ်ပါတယ်တဲ့။ သူတို့က အိမ်မက်ရှင်ကို လုံခြုံတဲ့နေရာတခုနဲ့ ဆက်သွယ်ပေးတယ်။ အဲဒီမှာ နိုးထစဉ်အချိန်တွေရဲ့ ပြန့်ကျဲနေတဲ့ စိတ်တွေ အတွေးအခေါ်တွေကို စုစည်းပေးလိုက်တယ် လို့ ဆိုပါတယ်။
- မကြာသေးခင်ကမှ စိတ်ပညာရှင် Joe Griffin က သူ့ရဲ့ ၁၂ နှစ်ကြာသုတေသနပြုချက်တွေကို စုစည်းတင်ပြခဲ့ရာမှာ အိမ်မက်တွေဟာ နို့တိုက်သတ္တ၀ါတွေရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို အာရုံကြောတွေက ဖြည့်ဆည်းပေးတဲ့အရာ တဲ့။ သူက အိမ်မက်တွေဟာ စိတ်ဖိစီးမှုကို လျော့ကျစေတယ်လို့ ပြောပါသေးတယ်။
လူ့စိတ်ဟာ ရှုပ်ထွေးပွေလီသလို စိတ်ပညာဟာလည်း ခက်ခဲ နက်နဲလှပါတယ်။ အိမ်မက်တွေကတော့ စိတ်ပညာ သမုဒ္ဒရာကြီးထဲက အရောင်နဲ့ အရွယ်အစားအမျိုးမျိုးရှိတဲ့ ကျောက်စရစ်ခဲလေးတွေ ရေညှိရေမှော်လေးတွေနဲ့ တူနေနိုင်ပါတယ်။ ဒါကြောင့်လည်း စိတ်ပညာရှင်တွေကတော့ အိမ်မက်တွေကို သိပ် စိတ်ဝင်စားပါတယ်။ စိတ်ရောဂါကုတဲ့ စိတ်ခွဲပညာရှင်တွေအတွက်ကတော့ လူနာတွေရဲ့ dream journal/ dream diary တွေဟာ တော်တော် အသုံးဝင်ပါသတဲ့။
ဘာပဲပြောပြော ကျမကတော့ အိမ်မက်တွေကို သိပ်ကြိုက်တယ်။ ဆေးပညာက ဘယ်လိုပဲ အိမ်မက်ကြောင့် အိပ်ရေးမ၀ဘူး ပြောစေဦးတော့ နှစ်နှစ်ခြိုက်ခြိုက်ဆက်မက် သွားဦးမှာပါ။ အိမ်မက်တွေကြောင့် လူ့ဘ၀ကြီးက ပိုလှပြီး ပိုအရောင်စုံလာတယ်လို့ ထင်မိတယ်။ သူတောင်းစားကလည်း သူ့ဇရပ်အိုလေးပေါ်မှာအိပ်ရင်း ရှင်ဘုရင်ဖြစ်နေတဲ့ အိမ်မက်မျိုး မက်ခွင့်ရှိပါတယ်လေ။
မဖြစ်နိုင်တာတွေ စိတ်ကူးနေတဲ့သူကို “အိမ်မက်မက်နေတယ်” လို့ လူတွေက ပြောလေ့ရှိတယ်မဟုတ်လား။ ဒါပေမဲ့ အိမ်မက်တွေက တနေ့နေ့မှာ တကယ်ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးလေ။ အိမ်မက်ကို တွန်းအားတခုအဖြစ် အသုံးချနိုင်ပါတယ်။ “လူငယ်ဆိုတာ အိမ်မက်မက်ရမယ်” လို့ အထင်ကရ သတင်းစာဆရာဟောင်းကြီး တယောက်က ဆိုလေရဲ့။ အိမ်မက်ကို ထိုင်စောင့်မနေဘဲ စဉ်ဆက်မပြတ် ကြိုးစားနေဖို့တော့ လိုမယ်ထင်ပါတယ်။
သူငယ်ချင်းတို့ အားလုံး အိမ်မက်လှလှ မက်နိုင်ကြပါစေ...လို့ ဆုတောင်းလိုက်ပါတယ်။
မိုးစက်ပွင့်
(ပုံတွေ အားလုံးကို ဒီက ယူပါတယ်)
အဲဒီ “အိမ်မက်တိတ္ထုံကျမ်း” ဆိုတာကြီးက တို့အဒေါ်ရဲ့လက်စွဲပေါ့။ သူ့ကြောင့်တို့လည်း ငယ်ငယ်က ဘာမက်ရင်ဘာဆိုပြီး ကြားဖူးနားရည်ဝနေတာ။ အဒေါ်က ဘာမက်မက် အတိတ်နမိတ်ကောက်တတ်တယ်။ ကောက်တိုင်းလည်း တိုက်ဆိုင်ပြီး မှန်နေတာပဲ။
ReplyDeleteတို့လည်း အိပ်မက်ထဲမှာ စာမေးပွဲမှာစာတလုံးမှမရတာမျိုး ခနခနမက်တယ်။ နောက်ပြီး အပေါ်ကနေအောက်ဖက်ကို အမြင့်ကြီးကနေပြုတ်ကျသလိုမျိုး အသည်းအေးကနဲ ဖြစ်သွားတာ ခနခနပဲ။ အဲဒါကတော့ အမေ့ဝမ်းကနေ ကျွတ်ပုံကို သတိရလို့ ပြန်မက်တာလို့ ဖတ်ဖူးတယ်။ အဲဒါကြောင့်လားမသိ ငယ်ငယ်လေးတုန်းက ခနခနမက်တယ်။ ခု အဲဒါမျိုးမမက်တော့ဘူး။
နောက်ပြီး နေ့ခင်းက လုပ်စရာပြောစရာတွေကို စွဲပြီး ညကျတော့ အိပ်မက်ထဲမှာ လုပ်ပြီးပြောပြီးနေပြီ ဆိုပြီးပြန်မက်တယ်။ နောက်နေ့ကျမှ ငါတကယ်လည်း မလုပ်ရသေးပါလားပေါ့။ အဲဒါကတော့ စိတ်စွဲလို့ထင်တယ်။
စူးနွယ်လေး
အိပ်မက်လှလှလေးတွေဆက်မက်နိုင်ပါစေ...
ReplyDeleteသာယာချမ်းမြေ့ပါစေရှင်း
မိုး
စူးနွယ်... အမြင့်က ပြုတ်ကျတယ်လို့ အိမ်မက်တာ အမေ့ဝမ်းက ကျွတ်တာကို စွဲတာလား... ဒါဆို အမေဗိုက်ခွဲမွေးတဲ့သူတွေတော့ အဲလိုမမက်ဘူးပေါ့နော် :-)
ReplyDeleteညီမလေးမိုး ... အမြဲတမ်း ချစ်စဖွယ် နှုတ်ဆက်တတ်သူလေးမို့ ကျေးဇူးတင်ပါတယ် :-)
ဟိ...ဗိုက်ခွဲမွေးတဲ့သူလည်းမက်မှာပဲထင်တယ်
ReplyDeleteပထမ မည်းမည်းမှောင်မှောင်နေရာကနေ ဆွဲထုတ်ခံရတော့ အသည်းအေးကနဲ ဖြစ်သွားတာမျိုးလေ။ တို့ဆို လူဖြစ်ကတည်းက အိပ်မက်ဆို အဲဒီအိပ်မက်နဲ့စခဲ့တာ။ မည်းမည်းမှောင်မှောင်နဲ့ ခရီးရှည်ကြီး အသည်းလှပ်လှပ်နဲ့။ ကလေးကအထဲက တိုးထွက်နေတဲ့အချိန်နေမှာပေါ့။ Sigmund Fraud ရေးဖူးတယ် ထင်တာပဲ မမှတ်မိတော့ဘူး။ အသက်၂၀ ကျော်လာတဲ့အချိန် သိပ်မမက်တော့ဘူး။ ခုဆို အဲလို လုံးဝမမက်တော့ဘူး။ ဒါပေမယ့် ခနခနမက်ခဲ့လို့ အသည်းစွဲမှတ်မိနေတယ်။
စူးနွယ်လေး
ကျွန်တော်လည်း အိပ်မက်တွေကို သဘောကျတယ်..၊ဒါပေမယ့် မက်ခဲတယ်ဗျ..။
ReplyDeleteကျောင်းသားဘဝကတော့ သမိုင်းဖြေမယ့်နေ့ မှာ ပထဝီကျက်သွားမိလို့ ဘာမှ
မဖြေနိုင်ဖြစ်ရတယ်...ဆိုတာမျိုး မက်ပါ့ဗျာ....:)
ကျမကတော့ အိမ်မက်ထဲမှာ တယောက်ယောက်ဆီ (??) အမြဲသွားတယ်။ လမ်းမှာ ကားမရတာ၊ကားမမီတာ၊ လမ်းပျောက်တာတွေ
ReplyDeleteအမြဲကြုံရတယ်။ မတွေ့ ရတာများတယ်။ တွေ့ ပြန်တော့လည်း အနှောက်အယှက်တွေနဲ့ ... မောလိုက်တာ။
အိမ်မက် မက်ခဲတယ်... အိမ်မက်လှလှလေးတွေဘဲ မက်ချင်ပါတယ်....
ReplyDeleterose of sharon