Friday, 18 February 2011

အညာဓါတ်ပုံများ (၁)

ခရီး ပြန်ရောက်ရောက်ချင်း ဓါတ်ပုံကလေးတွေ သတိတရ တင်လိုက်ပါတယ်။  သူငယ်ချင်းတို့လည်း ကျမနဲ့အတူ ခရီးသွားကြရအောင်ပါနော်။  စာနည်းနည်း ပုံများများပဲ တင်ပါတော့မယ်။

ထွက်ချိန်အတိအကျမရှိတဲ့ အစောဆုံးဇက်ရေယာဉ်ကို မှီဖို့ရာအတွက် ညောင်ဦး ဇက်ဆိပ်ကို မနက်ခြောက်နာရီခွဲအရောက် သွားချင်တာမို့ ကားကို သွက်သွက်လေး မောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ထွက်ပြူစ မနက်ခင်းနေလုံးကြီးကိုမြင်တော့ ကြုံခဲဘိခြင်းမို့ ဆင်းပြီး ဓါတ်ပုံရိုက်မိပါတယ်။
ရိုက်မိမှတော့ တပုံတည်းနဲ့ မပြီးပါဘူး။ နေ တဖြေးဖြေးမြင့်လာတာကို ရိုက်ရင်း   ဆယ်မိနစ်လောက်များ ကြာသွားမလားဘဲ။  သတိရလို့ ဇက်ဆိပ်ကို အမြန်လာခဲ့ပေမဲ့ နောက်ကျသွားခဲ့ပါတယ်။ အခုလေးပဲ ထွက်သွားတာပါတဲ့။ စောင့်ပေဦးတော့ပေါ့နော်။ ငါးမရရင် ရေချိုးတတ်တဲ့ ကျမတို့အဖွဲ့က ပါလာတဲ့ ထမင်းနဲထုပ်တွေကို ဖွင့်ပြီး ဆိတ်သားကြော်နဲ့ မနက်စာလွေးကြပါတယ်။ နာရီဝက်လောက်ဘဲ စောင့်လိုက်ရတယ်....။ ဟိုဖက်ကမ်းက ဇက်တစင်း ကူးလာတာမို့  ကျမတို့အားရ၀မ်းသာ ခရီးဆက်ခဲ့ရပါတယ်။

ကမ်းကခွာပြီ။ မြင်နေကျ ကြက်သွန်ခင်းစိမ်းစိမ်းနဲ့  အကြော်တဲလေး။
ရေလည်ခေါင် ရောက်တော့ လတ်ဆတ်တဲ့ နေရောင်အောက်မှာ မြစ်ကူးတံတားစီမံကိန်းကိုမြင်ရတယ်။  ၂၀၁၁ အလယ်လောက်မှာ ပြီးမယ်လို့ ပြောသံကြားမိပါရဲ့။

Thursday, 10 February 2011

အိမ်မက်တွေရဲ့ အကြောင်း

(တကယ့် စာလုံးပေါင်းအမှန်က အိပ်မက်လား အိမ်မက်လားတော့မသိ။) ညက ရယ်ချင်စရာ အိမ်မက်လေးတခု နည်းနည်း ထူးထူးဆန်းဆန်းမက်လို့ ဒီအကြောင်းလေး ချရေးမိတာပါ။ အိမ်မက်ထဲမှာ- ကျမက ကိုယ့်ဘယ်လက် လက်ကောက်ဝတ်ကို ကိုယ့်ညာလက်ကဒါးနဲ့ ခုတ်ဖြတ်ပစ်လိုက်တယ်။  ကြောက်လဲမကြောက်ဖူး၊ နာလဲမနာဘူး (အင်းလေ- အိမ်မက်ထဲဘဲ ဘယ် နာကျင် ပါ့မလဲနော့၊ ဒါပေမဲ့ ဆူးစူးတာတောင် ကြောက်တတ်တဲ့ မိုးစက်က အိမ်မက်ထဲမှာ မကြောက်လိုက်ပုံများ။ ဆန်းပါ့။ ) မကြာခင်ပဲ ဘယ်လက်က မူလအတိုင်းပြန်ထွက်လာတယ်၊ ရုပ်ရှင်ထဲမှာ ဆိုရင်တော့ ဒန့်တန်တန် ပေါ့လေ။ အဲဒါကိုပဲ ဘေးနားကလူကို သုံးလေးခါ ဖြတ်ဖြတ်ပြနေတာ ။ ဖြတ်တိုင်းလည်း ပြန်ထွက်လာတာချည်းပဲ။ အဲဒါကြောင့် ဆန်းပါတယ်လို့ ပြောတာပါ။ ညက တရုတ်သိုင်းကားလည်း မကြည့်မိပါဘူး။

ငယ်ငယ်ကတော့ အိမ်မက်ဆန်းဆန်းမက်ပြီဆို  မိုးလင်းတာနဲ့ “အိမ်မက်တိတ္ထုံကျမ်း” ဆိုတာကြီးကို ဖွင့်ဖွင့်ဖတ်တာ။  အခုထိ တချို့တောင် မှတ်မိသေးတယ်။  မြွေမြင်ရင် လာဘ်လာဘ ရမယ်တဲ့၊ မီးကိုမြင်ရင် ဘုန်းကြီးမယ်၊ ရေကြည်ကိုမြင်ရင် စိတ်ချမ်းမြေ့ရမယ်၊ ရေနောက်ကိုမြင်ရင် စိတ်ညစ်ညူးရမယ် တဲ့။  အများကြီးပါပဲ။ မမှတ်မိတော့ဘူး။ အသက်ကြီးလာတော့လည်း အိမ်မက်က အနာဂတ်ကို ဟောတယ်လို့ မယုံတော့တာနဲ့  စာအုပ်ကြီးလဲ ချောင်ထဲရောက်သွားပါပြီ။

”အိမ်မက်ကောင်းစဉ် မိုးမလင်းချင်” ဆိုတဲ့ စာသားလိုဘဲ။ တခါတလေ အိမ်မက်တွေက သိပ်ကောင်းတယ်။ ပျော်ရွှင်ဘွယ်ခရီးတွေ၊ စားကောင်းသောက်ဖွယ်တွေ စားနေတဲ့အချိန်  သူများနှိုးလို့ဘဲဖြစ်ဖြစ်၊ ကိုယ့်ဖာသာ နိုးလာလို့ဘဲဖြစ်ဖြစ် သိတ်စိတ်ဆိုးတယ်။ ငယ်ငယ်က အမေအိပ်ယာလာနှိုးရင်  “ဟင်- သမီးအိမ်မက် ကောင်းကောင်းလေး ပျက်သွားပြီ ” ဆိုပြီး ဂျီကျတတ်ပါသေးတယ်။ တခါတရံ အမေက “ပြန်အိပ်၊ ပြန်အိပ် ” တဲ့။  ကျမလဲ ပြန်အိပ်ပြီး ပြန်ဆက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ မရတော့ပါဘူး။


Friday, 4 February 2011

ဆံရစ်ဝိုင်း

ဆံရစ်ဝိုင်းဆိုသည်မှာ အားလုံးသိကြသည့်အတိုင်း ရှေးက မြန်မာ လုံမငယ်တို့ ဆင်ယင်ထုံးဖွဲ့လေ့ရှိသော ဆံပင် ပုံစံတမျိုးကို ခေါ်ခြင်းဖြစ်သည်။ နဖူးဆံစ ဦးခေါင်း ပါတ်ပါတ်လည် စက်ဝိုင်းသဏ္ကာန် ရစ်ထားသောဆံပင်များကို အောက်သို့ အတန်းလိုက် ချတာကချ၊ အပေါ်သို့စုထုံးဖို့ လှန်တင်တာက တင်ထားရသည်။ ပန်းကုံးညီမှလှသည်။ ဆံရစ်ဝိုင်းပုံစံမှာ အရိုးရှင်းဆုံးနှင့် အကြော့ရှင်းဆုံးဖြစ်ပြီး ကလေးဆန်ခြင်းကို ပြသည့်သဘောလည်းဖြစ်သည်။ အသက် လေးငါးနှစ်သမီး အရွယ် ဆံပင်စထားပြီ ဆိုကတည်းက ဆံရစ်ဝိုင်းပုံကို စတင်ထားတတ်ကြသည်မှာ ရှေးမြန်မာတို့ဓလေ့ပဲ ဖြစ်သည်။ ဆယ်ကျော်သက် အရွယ်ရောက်လျှင်တော့ ဆံပင်ကို အုပ်လုံးသုံးပြီး ဆံထုံး၊ ဆံတောက် စသဖြင့် အလှအပ အဆင်တန်ဆာတွေ စိတ်ကြိုက်ပြုပြင်ကြတော့သည်။
(ခင်ခင်ထူး - ဆံရစ်ဝိုင်း ၀တ္တုတိုများ မှ)

ဆံရစ်ဝိုင်းလေးတွေက မြန်မာရိုးရာစစ်စစ်ဖြစ်ပြီး ချစ်စရာလည်းကောင်းပါတယ်။ ဒါပေမဲ့ ပြောင်းလဲတိုးတက်လာသော ခေတ်နဲ့အညီ ဆံရစ်ဝိုင်းဟာ ရာဇ၀င်ထဲမှာ ကျန်ခဲ့ပြီမို့ တော်တော်ကို ဝေးလံတဲ့ ကျေးလက်ဒေသများမှာဘဲ တွေ့နိုင်ပါတော့တယ်။  တလောက ရေစကြိုမြို့နယ်က “အညာတော” ဆိုတဲ့ ကျေးရွာလေးကို ရောက်ခဲ့ပါတယ်။   အတူပါလာတဲ့ ညီမလေးက “အစ်မ ဒီရွာမှာ ဆံရစ်ဝိုင်းလေးတွေ အများကြီးပဲ”  လို့ ဆိုလာပါတယ်။  ဒီနေ့ခေတ်အခါမှာ မြင်တွေ့ဖို့ ရှားသွားပြီဖြစ်တဲ့ ဒီဆံပင်ပုံစံလေးတွေကို ကျမလည်း တအားစိတ်ဝင်စားသွားပါတယ်။ ဒါကို အရိပ်အကဲ သိတဲ့ ရွာက ဘကြီးတယောက်က သူတို့ကို တစုတဝေးထဲ တွေ့ရမဲ့ စာသင်ကျောင်းကလေး ဆီသို့ ကျမကို ဦးဆောင်ပြီးခေါ်သွားပါတယ်။  ကျောင်းလွှတ်ချိန်မို့  အတော်ပင်။ ဘကြီးက “ဆံရစ်ဝိုင်းလေးတွေ ဒီကိုလာဦးဟေ့” လို့ လူစုပေးတာနဲ့ ချစ်စရာကလေးငယ်ကလေးတွေကို မှတ်တမ်းတင်ခွင့် ရလိုက်ပါတယ်။

ဂျပန်ဆံတောက်လို့ ခေါ်တဲ့ ကုပ်ဝဲဆံပင်လေးတွေ၊ ခပ်တိုတို ဘိုကေလေးတွေနဲ့  ကျောင်းသူ မိန်းကလေး တချို့ရှိပေမဲ့ အများစုက ဆံရစ်ဝိုင်း ကလေးတွေနဲ့ပါ။  ကြည့်ပါဦး ပါးကွက်လေးနဲ့ ချစ်စရာ- ရိုးသားတဲ့ ဖိုးသခွား အဲ အဲ  မိသခွားလေး။

Thursday, 3 February 2011

အ၀တ်အထည်ပုံ နဲ့ ပျော်ရွှင်ရေး၊ သင်ကြိုက်ရာရွေး

အမေရိကန်တယောက်ဟာ ပျမ်းမျှ တနှစ်ကို အ၀တ်အထည် ၆၂ပေါင် လွှင့်ပစ်နေပါသတဲ့။  ရွှေပြည်ကြီးက ရွှေမြန်မာအများစုကတော့ ဒီလောက် တတ်နိုင်မယ်မထင်။ သို့သော်လည်း လူလတ်တန်းစား အမျိုးသမီး အများစုရဲ့ သေတ္တာထဲမှာ အသုံးမ၀င် အသုံးမတည့်တော့တဲ့ အ၀တ်အစားတွေ  တပုံကြီး ရှိနေမှာကတော့ အသေအချာ ပြောရဲပါတယ်။

အောက်ပါ အဆိုအမိန့်ကလေးကလည်း မှတ်သားစရာ ကောင်းလှပါတယ်။
Know, first, who you are; and then adorn yourself accordingly.” – Epictetus
စာရေးသူ Joshua Becker က ဒီလိုပြောပါတယ်။
ကျမတို့ဟာ အ၀တ်အစားတွေ နည်းနည်းပဲ ရှိမယ်ဆိုရင်-
  • ငွေတွေ ဒီ့ထက်ပိုစုမိမယ်။
  • ဘ၀မှာ အချိန်တွေ ပိုရလာမယ်။
  • မနက်တိုင်း (ဘာဝတ်ရမလဲဆိုတဲ့) ခေါင်းစားမှုက ကင်းဝေးစေမယ်။
  • ဘီရိုဟာ သန့်ရှင်းပြီး စံနစ်တကျ ရှိနေမယ်။
  • ခရီးသွားလို့ ထုပ်ပိုးရတိုင်း အချိန်ကုန်သက်သာ လွယ်ကူမယ်။
  • အ၀တ်လျှော်ရတာ ပိုလွယ်ကူမယ် (နည်းသွားမယ်လို့ မဆိုလိုပါ)

Wednesday, 2 February 2011

Minimalist ဖြစ်ချင်တယ်

ရုပ်ဝတ္တုတွေ အလျံပယ်ပေါများနေတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ ဆရာကြီးကွေးရဲ့ ဖွတ်ကလိဒင်္ဂါးသာ အရှာခက်ပေမဲ့ လူ့အသုံးအဆောင် တွေကတော့ ပင်လယ်ကမ်းစပ်က ဒီရေလှိုင်းလုံးကြီးတွေအလား ။  မီနီ မားကက်ထဲ တပါတ်လောက်လျှောက်ကြည့်လိုက်တာနဲ့  ပစ္စည်းအဖုံဖုံက အရောင်စုံ အသွေးစုံ ဒီဇိုင်းစုံနဲ့  မြင်သူတကာကို လိုချင်စိတ်တွေ ယိုဖိတ်လာအောင် မျက်စပစ် ဆွဲဆောင် နေကြပါတယ်။ အင်တာနက်မှာ တွေ့ရပါဦမယ်။ သွားရည်ယိုစရာ နောက်ဆုံးပေါ် ပစ္စည်းအသုံးအဆောင်တွေ။ ဒါပေမဲ့ သူတို့က လူတိုင်းကိုတော့ မဖမ်းစားနိုင်ကြပါဘူး။ အထူးသဖြင့်တော့  Minimalist ဆိုတဲ့ လူစားမျိုးတွေကိုပါ။