မနက်ကိုးနာရီကနေ ၁၂နာရီကျော်အထိ အစည်းအဝေးက မစနိုင်သေး။ အစည်းအဝေးကို စောင့်ဆိုင်းနေသူတွေက အခန်းနှင့်အပြည့်။ ခုံတန်းလျားစုတ်ကလေးတွေမှာ ကြပ်ကြပ်ညပ်ညပ်ထိုင်ရင်း ပူလောင်အိုက်စပ်မှုကို အသီးသီး ခံစားနေကြသည်။ မကြာမီ လူတွေ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ သက်ဆိုင်သူတွေ ရောက်လာကြပြီထင့်။ ရှပ်လက်တိုနှင့် ချည်ဘောင်းဘီပွပွကို ပစ္စည်းမဲ့ လူတန်းစားအသွင် ၀တ်ဆင်ထားတဲ့ အမျိုးသားအများအပြား ၀င်လာကြသည်။ ရာထူးအကြီးဆုံးဖြစ်ဟန်တူသူက စကား စပြောပါတယ်။
“ရဲဘော်တို့၊ ကျူပ်တို့ရဲ့ ခေါင်းတောင်ကြီးမော်ဟာ ကြီးမြတ်တဲ့ ပစ္စည်းမဲ့ မဟာတော်လှန်ရေးကြီးကို ဦးဆောင်ဆင်နွဲနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီနေရာမှာ ဆိုရှယ်လစ်ဝါဒရဲ့ ရန်သူတော်တွေကို အထူးသတိထားကြရမယ်။ သူတို့ဟာ အပြုံးတုအပြုံးယောင်တွေကို ဆင်မြန်းပြီး အလံနီကို ပုံမှားရိုက် ကိုင်စွဲထားကြတယ်။ အဲဒီလူတွေကို သတိပြုမိအောင်လို့ ကျူပ်တို့အားလုံးဟာ ခေါင်းဆောင်ကြီး မော်စီတုံးရဲ့ အတွေးအခေါ်တွေကို ဆည်းပူးလေ့လာနေရမယ်။ အသိပညာတွေကို ချွန်မြနေအောင် သွေးထားရမယ်။ @#$%!^^&** ----------------- နိုင်ငံခြားကုမ္မဏီတွေဟာ နယ်ချဲ့အရင်းရှင်တွေရဲ့ လက်ပါးစေတွေဆိုတာ ကျူပ်တို့အားလုံး သိကြတယ်။ သူတို့ဟာ တရုပ်လူမျိုးတွေကို ဆက်လက်ပြီး ဂုတ်သွေးစုပ်ချင်ကြတယ်။ ဒီလိုအခြေအနေတွေကို ကျူပ်တို့ လက်မခံနိုင်လို့ ဒီကောင်တွေကို မောင်းထုတ်ပြီး တံခါးပိတ်ထားလိုက်တာဖြစ်တယ်။ ဒီကုမ္မဏီတွေဟာ ကျူပ်တို့လူမျိုးတချို့ကို သိမ်းသွင်းပြီး အတွေးအခေါ် မှားယွင်းအောင် လုပ်ခဲ့ကြတယ်။ အဲဒီလိုလူမျိုးတွေကို ကျူပ်တို့က သဘောတရားရေး သင်တန်း အကြိမ်ကြိမ်ပေးတယ်။ အဲဒီလိုလုပ်ပေးပေမဲ့ သူ့ကိုယ်သူ မပြုပြင်တဲ့အဆုံးမှာ တခြားလူတွေက ကူညီတဲ့အနေနဲ့ ၀ိုင်းဝန်းဝေဖန်ပေးရမဲ့တာဝန်ရှိပါတယ်။ ဒီနေ့ကတော့ ရှဲလ်ရဲ့ အိမ်စောင့်ခွေး “တုံးဖန်”ကို ၀ိုင်းဝန်းဝေဖန်ကြဖို့ ဖြစ်ပါတယ်။.................................
ထိုလူက ဆက်လက်၍ တုံးဖန်အပေါ် စွဲချက်များစွာကို ဖတ်ကြားပါသည်။ သူ့စွဲချက်များထဲတွင် ၁၈၄၅ခုနှစ်တွင် ဗြိတိသျှတို့ကျူးလွန်ခဲ့သည့် ဘိန်းစစ်ပွဲအကြောင်းကိုပင် မနေ့တနေ့ကလို ပြန်ပြောင်းပြောပြနေသေးသည်။ လွန်ခဲ့သော နှစ်ပေါင်း တရာကျော်က အပြစ်ရှိခဲ့သော တိုင်းပြည်တပြည်၏ စီးပွားရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်မိသည့်အတွက် အခုအပြစ်ရှိသလိုဖြစ်နေသည်။ သူမ သိသလောက် တုံးဖန်သည် ရှဲလ်ကုမ္မဏီ၏ သာမာန်စာရင်းကိုင်တယောက်သာဖြစ်သည်။ သို့သော် ပရိသတ်ထဲက မည်သူတဦးတယောက်မှ ပြန်လှန်မေးခွန်ထုတ်တာမျိုး၊ အပြင်ကို ထသွားတာမျိုး မလုပ်ရဲကြပါ။ မွန်းလွဲ တနာရီခွဲအထိ စွဲချက်တွေက မဆုံးသေး။ နောက်ဆုံးတော့ ထိုဖတ်ကြားနေသူက မောပန်းလာသဖြင့် အစည်းအဝေးကို ရပ်နားလိုက်သည်။
နှစ်နာရီတွင် အစည်းအဝေး ပြန်စပါသည်။ အခန်းထဲမှာ တုံးဖန်ကို “ နွားဘီလူး နှင့် မြွေဝိဥာဉ်” တခါတရံ သစ္စာဖောက်အဖြစ် စွပ်စွဲခံရသူများကို “နွား” များဟုခေါ်ပြီး သူတို့ကိုာ “ နွားတင်းကုပ်” အမည်ရှိ အဆောက်အဦများတွင် ထိမ်းသိမ်းထားသည်။ တုံးဖန်ရဲ့ ပုံစံဟာ တော်တော်ပြောင်းလဲသွားတာပဲ ဟု သူမတွေးမိသည်။ အရင် ရုံးတက်စဉ်ကဆိုရင် ယုံကြည်ချက်အပြည့်ရှိတဲ့ ပုံစံမျိုး၊ အခုတော့ သူ့ကို တစစီရိုက်ချိုးထားသလို ကြောက်ရွံ့ သိမ်ငယ်နေသည်။ စာတန်းရေးထိုးထားသော စက္ကူဦးထုပ်တလုံးကိုဆောင်းပြီး ထိုင်ခိုင်းထားတာ တွေ့ရသည်။ ထိုအသုံးအနှုန်းကို မော်စီတုံးက စပြီး ထွင်ခဲ့တာဖြစ်သည်။
အခန်းဒေါင့်က တယောက်ယောက်က မော်စီတုံးလက်စွဲ စာအုပ်နီကလေးကို ကိုင်လျက် အသံကျယ်ကျယ် အော်လိုက်သည်။
“ တုံးဖန် ကျဆုံးပါစေ”
လူအများအပြားကလည်း လိုက်ပါကြွေးကြော်ကြသည်မှာ မိုးခြိမ်းသံတမျှ ကျယ်လောင်လှသည်။
“အရင်းရှင်နောက်လိုက်ခွေး တုံးဖန် ကျဆုံးပါစေ”
“နယ်ချဲ့တွေ ကျဆုံးပါစေ”
“ဥက္ကဌကြီးမော် သက်တော်ရာကျော် ရှည်ပါစေ”
လူတိုင်းကိုင်ထားကြသည့် စာအုပ်နီကလေးကို အိမ်မှာ မေ့ကျန်ခဲ့သည့်အတွက် သူမကိုယ်သူမ အပြစ်တင် မိသည်။ အံ့သြစရာကောင်းသည်က တုံးဖန်ကိုယ်တိုင် လက်သီးတင်းတင်းဆုပ်ကာ သူ့ကိုယ်သူ ကျဆုံးပါစေဟု ၀င်ရောက်ကြွေးကြော် နေခြင်းပင်....။
------------------------------------
တုံးဖန်ကိစ္စက သူမကို ပူပင်သောကရောက်စေခဲ့ပါသည်။ သူမရဲ့ မိတ်ဆွေပညာတတ်အများအပြားပင် အပယ်ခံ၊ အညှင်းဆဲခံ၊ ဘ၀ဖြင့် နယ်စွန်နယ်ဖျားရောက်သွားသူတွေရှိသည်။ တချို့လည်း မခံနိုင်သည့်အဆုံး မိမိကိုယ်ကို သေကြောင်းကြံသွားကြသည်။ သူမ စိတ်အပူပင်ဆုံးမှာ သမီးကလေး မေပင်း အတွက်ဖြစ်သည်။
တကယ်တော့ မေပင်းသည် ပြည့်စုံသည့် မိသားစုမှ ပေါက်ပွားခဲ့သော်ငြား၊ ဆင်းရဲသားတွေကို အလွန်စာနာကူညီတတ်သူဖြစ်ပါသည်။ သူမ ကျောင်းနေစဉ်ကာလကပင် မိမိတက်လိုသော ကျောင်းအတွက် ၀င်ခွင့်အမှတ်ကို မြှင့်ထားသော စံနစ်နှင့်ကြုံခဲ့ရသည်။ ဆင်းရဲသားတွေက အိမ်အလုပ်လုပ်နေရလို့ ပျမ်းမျှအမှတ် ၆၀နှင့် ၀င်ခွင့်ရပေမဲ့ မေပင်းအတွက်က ၈၀ တဲ့။ သူမက စိတ်ဆိုးမိပေမဲ့ မေပင်းကတော့ ပြုံးပြုံးရယ်ရယ် ပင်။ “ရပါတယ် မေမေရယ်၊ သမီး ၈၀ ရအောင် ဖြေပေးပါမယ်” တဲ့။ သူမ တကယ်လလုပ်နိုင်ခဲ့ပါသည်။ ကျောင်းအားလပ်ချိန်များတွင် ကျောင်းလုပ်အားပေးကို မခိုမကပ် အလုပ်လုပ်သည့်အပြင် အတန်းဖေါ် ဆင်းရဲသား သူငယ်ချင်းများ၏ အိမ်တွင် လိုက်ပြီး အလုပ်ကူညီလုပ်ပေးသေးသည်။ “သူတို့ ဘ၀က သနားစရာပါ မေမေရယ်” တဲ့။ အိမ်မှ စားကောင်းသောက်ဖွယ်များ၊ အ၀တ်အထည်များကို ယူဆောင် ပေးကမ်းတတ်သေးသည်။ အဲဒီအထိ သူမ လက်ခံပါသည်။ မကန့်ကွက်ပါ။ သို့သော် သူငယ်ချင်းအိမ်က အ၀တ်ဟောင်းများကို သယ်ယူလာပြီး အိမ်မှ အစေခံများကို လျှော်ဖွပ်ခိုင်းသည်အထိ မရွှေမေပင်းက လုပ်ဆောင်လာတော့ စိတ်တိုစွာ ကန့်ကွက်ခဲ့ရတော့သည်။ မေပင်းသည် တခါက လူမမာအဒေါ်ကြီးတယောက်ကို ကိုယ်တိုင် လှေလှော်ပြီး တဖက်ကမ်းက ဆေးရုံကို ပို့ပေးခဲ့ဖူးသည်အထိ စိတ်ကောင်း စေတနာရှိသူကလေးဖြစ်သည်။ သူမ အထက်တန်းကျောင်းပြီးတော့ ဘာဆက်လုပ်ချင်သလဲလို့ လွပ်လွပ်လပ်လပ် ရွေးချယ်စေခဲ့တော့ အနုပညာ တက္ကသိုလ်ကို ရွေးလိုသည်တဲ့။ သူမက ငယ်ငယ်ထဲက ဂီတကိုမွေ့လျော်သည်။ နောက်ပြီး သရုပ်ဆောင် မင်းသမီးတယောက် ဖြစ်လာမည်ဟုလည်း ယုံကြည်ပါသတဲ့။ မေပင်းက ရွယ်တူလူငယ်တွေနဲ့လည်း အလိုက်သင့် နေတတ်သည်။ လှုံ့ဆော်ရေးပိုစတာရေးဖို့ အတွက် ညဉ့်နက်သန်းခေါင် လုပ်အားပေးသည်။ အိမ်ပြန်ရောက်လာတိုင်း သူမလက်မှာ မင်မည်းမည်းတွေ အပြည့် စွန်းထင်းနေလေ့ရှိသည်။
အခုထိ မေပင်းအတွက် ပူပင်စရာမရှိသေး။ သို့သော် ပူပန်စရာတခုရှိသည်က မေပင်းတို့ရဲ့ အနုပညာအကယ်ဒမီကျောင်းကို ဦးစီးသူက မော်စီတုံးရဲ့ မဟေသီ ပြဇာတ်မင်းသမီးတဖြစ်လဲ မဒမ်ချန်ချင်း ဖြစ်နေခြင်းပင်။ သူမကိုယ်သူမ မော်စီတုံးရဲ့ ကိုယ်ရေးအရာရှိ၊ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ထားသော မဒမ်ချန်ချင်းသည် အာဏာကို မက်မောပြီး သူမဖြစ်ချင်သလို နိုင်ငံရေးကို အကွက်ချကာ ကြိုးကိုင် ကစားတတ်သူတယောက် ဖြစ်လေသည်။
----------------------------------
တခါက မော်စီတုံးက ကြေငြာသည်။ တရုတ်ပြည်ရဲ့ ၃ရာနှုန်းမှ ငါးရာနှုန်းအတွင်းဟာ ဆိုရှယ်လစ်ဝါဒရဲ့ ရန်သူတွေပါ - တဲ့။ အဲဒီနောက်မှာတော့ ရုံးတိုင်း၊ ကျောင်းတိုင်း၊ အဖွဲ့အစည်းတိုင်းက လူဦးရေစုစုပေါင်းရဲ့ ၃-၅%ကို သံသယနဲ့ ဖမ်းဆီးစစ်မေးပြီး တချို့ကိုထောင်ချ၊ တချို့ကို အလုပ်ကြမ်းစခန်းတွေဆီ ပို့လိုက်ကြတော့သည်။
----------------------------------
ထိုတနေ့ကိုတော့ သူမ (နျှန်ချန်း) ဘယ်တော့မှ မမေ့နိုင်ပါ။
တပ်နီလူငယ်တွေ သူမအိမ်ထဲကို စီးနင်းဝင်ရောက်ကာ မွှေနှောက်ရှာဖွေကြသည်။ အဖိုးတန် ပစ္စည်းမှန်သမျှကို စောင်တထည်ပေါ်စုပုံထားကြသည်။ ရွှေငွေ လက်ဝတ်ရတနာ နာရီ ကင်မရာ စသည်ဖြင့်။ ဒီအထိ သူမ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်သည်။ အိမ်ဖေါ်အားလုံးကိုလည်း သည်းခံ စောင့်ကြည့်ဖို့မှာထားသည်။ သို့သော်- ရှေးဟောင်းလက်ရာ ကြွေထည် ပစ္စည်းတွေ၊ ပန်းချီကားတွေကို ရိုက်ခွဲပစ်တာမျိုးကိုတော့ သူမ မခံစားနိုင်။ ဒီပစ္စည်းတွေက ဘယ်တော့မှ ပြန်အစားမရတော့မဲ့ ရှေးဟောင်းအမွေအနှစ်တွေမို့ ရှန်ဟိုင်းသမိုင်းပြတိုက်ကို ပို့ပေးဖို့ တောင်းပန်ပေမဲ့ သူတို့က လက်မခံပါ။ ဒါက သမိုင်းအဟောင်းတွေ၊ ငါတို့ မလိုဘူး၊ သမိုင်းသစ်ကိုသာ ရေးရမှာ ... တဲ့။ သူမရဲ့ စာအုပ်တွေအားလုံးကို အိမ်ရှေ့ မြက်ခင်းပြင်ပေါ်မှာ စုပုံပြီး မီးရှို့လိုက်ကြသည်။ သူမရင်မှာ နာကျင်ကြေကွဲမှုများနဲ့ မွန်းကြပ်လို့ နေသည်။
သူမအပေါ်စွဲချက်က အရင်းရှင်ရဲ့ လက်ကိုင်တုတ် တဲ့။ အနောက်တိုင်းဝါဒကို ခုံမင်သူ တဲ့။
အိမ်ထဲမှာ တပ်နီလူငယ်တွေ တပ်စွဲထားကြသည်။ အိမ်ရှင်တွေကို မီးဖိုချောင်မှာသာ နေစေပြီး တအိမ်လုံး ထင်တိုင်းကြဲကာ ဖျက်ဆီးကြသည်။ အခုနေ အိမ်မှာ သမီးကလေး မေပင်း ရှိမနေတာကိုပင် ကျေးဇူးတင်နေမိတော့သည်။ လူယုံတော် လောင်ချောင်ကတဆင့် လူလွှတ်ပြီး မေပင်းကို အိမ်ပြန်မလာဖို့ မှာလိုက်သည်။
သူမကို အကြိမ်ကြိမ်စစ်မေးကြသည်။ ရှဲလ်ကုမ္မဏီအတွက် ဘာတွေလုပ်ပေးခဲ့ရသလဲ။ ၀န်ခံပါ၊၀န်ခံပါ၊၀န်ခံပါ တဲ့။ သူမရဲ့အဖြေက မပြောင်းလဲ။
“ကျမ တရုတ်ပြည်ကိုထိခိုက်နစ်နာဖို့ရာ ဘယ်တုန်းကမှာ ဘာတခုမှ အမှားမလုပ်ခဲ့ဘူး”
လူတော်တော်များများ စစ်မေးသူတွေရဲ့ ဖိအားကိုမခံနိုင်လို့ နောက်ဆုံးမှာ မှားယွင်းဝန်ခံချက်တွေ ပေးခဲ့ကြတာကို သူမ သိနေသည်။ အဲဒီလိုမဖြစ်စေရဘူးလို့ စိတ်ကိုတင်းထားသည်။ အမှန်တရားကိုဘဲ ဆုပ်ကိုင်ထားစမ်းလို့ ကိုယ့်ကိုယ်ကို သတိပေးသည်။ ( နောက်ပိုင်းမှ ပြန်သိရတာက သူမသမီး မေပင်းကို အမေဖြစ်သူကို ရှုံ့ချဖို့ ဖိအားတွေ အကြိမ်ကြိမ်ပေးခဲ့သည် - တဲ့။ မေပင်းက လက်မခံလို့ စစ်မေးမှုတွေ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်- တဲ့)။ ဖြေဆိုရလွန်းလို့ သူမ ကိုယ်ရော စိတ်ပါ မောပန်းနွမ်းနယ် နေပါပြီ။
နောက်ဆုံးတော့ ဂျစ်ကားလေးတစီး အိမ်ရှေ့ကို ထိုးဆိုက်လာပြီး သူမကို တနေရာ ခေါ်ဆောင်သွားတော့သည်။ ည ကိုးနာရီမို့ အပြင်မှာ မှောင်လို့ မည်းလို့။ ကားက အမှတ်(၁) ထိမ်းသိမ်းရေးစခန်း ရှေ့မှာ ထိုးဆိုက်သည်။ အလင်းရောင်မှန်ပြပြနဲ့ လမ်းကျဉ်းလေးကနေတဆင့် အခန်းတခုထဲကို လိုက်သွားရသည်။ အထဲမှာတော့ လူတဦးက စားပွဲမှာထိုင်ပြီး မီးသီးနီကျင်ကျင်အောက်မှာ လေးလေးကန်ကန် စာရင်းဖြည့်သွင်းနေသည်။ သူစာရေးတာကို ကြည့်ခြင်းအားဖြင့် စာကောင်းကောင်း ရေးတတ်ဖတ်တတ်သူမဟုတ်မှန်း သိသာနေသည်။ မော်အစိုးရလက်ထက်မှာ စာတတ်ဖို့ထက် ယုံကြည်စိတ်ချရတဲ့ ကိုယ့်ဖက်သားဖြစ်ဖို့က အဓိကပင်။ လူရွယ်တယောက်က ကင်မရာတလုံးကိုယူပြီး သူမကို ဒေါင့်အမျိုးမျိုးမှ ဓါတ်ပုံရိုက်သည်။ သူမကို စာရွက်တရွက် ကမ်းပေးပြီး ဖတ်စေသည်။ အကျဉ်းထောင် စည်းကမ်းများ။
“ကဲ -သွားတော့” “ ဒီနေ့ကစပြီး နာမည် မသုံးရဘူး၊ ခင်ဗျား နံပါတ်က ၁၈၀၆၊ တန်းစီးက ၁၈၀၆ လို့ ခေါ်ရင် ထူးရမယ်”
ညစ်ပတ်ပေရေနေသော အခန်းကျဉ်းကလေးတခုထဲမှာ နေရာချပေးခံရသည်။
“ကျမ တာဝန်ရှိသူနဲ့ တွေ့ချင်တယ်၊ တကယ်တော့ ကျမကို အပြစ်မရှိဘဲ မှားယွင်းဖမ်းဆီးတာ ရှင်းပြချင်ပါတယ်”
“ ဘာမှ စကားမရှည်ပါနဲ့၊ အပြစ်မရှိဘဲ ဒီကိုမရောက်ဖူး၊ ဒီကိုလာတဲ့သူတိုင်း အပြစ်သားချည်းပဲ မှတ်ထား” အစောင့် အမျိုးသမီးက ငေါက်ငမ်းသည်။
နောက်ဆုံးတော့ ကုတင်ပေါ်မှာ လဲလျောင်းရင်း ညစ်ပတ်နေတဲ့ နံရံတွေကို မမြင်ရအောင် မျက်လုံးမှိတ်ထားလိုက်သည်။ အခန်းထဲက စိုထိုင်းတဲ့ အောက်သိုးသိုးအနံ့တွေကို လျစ်လျူရှုနိုင်အောင် ကြိုးစားလိုက်သည်။ ဆာဆာလောင်လောင် ၀ိုင်းကိုက်ကြတဲ့ ခြင်တွေကို တဖြတ်ဖြတ်ပုတ်ခါရင်း အတွေးနယ်ချဲ့လိုက်မိသည်။ အခုဆို သမီးလေး မေပင်း ဘယ်လို အခက်အခဲတွေများ ရင်ဆိုင်နေရပါလိမ့်။
သူမကိုယ်တိုင်ပင် အမည်နာမ သတ်သတ်မှတ်မှတ်ရှိတဲ့ လူသားတယောက် မဟုတ်တော့။
သြော်- ၁၈၀၆ တဲ့လား။
------------------------------
ဆက်ရန်
ဖတ်လို့ ကောင်းတယ်။ ကျေးဇူးပါ။ အဲ့ဒီစာအုပ် မှာထားတယ်။
ReplyDeleteရေးတာကောင်းတော့ဖတ်ချင်စိတ်ပေါက်လာလို့ ။
သိပ်ဖတ်လို့ကောင်းတယ်ဗျာ....၊ဆက်ရန်မျှော်နေပါတယ်....။
ReplyDeleteစိတ်ဝင်စားစရာ ညီမရေ...
ReplyDeleteဆက်ရန်ကို မျှော်နေပါ့မယ်နော်..
Nice story.. Thanks for translating.
ReplyDeleteTheingar Kyaw. (theingara.blogspot.com)
ဖတ်လို့ကောင်းပါတယ်..
ReplyDeleteမလည်း post အသစ်တင်ထားပါတယ်..
မရောက်တာကြာတော့ အသစ်လိုပြန်ဖြစ်သွားတယ်..
အဆက်မပြတ်အောင်ကြိုးစားပါဦးမယ် ညီမလေးရေ