၁
LIFE AND DEATH IN SHANGHAI ( 1986, 1995)
Author- NIEN CHENG
Flamingo Press, London
ကျက်သရေရှိစွာလှပသည် ။ ဥာဏ်ပညာထက်မြက်သည်။ သတ္တိရှိသည်။ ဂုဏ်ပုဒ်သုံးခုလုံးနဲ့ပြည့်စုံတဲ့ Nien Cheng အမည်ရှိ ရှန်ဟိုင်းသူ အမျိုးသမီးကြီးတယောက်ရဲ့ ဇာတ်ကြောင်းပါ။ ပိုင်ဆိုင်သမျှတွေ လုယက်ဖျက်ဆီးခံရ၊ အကျဉ်းထောင်ထဲမှာ နှစ်အတော်ကြာကြာထိမ်းသိမ်းခံရ။ စစ်ကြောမေးမြန်းခံရ၊ တဦးတည်းသော ဖတဆိုး သမီးကလေး အသတ်ခံရတဲ့အထိ ဆင်းရဲဒုက္ခတွေကို အလံမလှဲစတမ်း ကြံ့ကြံ့ခံပြီး သူမရဲ့ အမှန်တရားကို သွေဖည်ပြီး မဟုတ်မမှန် ၀န်ခံထွက်ဆိုဖို့ ငြင်းဆန်ခဲ့သူ။ ကြမ်းတမ်းခက်ခဲတဲ့ ထောင်ခရီးကို အကြိမ်ကြိမ်လဲကျပေမဲ့ အကြိမ်ကြိမ်ပြန်ထဖို့ အားမာန်တင်းခဲ့သူ။ သူမရဲ့ အချက်ကျကျ အဖြေတွေ၊ ပြန်လှန်မေးခွန်းတွေက စစ်ဆေးသူတွေ၊ ထောင်အာဏာပိုင်တွေကို အကြပ်ရိုက်၊ ချောင်ပိတ်မိစေခဲ့သူ။ ထောင်ကထွက်လာချိန်မှာ သမီးငယ်နဲ့ ပြန်မဆုံရ။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားပါတယ်လို့ အပြောခံရတဲ့ သမီးလေးရဲ့ နောက်ဆုံးအချိန် ဖြစ်ရပ်မှန်တွေကို မရရအောင် ဖေါ်ထုတ်ခဲ့သူ။ စိတ်ဝင်စားဖွယ်ရာ ဒီဇာတ်ကြောင်းကို သူမကိုယ်တိုင် ပြန်လည် ရေးသားခဲ့တာဖြစ်သည်။--------------------------------
အချိန်က ၁၉၆၆ခုနှစ်။ မဟာယဉ်ကျေးမှုတော်လှန်ရေးကြီး (Cultural Revolution)ရဲ့ အထွတ်အထိပ်ကာလ။ မော်စီတုန်းရဲ့ မြှောက်စားမှုနဲ့ တပ်နီ Red Guard လူငယ်တွေ သွေးကြွကာ ပစ္စည်းမဲ့တော်လှန်ရေးကြီးကို အင်တိုက်အားတိုက် ဖေါ်ဆောင်လှုပ်ရှားနေကြသည်။ ငွေကြေးပြည့်စုံသူတွေ၊ ပညာတတ်တွေ၊ အကြောင်းပြချက် တစုံတရာမရှိဘဲ မယုံသင်္ကာခံရသူတွေကို အပြင်းအထန် နှိပ်ကွပ်နေကြချိန်။ မော်စီတုန်းရဲ့ ကတော် မဒမ်ချန်ချင်းအပါအ၀င် လေးဦးဂိုဏ်း ( Gang of Four ) က တန်ခိုးထက်နေချိန်။
ပူနွေးတဲ့ ဂျူလိုင်လရဲ့ ညချမ်းတခုမှာ Nien Cheng တယောက် စာကြည့်ခန်းထဲမှာ တကိုယ်တည်း ထိုင်လျက်ရှိနေသည်။ အအေးဖန်ခွက်ထဲက ရေခဲတုံးကလေးတွေပင် ပျော်ဝင်လုလု။ စာကြည့် စားပွဲစွန်းပေါ်က ကြွေသားဖန်အိုးထဲမှာစိုက်ထားတဲ့ ကာနေရှင်း ပန်းအဖြူကလေးတွေ ခေါင်းငိုက် ကျနေပေပြီ။ စာကြည့်စားပွဲရဲ့ တဖက်စွန်းမှာ အင်္ဂလိပ်နဲ့ တရုပ်စာအုပ် အများအပြားကို သပ်သပ်ရပ်ရပ်စီထားတဲ့ စာအုပ်စင်တွေရှိသည်။ သူမလက်ထဲက သတင်းစာကိုဖတ်ပြီး သက်ပြင်းတချက်ချလိုက်သည်။ ဒီ ဆောင်းပါး အရေးအသားတွေကို ဖတ်နေကျမို့ ရှေ့ဆက်ဘာတွေ ဖြစ်လာတော့မလဲဆိုတာ သူမ ကောင်းကောင်း သဘောပေါက်သည်။ မော်အစိုးရအနေနဲ့ ရှုံ့ချမှု တစုံတရာကို သတင်းစာထဲမှာ ဝေေ၀ဆာဆာ ဆောင်းပါးဖေါ်ပြပြီးပါက လူဖမ်းပွဲ တခုခုကို ပြုလုပ်လေ့ရှိသည်။ ၀ါဒရေးရာ မတူညီသူတွေ၊ အစိုးရအဖွှဲုအတွင်း အားပြိုင်မှုတွေ၊ နောက်ပြီး အရင်းရှင်လို့ သူတို့ သတ်မှတ်ထားသူတွေ။ ဒီတခါရော ဘယ်သူတွေ ပါဦးမလဲ။
အတွေးမှာ မြောနေရာက အပူရှိန်ကြောင့် သူမ ကျောပြင်မှာ ချွေးတွေ စို့သီးလာတာကို သတိထားမိသည်။ အ၀တ်လဲဖို့ အိပ်ခန်းထဲကို ကူးလာခဲ့သည်။ အိပ်ယာဘေးက ဘီရိုပုလေးပေါ်မှာ အိမ်တော်ထိမ်း Lao Chao တင်ထားတဲ့ လက်ဖက်ရည်အေး ဓါတ်ဘူးကလေးကို ငှဲ့သောက်ရင်း မျက်လုံးကို ဟိုဟိုဒီဒီဝေ့ရာက စားပွဲစွန်းက ခင်ပွန်းသည်ရဲ့ ဓါတ်ပုံကို သွားမြင်လိုက်သည်။ သူဆုံးခဲ့တာ ကြာပါပကော။ သူ့ခွဲခွာသွားတဲ့နေ့ကလိုဘဲ နာကျင်ခံစားမှုတွေက နှလုံးအိမ်ထဲမှာ အခုအထိ ရှိနေတုန်းပဲဖြစ်သည်။ သူ့ကိုတွေးမိတိုင်း သူမတယောက်တည်း အထီးကျန်ခံစားချက်တွေ အသစ်တဖန်ဖြစ်လာမြဲပင်။ အခုလို တိုင်းရေးပြည်ရေး ရှုပ်ထွေးပွေလီနေချိန်မှာ အားကိုးစရာ တိုင်ပင်စရာ အဖေါ်မွန် သူရှိနေရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ။
Nien Cheng နဲ့ သူမရဲ့ခင်ပွန်းလောင်း တို့ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်တုန်းက လန်ဒန် London School of Economics မှာ ပညာသင်ရင်းတွေ့ခဲ့ကြတာဖြစ်သည်။ အဲဒီတုန်းက သူမက အသက် နှစ်ဆယ်။ ၁၉၃၈ခုနှစ်အရောက်၊ သူမရဲ့ ချစ်သူ Ph.D ပြီးတာနဲ့ နှစ်ယောက်သား လက်ထပ်လိုက်ကြသည်။ ခင်ပွန်းသည်က သံတမန် တယောက်အဖြစ်တာဝန်ထမ်းဆောင်ပြီး ၁၉၄၈အထိ သြစတေးလျမှာ တာဝန်ကျခဲ့သည်။ ကူမင်တန် အစိုးရကို ဖြုတ်ချပြီး ကွန်မြူနစ်အစိုးရ တက်လာချိန်မှာလည်း သူက နိုင်ငံခြားရေးဌာနမှာ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ရသေးသည်။ နောက်တနှစ်အကြာမှာတော့ လန်ဒန်အခြေစိုက် Shell ရေနံကုမ္မဏီရဲ့ ရှန်ဟိုင်းရုံးခွဲမှာ General Manager အဖြစ်တာဝန်ထမ်းဆောင်ဖို့ရန်အတွက် အစိုးရတာဝန်မှ အနားယူခဲ့သည်။ ၁၉၅၇ မှာတော့ ကင်ဆာရောဂါနဲ့ ခင်ပွန်းသည် ကွယ်လွန်ခဲ့တော့သည်။ Shell ကုမ္မဏီက ခင်ပွန်းသည်ရဲ့ နေရာကို အစားထိုးဝင်ရောက်လာတဲ့ နိုင်ငံခြားသား မန်နေဂျာကို ကူညီဖို့ လက်ထောက်အကြံပေးအအရာရှိအဖြစ် သူမကို ကမ်းလှမ်းခဲ့သည်။ ဒါကလည်း သူမရဲ့ ပညာအရည်အချင်း၊ လိမ္မာပါးနပ်မှုနဲ့ ညှိနှိုင်းမှု စွမ်းရည်တွေကြောင့် ဖြစ်သည်။ သူမဟာ ၁၉၆၆ခုနှစ် နွေဦးရာသီ၊ ရှန်ဟိုင်းကနေ Shell ကုမ္မဏီ ပိတ်သိမ်းချိန်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူမဟာ ရှန်ဟိုင်းမှာ နာမည်ကြီး ကုမ္မဏီတခုရဲ့ ရာထူးကြီးကြီးပိုင်ဆိုင်သော တဦးတည်းသော မိန်းမသားဖြစ်ပါသည်။ မော်အစိုးရရဲ့ လက်ထက်မှာ ကုမ္မဏီက ခက်ခက်ခဲခဲ ရပ်တည်ကျန်နေခဲ့တဲ့ နောက်ဆုံး နိုင်ငံခြားကုမ္မဏီဖြစ်သည်။ ကုမ္မဏီပိတ်သိမ်းချိန်မှာ ၀န်ထမ်းနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို အစိုးရလက်ထဲ တရားဝင် လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ကုမ္မဏီနှင့် အစိုးရရုံးပိုင်းဆက်ဆံရေး၊ ကုမ္မဏီနှင့်ဝန်ထမ်း အပေးအယူ လုပ်ငန်းစဉ်တွေအားလုံးကို စာချူပ်တစ်ရပ် ချူပ်ဆိုပြီးစီ်းသည်အထိ သူမက ဦးဆောင် လုပ်ကိုင်ပေးခဲ့ရပါသည်။ အခုတော့ ကုမ္မဏီ ကိစ္စတွေ အနားရပြီမို့ ရုပ်ရှင်စတူဒီယိုမှာ သရုပ်ဆောင် အလုပ်လုပ်နေတဲ့ ချစ်သမီးလေး ” မေပင်း” အားတဲ့ရက်တွေမှာ အတူတူ ဟောင်ကောင်ကို အနားယူ အလည်အပတ်ထွက်ရင် ကောင်းလေမလားလို့ တဆက်တည်း တွေးမိသွားသည်။ ဒါပေမဲ့လည်း အခုအချိန်မှာ နိုင်ငံခြားထွက်ဖို့ မလွယ်လောက်သေးပါဘူးလေ၊ နို့မို့ အငြင်းခံစာရင်းထဲပါသွားရင် နောက်ပိုင်းတွေ ပိုခက်ခဲလာနိုင်တယ်။ ဒီ အရှုပ်အတွေးတွေ နည်းနည်း ငြိမ်သွားမှ သွားပါတော့မယ် လို့ ဆုံးဖြတ်လိုက်သည်။
လက်ဖက်ရည်အေးအေးကြောင့်လားမသိ၊ ကုတင်ပေါ်မှာ လဲလျောင်းနေရာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ လက်မောင်းကို ဖွဖွလေးထိတွေ့၊ ခေါ်သံသဲ့သဲ့ကြောင့် နိုးလာခဲ့ရသည်။ လူယုံတော် ချင်းမာ ပေဘဲ။ နာရီကို လှမ်းကြည့်လိုက်တော့ မနက် ခြောက်နာရီခွဲသာ ရှိသေးသည်။
“အောက်မှာ ”ချီ”ရောက်နေပါတယ်- ရှင့်။ သခင်မနဲ့ တွေ့ချင်လို့ပါတဲ့”
” ဘယ်သူပါသေးလဲ ၊ ချင်းမာ”
” ပိန်ပိန်ရှည်ရှည် လူတယောက်ပါဘဲ၊ တပ်နီထဲကထင်ပါတယ်။ သူတို့ အပြုအမူတွေကလည်း တော်တော်ထူးဆန်းပါတယ်။ အရင်ကလို ခန်းမထဲကနေမစောင့်ဘဲ ဧည့်ခန်းဆောင်ထဲကို တန်းဝင်လာပြီး ဆိုဖာပေါ် တန်းထိုင်ပါတယ်။ ဘာအကြောင်းကြောင့် တွေ့ချင်တယ်ဆိုတာလည်း မပြောပါဘူး”
”ကောင်းပြီလေ၊ ခဏနေရင် ဆင်းလာမယ်လို့ ပြောလိုက်ပါ- ချင်းမာ”
အလုပ်သမားသမဂ္ဂကများလား။ သံသယအတွေးတွေနဲ့ သူမ မျက်နှာသစ်ပြီး၊ အ၀တ်လဲလိုက်သည်။ အ၀တ်ကို ဖြေးဖြေးချင်းလဲတာက ဖြစ်နိုင်ခြေတွေကို တွေးဖို့အချိန်ယူနေတာဖြစ်သည်။ အာဏာပိုင်တွေက သဘောတရားရေးသင်တန်းတက်ခိုင်းဖို့လည်း ဖြစ်နိုင်သည်။ များသောအားဖြင်းကြိုပြောလေ့မရှိ။ သူတို့ဘက်က အမြင်ကတော့ လူတိုင်းဟာ ဒီလိုသင်တန်းမျိုးတက်ဖို့ ဆင့်ခေါ်ရင် လက်ထဲကအလုပ်ကို လွှတ်ချပြီး ချက်ချင်းလာရမယ်လို့ မှတ်ယူထားတတ်ကြသည်။
ခဏအတွင်းမှာ တံခါးခေါက်သံ ကြားရပြန်သည်။
“ သူတို့က သခင်မကို မြန်မြန် ဆင်းလာပါ -တဲ့”
” ကောင်းပြီ- လောင်ချောင်။ သူတို့ကို အအေးနဲ့ စီးကရက် ဧည့်ခံထားလိုက်ပါ”
သူမက ရှန်ဟိုင်းမြို့က အမျိုးသမီးတွေ အပြင်ထွက်ရင် ၀တ်လေ့ရှိတဲ့ ချည်ထည်ရှပ်အဖြူ၊ မီးခိုးရောင် ဘောင်းဘီပွနဲ့ ညှပ်ဖိနပ်အနက်ကိုစီးပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။
--------------------------------
ဧည့်ခန်းထဲမှာ ရှဲလ် ကုမ္မဏီရဲ့ ၀န်ထမ်းဟောင်း ”ချီ”နဲ့ အခြားလူတယောက်ထိုင်နေသည်။ သူတို့ရှေ့က လိမ္မော်ရည်ခွက်တွေက အရာမယွင်းဘဲ ရှိနေသည်။ သူမကိုမြင်တော့ ချီက အကျင့်ပါနေသလို ထိုင်နေရာက မတ်တတ်ရပ်ပြီး နှုတ်ဆက်ဖို့ပြင်သည်။ ဒါပေမဲ့ တဖက်လူက ထိုင်မြဲထိုင်နေတာမြင်တော့ သတိပြန်ဝင်သွားသလို မျက်နှာရဲကနဲဖြစ်ပြီး ပြန်ထိုင်သွားသည်။ သူမက မသိဟန်ဆောင်ပြီး နှုတ်ဆက်လိုက်သည်။
”စောစောစီးစီးပါလား - ချီ၊ ဘာကိစ္စများ ရှိနေလို့လဲ”
”ကျူပ်တို့ အစည်းအဝေးလာဖိတ်တာပါ” - ချီက ပြန်ဖြေသည်။
” ခင်ဗျားက သိပ်နှေးလွန်းတော့ အစည်းအဝေးနောက်ကျတော့မှာပဲ” - လူစိမ်းက ငေါက်ငမ်းသည်။
” ဘာအစည်းအဝေးလဲဟင် ၊ ဘယ်သူက တို့ကို ဖိတ်ခိုင်းတာတဲ့လဲ”
“ ခင်ဗျားသိပ်အမေးအမြန်းထူမနေနဲ့။ ရှဲလ် ၀န်ထမ်းဟောင်းတိုင်းတက်ရမဲ့အစည်းအဝေးပဲ ။ ကျူပ်တို့ ဖိတ်ရမဲ့ အခွင့်အာဏာမရှိဘဲ မလာဘူး။ ဒီအစည်းအဝေးက သိပ်အရေးကြီးတယ်။ ဒါနဲ့ ကျူပ်တို့ နိုင်ငံမှာ မဟာယဉ်ကျေးမှုတော်လှန်ရေးကြီး စ နေပြီဆိုတာ ခင်ဗျားမသိဘူးလား” တက်ကြွသူ လူစိမ်းက အလောတကြီး ၀င်ပြောပြန်သည်။
”ယဉ်ကျေးမှုတော်လှန်ရေးဆိုတော့ တို့ရဲ့ ရှဲလ်လို စီးပွားရေးကုမ္မဏီနဲ့ ဘယ်လိုများ သက်ဆိုင်နေလို့လဲ”
”ဥက္ကဌကြီးမော်က လူတိုင်းလူတိုင်းပါဝင်ဖို့ လမ်းညွှန်ထားပါတယ်” ချီက ၀င်ဖြေသည်။
ချီရော ကိုလူစိမ်းပါ စိတ်မရှည်စွာ ထ ရပ်လိုက်ကြသည်။
သူမလည်း ထီးအပြာလေးနဲ့ လက်ကိုင်အိတ်ကို အသာကောက်ယူလိုက်သည်။
“ငါ နေ့လည်စာအမီ ပြန်လာခဲ့မှာပါ - ချင်းမာ”
မျက်နှာ မသာယာတဲ့ အိမ်ဖေါ်တွေကို နှုတ်ဆက်သည်။
အဲဒီတုန်းကတော့ သူမဘ၀ရဲ့ ပုံမှန်ဘ၀ ပုံမှန်နေ့ရက်တွေ မကြာခင် ကုန်ဆုံးတော့မယ်ဆိုတာ ဘယ်သိခဲ့ပါမလဲ..။
--------------------------------
စိတ်ဝင်စားဖို့ ကောင်းတယ်....
ReplyDeleteဒုတိယပိုင်း မျှော်နေမယ်ညီမရေ...
ဆက်ပါဦး။
ReplyDeleteစောင့်ဖတ်နေမယ်။
ကျေးဇူး။
စောင့်ဖတ်မယ်နော်ငယ်ချင်းလေး။ မြန်မြန်ရေးပေးနော်။
ReplyDelete