ကျမ နယ်တကာ ခရီးသွားရင်း သိပ်လှတဲ့ ဧရာဝတီကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရဘူးပါတယ်။ အမိ ဧရာဝတီကတော့ တခေါက်နဲ့ တခေါက် မရိုးအောင် လှနေတော့တာပါပဲ။ အလှအဆုံးအချိန်တွေကတော့ မနက် စောစောနေထွက်ချိန်နဲ့ နေ၀င်ချိန်တွေပဲပေါ့။ အရောင် အမျိုးစုံတဲ့ တိမ်တွေရယ်၊ သူတို့ကို ရောင်ပြန်ဟပ်ပေးတဲ့ ရေပြင်ကျယ်ကြီးရယ်.... ၀မ်းတထွာအတွက် ရုန်းကန်နေကြရတဲ့ တံငါလှေငယ်ရှင်လေး တွေရယ်က အလှပြည့်စုံတဲ့ ပန်းချီကားတချပ် ဖြစ်လာစေပါတယ်...။
အောက်ပုံကတော့ ပခုက္ကူ ရွှေမုဌောဘုရားပေါ်က မြင်ရတဲ့ မြင်ကွင်းပါ...။ ဟော- သဲသောင်ပြင်ပေါ်မှာ မီးခိုးတလူလူနဲ့၊ ကျွဲနွားကိုယ်စီနဲ့ ထွန်ရေးငင်လို့ စိုက်ဖို့ပျိုးဖို့ ပြင်နေကြပြီကော....။
မြစ်ပြင်မှာ ဖြတ်မောင်းလာတဲ့ စက်တပ်လှေငယ်လေးရဲ့ နောက်က ရေလှိုင်းဂယက်တွေကို သဘောကျမိပြန်တယ်။
“ရေတွေမြင်ရတာ စိတ်ကို ကြည်လင် လန်းဆန်းစေတယ်နော်- မကြီး” အနားက ညီမငယ်က အဖေါ်ညှိနေပြန်တယ်။ ”အေးပေါ့ကွယ်၊ ရေတွေက လူတွေရဲ့ ဘ၀ကို ထိခိုက်ပျက်စီးစေတဲ့အထိ မဖြစ်စေဘူး ဆိုရင်ပေါ့”။ ကျမ ဘာကိုဆိုလိုမှန်း သူကောင်းကောင်းသိပါတယ်။ အထူးသဖြင့် ဒီရက်ပိုင်းတွေမှာပေါ့။
တချိန်က မုန်ယိုတဲ့ဆင်တစီးလို ဒေါသကြီးခဲ့ပေမဲ့ အခုတော့လည်း ပန်းဝါ၀ါကလေးတွေပန်လို့ လှလှပပ ရစ်ခွေစီးဆင်းနေတဲ့ ယောချောင်းကလေး။ ပြီးတော့ သင်ဖြူးခင်းထားတဲ့ သဲသောင်ပြန့်ပြန့်။ပခုက္ကူနဲ့ ပေါက်မြို့နယ်အစပ်က လှပတဲ့ ရေကန်တကန်။ ပြီးတော့ ကိုင်းပင်လှလှလေးတွေ။
ပုံပြင်တွေထဲမှာ အပြစ်ကင်းပါတယ်လို့ အမြဲတမ်း တင်စားခံရလေ့ရှိတဲ့ သိုးငယ်ကလေး တအုပ်...။
ဘုရား စေတီနဲ့ လှပတဲ့ မြစ်ကမ်းပါး တနေရာ။
အလှအပတွေ တကန့်ုခြားပြီး လက်တွေ့ဘ၀ရဲ့ ရုပ်ပုံလွှာလေးတွေ ကြည့်လိုက်ရအောင်နော်..။
ယောချောင်း၊ ကျောချောင်း၊ ချစ်ချောင်း။ ယမားချောင်း အသွယ်သွယ်က လျှံတက်လာတဲ့ လှိုင်းတွေ ရေတွေက နဂိုက အခြေမခိုင်တဲ့ ကျေးလက်ဒေသခံတွေရဲ့ ဘ၀ကို ရိုက်ချိုးဖျက်ဆီးလိုက်သလိုပါဘဲ။ ဒါပေမဲ့ စိတ်လျော့ အားငယ်တာကိုမတွေ့ရဘဲ တက်ကျိုးရင် လက်ထိုးလှော်မဲ့ အားမာန်တွေ တွေ့နေရပါတယ်။ လောကဓံကို ထုသားပေသားကျနေကြပြီလေ။ ယာယီရွက်ဖျင်တဲ့ တာရပတ်မိုးထားတဲ့ တဲကလေးတွေထဲမှာ တောင် ကလေးငယ်လေးတွေရဲ့ တောက်ပတဲ့ ဒီလိုအပြုံးတွေ မြင်နိုင်ပါသေးတယ်..။
ဖေးမကူညီတဲ့ လက်ကလေးပေါင်းများစွာကလည်း မြန်မာပြည် တနှံတလျားက စီးဝင်နေကြလေရဲ့။ အဆင်ပြေသွားမှာပါလို့ အားပေးရင်း ...... တတတ်တအား ကူညီဖေးမရင်း ခရီးဆက်ခဲ့ရပြန်ပေါ့။
ဖေးမကူညီတဲ့ လက်ကလေးပေါင်းများစွာကလည်း မြန်မာပြည် တနှံတလျားက စီးဝင်နေကြလေရဲ့။ အဆင်ပြေသွားမှာပါလို့ အားပေးရင်း ...... တတတ်တအား ကူညီဖေးမရင်း ခရီးဆက်ခဲ့ရပြန်ပေါ့။
ကျမ စာကလေး အဆုံးသတ်မှာ အားမာန်ရှိတဲ့ ကဗျာရှည်လေးတပုဒ်ကိုလည်း မျှဝေချင်ပါသေးတယ်...။ ရေးသူက အရှင်ဥတ္တမ(စဥ့်ကူ)တဲ့...။
နုံးဘ၀က ရုန်းထသံ
မတရားမိုးကြောင့်၊
တံတားလည်းကျိုးခဲ့ရပြီ။
ရေအရှိန်တက်လို့၊
နေအိမ်တွေလည်း ပျက်ခဲ့ရပြီ။
ချောင်းရေလျှံတာကြောင့်၊
ကျောင်းတွေကန်တွေလည်း ပြိုကျခဲ့ရပြီ။
”အလိုဘုရား” လို့၊ တ လိုက်ချိန်မှမရ
လမိုက်တဲ့ ညကာလမှာ
ဘ၀တွေ မှောင်မိုက်ခဲ့ရပြီ။
အကြောင်းတွက်စစ်တော့
နှစ်ထောင့်တစ်ဆဲ့တစ်မှာပါ
မေ့ပစ်မရနိုင်စရာ
ဆဲ့ကိုးရက် အောက်တိုဘာ။
ပခုက္ကူနဲ့ ဆိပ်ဖြူနယ်မှာပေါ့
စိတ်ပူဖွယ် သည်အဖြစ်ဆိုးရယ်က
စဥ့်အိုးက ခေါင်မိုးပြင်
ကုတင်က သစ်ပင်ထက်
မြင်ရက်စရာမရှိ။
လှိုင်းဂယက် မကြမ်းပေလား၊
ရဟန်းတွေများပင် ကျောင်းခေါင်ဖေါက်ထွက်ခဲ့ရ
ကြောက်မက်ဖွယ် ဘယ်လူတွေးနိုင်ပါ့
ဆယ်ယူပေးလို့မရ
ကယ်သူဝေးတဲ့ဘ၀။
တသက်စာ မတွေးဝံ့ပါဘူး
တမနက်စာအရေးဖြင့်သော်မှ
တွေးချင့်လို့ မမြင်နိုင်။
ဘ၀င်ကိုင်စရာဆိုလို့ တခုမှမကျန်လေတော့
လူ့ဘ၀သဏ္ကာန် ဟန်လိမ့်ဦးမည်လား
ကံနိမ့်တုံး ခံရမည်သာပ
ကမ္မပစ္စည်း သမိုင်းမယုတ်ပါဘူး
ဆိုင်းဘုတ်က စံပြကျေးရွာ တဲ့။
အော်-ဟုတ်ပါရဲ့
ရေဘေးမှာ စံပြပေါ့
နေရေးမှာ ဟန်မကျတာကြောင့်
မြန်မာတို့ရဲ့ ဓလေ့အလှ
ပေးကြ ကမ်းကြ
မေးကြ မြန်းကြပေါ့။
စေတနာအရင်းဖြင့်
ငွေအသပြာခင်းပြီး
ခြေရာချင်းထပ်
နေရာချင်း မလပ်အောင်
မြတ်လှတဲ့စိတ်ထားဖြင့်
မဖိတ်ကြားဘဲ အလိုလို
ပင်ကိုယ်သဘာဝ
ကူညီကြတဲ့ ကျေးဇူးတွေ။
”မမေ့ဘူးဟေ”
ဒါတွေ ပြန်ဆပ်နိုင်ဘို့
နုံးဘ၀က ရုံးထပြီး၊
တရက်မလွန်ခင်မှာ
ကြက်သွန်ပြန်စိုက်ကြစို့...။
မိုးစက်ပွင့်
ရေတွေက လူတွေရဲ့ ဘ၀ကို ထိခိုက်ပျက်စီးစေတဲ့အထိ မဖြစ်စေဘူး ဆိုရင်ပေါ့”။ ဟုတ်တယ်နော်။ ကဗျာကိုလည်းကြိုက်ပါတယ်။
ReplyDeleteမတရားမိုးကြောင့်တံတားကျိုးခဲ့ရပြီတဲ့လား
ReplyDeleteလှလိုက်တဲ့ စာသားလေးတွေ
ွဓါတ်ပုံရှုခင်းလေးတွေအတွက်လဲကျေးဇူးတင်ပါတယ်
သာသာယာယာနဲ့ မျက်စိအေးစေလို့
ခင်မင်တဲ့ jasmine(မုန်လာထုပ်)
ဧရာဝတီကို မှီတင်းနေကြတဲ့ မြန်မာပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ....။
ReplyDeleteဧရာဝတီအမြဲစီးဆင်းပါစေ...။
ဧရာဝတီ သိပ်လှတယ်၊
ReplyDeleteအမြဲလှစေချင်တဲ့ စိတ် ပြင်းပြင်းပြပြလဲ ရှိတယ်၊
ကဗျာလေး သိပ်ကောင်းတာပဲ၊
ဒို့ လည်းဧရာဝတီအလှကို သိပ်သဘောကျတယ်။ ခဏခဏ ဧရာဝတီ တလျှောက်မှာ နေမထွက်ခင်က နေ၀င်ပြီးထိအလုပ်လုပ်ခဲ့ဘူးလို့ မျက်လုံးထဲမှာ တကယ်မြင်ယောင်မိတယ်။ ကိုင်းပင်လေးနဲ့ ပုံလည်းသဘောကျတယ်။
ReplyDeleteအိုင်အိုရာ
ဓာတ်ပုံတွေ လှလိုက်တာ..
ReplyDeleteဧရာဝတီရဲ့ အလှကတော့ အထူးပြောဖို့မလိုအောင်ပါဘဲ
အားမာန်အပြည့်နဲ့ လှပစွာ စီးဆင်းနေတယ်..
ကိုင်းပင်တွေလည်းလှတယ်. ပန်းဝါဝါတွေလည်းလှတယ်..
ကဗျာဖတ်ပြီး စိတ်မကောင်းဖြစ်ရပေမဲ့ အဆုံးသတ်ကတော့ ဇွဲမလျော့တဲ့ အားမာန်တွေကို မြင်တွေ့လိုက်ရတဲ့
ကဗျာလေးကို ဖတ်ပြီးရင်ထဲနင့်သွားတယ်။ နောက်ဆုံးအပိုဒ်ကတော့ အားပေးသံကြောင့် တက်ကြွသွားတယ်။ ကလေးနှစ်ယောက် ပြုံးရယ်နေတဲ့ပုံကိုကြည့်ပြီး စိတ်မကောင်းလွန်းလို့ မျက်ရည်လည်မိပါတယ်ရှင်။
ReplyDelete