“သြော်.. လူလှ….လူလှ”…..
ယောချောင်းနဘေးက ကမူကလေးမှာ ထိုင်ရင်း သားနာမည်ကို ဘိုးတင် တီးတိုးရေရွတ်နေမိ၏။ ဘိုးတင်၏ မှုန်ဝါးဝေသီနေသော မျက်ဝန်းတွင် မျက်ရည်ခိုးများနှင့် ပို၍ မှိုင်းမှုန်လို့နေသည်။ ဘိုးတင်မိန်းမ ဒေါ်ရွှေ ကတော့ တခြမ်းပြိုပျက်နေသည့် အိမ်ကလေး၏ အိမ်ရှေ့ကြမ်းပြင်တွင် တုံးလုံးပက်လက်မှိန်းလျှက်။ အိပ်ပျော်နေတာတော့ မဖြစ်နိုင်။ အဘယ့်ကြောင့်ဆိုသော် အမယ်ကြီး၏ မျက်လုံးထောင့်မှ စီးကျနေသည့် မျက်ရည်စများကို သူမြင်နေရသည်။ ထိုအချိန်တွင် လူလှအကြောင်းတွေးနေမှာဘဲဟု သူအတပ်သိသည်။
ထိုစဉ် ကျောပိုးအိပ်ကိုလွယ်၍ လူရွယ်လေးတစ်ယောက် သူတို့ဘက်သို့ လျောက်လာသည်ကို မြင်ရသည်။ မသစ်လွင်လှသေည်လည်း သေသပ်သည့် အ၀တ်အစားကြောင့် ဒီရွာက မဟုတ်မှန်းတော့ သူသိသည်။ ပြုံးပြရင်း “အဘက ဒီရွာကလား” ဟု နှုတ်ဆက်၏။ “အေး” ဟုသာ ဖြေလိုက်ရသည်။
“ ကျွန်တော်က ရေဘေးကူညီရေး အဖွဲ့ကပါ၊ ရိက္ခာထုတ်တွေ ဝေပေးနေတာ အဘတို့အိမ် ရပြီးပြီလား..”
“ အဘ ချွေးမ သွားယူထားပါတယ်ကွယ်”
“ အဘတို့ ရေဘေး ဘယ်လို ကြုံခဲ့ရတယ်ဆိုတာ ပြောလို့ရရင် ပြောပြပါလားအဘ ”
တကယ်ဆို သူအဲဒီအကြောင်း ပြန်မတွေးချင်။ ခြောက်အိမ်မက်ကြီးလို ဖြစ်နေသည်။ သို့ပေမယ့် လူရွယ်လေး၏ ရည်မွန်သည့် တောင်းဆိုချက်ကို သူမငြင်းနိုင်။ ချောင်းတချက်ဟန့်ရင်း သူ့ရင်ထဲက တစ်ဆို့နေသည့် နာကျင်မှုတွေကို အရင်ရှင်းလိုက်သည်။
“ အိမ်း…၊ အဘတို့တစ်သက်၊ အဖေတို့တစ်သက် မကြားဖူးပါဘူး လူကလေးရယ်..၊ ဒီယောချောင်းကြီးကို မှီပြီး အဘတို့ ကြက်သွန်စိုက်၊ ပဲစိုက် အသက်မွေးခဲ့တာပါ၊ နှစ်စဉ် ရေတက်ရေကျတော့ ရှိစမြဲပေါ့..၊ တခါတလေလဲ ဒူးလောက်ပေါင်လောက် ရှိပါရဲ့..၊ အခုလို ကြောက်ခမန်းလိလိ တက်တာမျိုးကတော့ …….”
လူရွယ်လေးက သူ့ရှေ့တွင် အသာအယာ ထိုင်လိုက်သည်။ နားလည်သော အားပေးသော အပြုံးဖွဖွဖြင့် သူ့စကားကို ငံ့လင့်သည်။ သူ့မျက်စေ့ထဲတွင် မြင်နေရသည်က မနက်စောစောကြီး ရေတွေ အိမ်အောက်ကို ဒလဟော စီးဝင်လာတာ၊ လူတွေ ပြေးကြလွှားကြတာ၊ နွားတွေအော်သံ၊ ဆိတ်တွေအော်သံ၊ နောက်ပြီး ယောချောင်း၏ ကြုံးဝါးသံ။
ရင်ထဲ ဆို့နင့်လာသဖြင့် နောက်တကြိမ် ထပ်မံ၍ သူ ချောင်းဟန့်ရပြန်သည်။
AAAAA
“ ဟဲ့…. မယ်ရွှေ မယ်ရွှေ ထစမ်း ထစမ်း၊ လူလှ လူလှ ”
မိန်းမနှင့် အိမ်ထဲက သားကို သူ လှမ်းနှိုးလိုက်သည်။
“ ကျွန်တော် ဒီမှာပါ အဖေ၊ ရေတွေ အရမ်းတက်လာတာ ထကြည့်နေတာ၊ ကျွန်တော် အခြေအနေ သွားကြည့်လိုက်ဦးမယ်”
အိမ်ရှေ့မှာ ရှိနေတဲ့ သား၏ အသံ။
“ ဟုတ်ပါ့… ဒီကောင် ငါ့ထက် အအိပ်ဆတ်တာပဲ၊ ၀ီိရိယ ကောင်းချက်ကတော့ ငယ်ငယ်ထဲက ရွာမှာ သာရေးနာရေးဆို သူအိပ်ပျက်ခံပြီး ရှေ့ဆုံးက..၊ ဒါကြောင့်လည်း တစ်ရွာလုံးက လူလှမပါရင် ပွဲမစည်ဘူးလို့ ဆိုကြတာ ”
ရသမျှ စက္ကန့်ပိုင်းမှာ သားအကြောင်း အမွှမ်းတင်ပြီး တွေးမိလိုက်သေးသည်။ လူကတော့ ငုတ်ခနဲ ထထိုင်လိုက်မိသည်။ မယ်ရွှေနှင့်ချွေးမ သန်းမေတို့လည်း သူ့အနားသို့ စုပြုံရောက်လာကြ၏။ အပြင်မှာတော့ မိုးက သွန်ချသလို တဝေါဝေါ သည်းနေသည်။ မိနစ်ပိုင်းအတွင်းမှာပင် အိမ်အောက်မှာ ရေက ကြမ်းခင်းကိုပင် တိုက်တော့မတတ် တရိပ်ရိပ် မြင့်တက်လာသည်။ ရွာထဲတွင် ကလေးသံ၊ ခွေးသံ၊ နွားတွေ နှာမှုတ်သံဖြင့် ဆူညံနေသည်။ လူလှက အပြင်က အပြေးကလေး ပြန်ရောက်လာသည်။
“ အဖေရေ..၊ ရေကတော့ မနည်းဘူးဗျ..၊ ယောချောင်းဖက်ကလည်း ရွာထဲကို ဒရဟော စီးနေတာ၊ တောင်ပိုင်းက လူတွေတော့ ဘုရားကုန်းပေါ်တက်ကုန်ကြပြီ..၊ ကျွန်တော်တို့ကတော့ ရွာလယ်က ရိုးချောက်ကြီးကို ကျော်လို့ ရမှာမဟုတ်ဘူး၊ ရေက ရင်စို့ ကျော်လောက်တယ်၊ လိုရမယ်ရ မန်ကျည်းပင်ပေါ် တက်နေရင်ကောင်းလိမ့်မယ်”
အိမ်ကြမ်းပြင်ကို ထိလုနီးနီး တက်လာသည့် ရေများကို ကြည့်ပြီး သားလူလှပြောတာ မှန်တယ်ဟု တွေးမိသည်။ ခေါင်းရင်းက မန်ကျည်းပင်ကြီးက နှစ်ပေါင်းရာချီနေပြီ။ ယောကျာ်းသုံးယောက် လက်ချင်းဆက်လို့ရအောင် ပင်စည်က တုတ်ခိုင်သည်။ သူ့အကိုင်းအခက်တွေက ဖြာဖြာဝေလို့။
“အေး အေး အပင်ပေါ်ပဲ တက်ကြတာပေါ့ကွာ၊ ငါ့သား မင်းအမေနဲ့ မိန်းမကို တွဲ၊ သြော် ဟဲ့ မယ်ရွှေ၊ ဒီပစ္စည်းတွေ သယ်မနေနဲ့လေ၊ သြော်- နင့်မလဲ၊ ထားခဲ့ပါဟ၊ လူအန္ကရာယ်မကျဖို့က အဓိကဘဲ” လို့ သူ ငေါက်လိုက်မိသည်။
“အိမ်ထောင်ဦး ပစ္စည်းလေးတွေ မို့ပါတော်”
မယ်ရွှေက သူ့ကို တုန်တုန်ချိချိ ဆိုရှာသည်။
“ ကဲ အဖေ လာ လာ”
ဘိုးတင်က အိမ်ထဲကနေ ရေထဲကို ခုန်ချလိုက်ကာ သားဖြစ်သူ လက်ကိုအားပြုပြီး မကျည်းပင်ပေါ် တက်လိုက်သည်။ ငယ်ငယ်ကတော့ ဒီလိုအပင်မျိုးကို တက်လိုက်ဆင်းလိုက် ဘယ်မှုလိမ့်မည်နည်း။ အခုတော့ အသက်က စကားပြောလေပြီ။ သားက အပင်ခွမှာ မြဲမြဲထိုင်မိသည်အထိ တွန်းတင်ပေးသည်။ အကိုင်းကြီးကြီးတစ်ခုကို ဖက်တွယ်ထားလိုက်သည်။ သူပြီးတော့ အမယ်ကြီးအလှည့်။ အမေဖြစ်သူကိုတော့ သားက မချီပိုးယုံတမယ် တွဲဖက် ခေါ်လာရသည်။ ခက်ခက်ခဲခဲ အပင်ပေါ် တင်ပေးရပြန်၏။ အမယ်ကြီး၏ လက်ကို အပင်ပေါ်ကနေ သူ လှမ်းဆွဲ ယူလိုက်သည်။ မိုးတွေ ရေတွေက ပိုလို့ပင် သည်းကာ စီးဆင်းလာပြန်သည်။ ရွှဲရွဲစိုနေသဖြင့် မေးချင်းရိုက် မတတ်ဖြစ်နေ၏။ ရေစီးက ပိုသန်လာသည်။ ယောချောင်းဖက်က လှိုင်းလုံးကြီးတွေပင် လှိမ့်တက်လာသည်။
“ ဟဲ့.. ဘာကြီးတုန်း”
ရေထဲမှာ ပေါ်ချည်၊ မြုပ်ချည်နဲ့ အရာကြီးကို မန်ကျည်းပင်ပေါ်ကနေ သေသေချာချာ ငုံ့ကြည့်လိုက်တော့ အိမ်နီးချင်း မယ်ချစ်တို့ အိမ်က နွားကြီးရွှေနီ ဖြစ်နေသည်။ ရွှေနီက မကျည်းပင်ဘေးကနေ လျှင်လျှင်မြန်မြန် မျောပါသွားသည်။
“သားရေ သန်းမေကို တင်ပြီးရင် မင်း မြန်မြန်တက်ဟေ့”
သူ စိုးရိမ်ကြောင့်ကြစွာ လှမ်းအော်သည်။ ရေက ခါးလည်လောက် မြင့်တက်နေလေပြီ။ သန်းမေက တုန်ရီဖြူရော်နေပြီး လူလှလက်ကို မဖြုတ်တမ်း ဆုတ်ကိုင်ထားသည်။ ရေတွေက တဝေါဝေါ စီးဆင်းနေသည်။ စီးဆင်းနေသည့် ရေထဲတွင် အမှိုက်များ၊ ပစ္စည်းများ၊ တ၀ဲဝဲလည်လျှက် မျောပါနေကြသည်။
“သန်းမေ…နင် အရင်တက်ဟ၊ ငါတွန်းတင်မယ် နှစ်ယောက်တွဲကြီး တက်လို့ မရဘူးလေ”
လူလှက စိတ်မရှည်စွာ ပြောရင်း တွန်းတွန်းထိုးထိုး တင်ပေးလိုက်သည်။
“သား.. သား… တက်…တက် ” သန်းမေကို လှမ်းဆွဲရင်း အဖွားကြီးက အော်ပြောသည်။ တစ်ချိန်တည်းမှာ သူတို့ အိမ်ကလေး၏ အဖီတခြမ်းက ရေစီးဒဏ်ကြောင့် ၀ုန်းခနဲ လဲပြိုမျောပါသွားတော့သည်။ လူလှက မန်ကျည်းပင်စည်ပေါ်ကို စ၍ တက်လိုက်သည်။ ထိုအခိုက် ရေထဲတွင် ယက်ကန်ယက်ကန်ဖြင့် သျှောင်ပေစူးလေး မြုပ်ချည်ပေါ်ချည်နှင့် ကလေးတစ်ဦး မျောလာသည်ကို တွေ့လိုက်ရသည်။ ကလေး၏ လက်ကလေးတစ်ဖက်ကို လူလှ လှမ်းဆွဲလိုက်မိ၏။
“ ဟာ... မင်းမင်းလေး ပါလား”
မယ်ချစ်၏ တစ်ဦးတည်းသော ဖတဆိုးသားကလေး မင်းမင်း။ လူလှက မင်းမင်းလေးကို မကျည်းပင်ပေါ် တွန်းတင်သည်။
“ ဦီလေး လူလှ ၊ ကယ်ပါဦး၊ အမေ အမေ၊ မျောသွားပြီ” မင်းမင်းက ကယောင်ကတမ်း အော်သည်။
“ အေးအေး၊ သားလေး မင်းအရင် အပင်ပေါ်တက်”
မင်းမင်းက မန်ကျည်းသီး တက်ခူးနေကျမို့ လူလှ၏ ပခုံးပေါ်ကနေတစ်ဆင့် မကျည်းပင်ခွကို မြန်မြန်တက်လာ၏။ ထိုအခိုက်တွင် လှိုင်းလုံးကြီးတစ်လုံး ၀ုန်းခနဲ ပုတ်လိုက်သဖြင့် လူလှ ဆယ်ပေလောက် လွင့်ထွက်သွားသည်။
“ အိုး ကိုလူလှ ” “ သားလေး ” “ လူလှ” “ ဦးလေး ”
တစ်ပြိုင်နက်တည်း အားလုံးက စိုးရိမ်တကြီး လှမ်းအော်သည်။ လူလှ သည်ဖက်ကို ပြန်ကူးခတ်လာသည်။ ရေစီးနှင့် မျောလာသည့် ပလပ်စတစ်ပုံးတစ်လုံးကို လက်နှင့် လှမ်းဆွဲရန် ကြိုးစား၏။ ပုံးကို လက်တစ်ဖက်က မှီလုမှီခင်မှာ နောက်ထပ် လှိုင်းတစ်လုံးက ၀ုန်းခနဲ ပုတ်လိုက်တော့သည်။
“ အမလေး ”
သန်းမေ၏ အလန့်တကြား အော်သံနှင့်အတူ လူလှလည်း ရေစီးထဲ မျောပါသွားတော့သည်။
“သား… သား”
သူရော၊ မယ်ရွှေပါ အော်ခေါ်ဖို့ ကြိုးစားကြပေမယ့် အသံများက လည်ချောင်းထဲတွင် ပျောက်ကွယ်သွားလေသည်။ လူလှကို မမြင်ရတော့လေပြီ။ လူလှ၏ လက်ကလေးတစ်ဖက်ကိုသာ နောက်ဆုံး မြင်လိုက်ရတော့သည်။ သစ်ပင်ပေါ်မှာ လူသားသုံးဦးလုံး ငိုလို့နေကြသည်။ သန်းမေက ခုန်ချမည် တကဲကဲမို့ ဆွဲထားရသည်။ မပေါ့မပါးကြီးနှင့်မို့ တစ်သက်က နှစ်သက်သုံးသက် ထပ်မဆုံးရှုံးချင်တော့ပါ။ လင်းအားကြီးချိန်မှ စခဲ့သည့် အိမ်မက်ဆိုးက နေ့လည်ပိုင်း ရေကျသွားချိန် သစ်ပင်ပေါ်မှ ကူချပေးမည့်သူတွေ ရောက်လာသည်အထိ အထပ်ထပ် မက်နေဆဲ။ မယ်ရွှေကတော့ တွေ့သမျှလူတွေကို လူလှကိုရှာပေးဖို့ တတွတ်တွတ် တောင်းပန်နေသည်။ လူလှနှင့်အတူ ပျောက်ဆုံးနေသူ ငါးဦးရှိပြီး ကျွဲနွားများကတော့ တစ်ရွာလုံးနီးပါး ပျက်စီးကုန်ကြသည်။ ကျောင်းထိုင်ဆရာတော်က ကျန်ရစ်သူများကို တရားချ၏။
“ ပစ္စည်းသင်္ခါရ လူသင်္ခါရပါ ဒကာကြီးတို့…၊ ကိုယ်တိုင်လဲ တစ်နေ့ ဒီလမ်းလိုက်ရမှာ…”
ပြောမည့်သာပြောရသည်၊ ဆရာတော်ကိုယ်တိုင်လည်း မျက်ရည်များ ၀ိုင်းလျှက်။
AAAAA
အဖြစ်သနစ်ကို ပြန်ပြောင်းပြောရင်း ဘိုးတင် သက်ပြင်းတစ်ချက်ချသည်။ ယနေ့ဆိုလျှင် လူလှတစ်ယောက် ရေမှာ မျောပါသွားခဲ့တာ သုံးရက်တိုင်ခဲ့ပြီ။ သတင်းအစအန မရသေး။ ယောချောင်းကြီးက သူချစ်သော တစ်ဦးတည်းသား၊ အလိမ္မာ သားကလေးကို ရက်ရက်စက်စက် ခွဲထုတ်သွားခဲ့သည်။ သည်အဖေအမေ နှစ်ယောက်တည်း မည်သို့ ရပ်တည်ရှင်သန်ရမည်ကို မတွေးဝံ့တော့။
“ ငါ့သားအစား ငါသာ ရေထဲပါသွားခဲ့ရမှာ ” ဟု တဖွဖွ ညည်းတွားရုံကလွဲ၍ မတတ်နိုင်။ ဆုံးရှုံးသွားသည့် ကြက်သွန်ပျိုးခင်းများ၊ နွားနှင့် ဆိတ်များ၊ အိမ်ထောင်ဦးပစ္စည်းများ၊ ထိုအရာများအတွက်ကို သူ ၀မ်းမနည်းမိ။ သူတို့၏ သုဝဏ္ကသာမလို သားရတနာကလေးကိုသာ နှမျောတသနေမိသည်။ မြို့ပေါ်တက်ပြီး ကုန်ရောင်းပြန်လာတိုင်း အဖေအမေအတွက် စားစရာတစ်ခုခုမပါဘဲ မပြန်တတ်ခဲ့သည့် သားလူလှ၊ အသက်နှစ်ဆယ်ပြည့်၍ ရဟန်းခံပေးစဉ်ကပင် နှစ်လပြည့်အောင်ပင် မနည်းနေခိုင်းခဲ့ရသည်။ “သားမရှိရင် အဖေနဲ့အမေ ပင်ပန်းနေမှာပေါ့ ” ဟု အလိုက်တသိ ပြောခဲ့သည့် သည်သား ။ “သားမရှိရင် ....... သားမရှိရင်.... ” တဲ့။ အခုတော့…။
သူရော၊ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသည့် မယ်ရွှေပါ၊ စေတနာရှင်များ ပေးကမ်းထားသည့် ထမင်းထုပ်များ၊ မုန့်ထုပ်များကို စားချင်စိတ်လည်းမရှိ။ သား ပြန်လာတာ မြင်ရနိုးနိုးနှင့် ယောချောင်းအစပ်ကို မျှော်လို့သာနေမိသည်။ ချွေးမသန်းမေကလည်း ကယောင်ကတမ်းပြောလိုက်၊ ငိုင်ငိုင်တွေတွေ နေလိုက်၊ တငိုငို တရီရီလုပ်လိုက်နှင့် ကျန်းမာရေးက စိတ်မချရသည်မို့ အနီးကပ် စောင့်ရှောက်ပေးမည့် သူ့အစ်မမိသားစုနှင့် ပြန်နေခိုင်းလိုက်သည်။ ယခုတော့ အဖိုးကြီးနှင့် အမယ်ကြီးနှစ်ယောက်တည်း။ ဆရာတော်ကျောင်းမှာ မိသားစု တစ်ရာလောက် မှီခိုနေကြသော်လည်း သူကတော့ ကိုယ့်အိမ်ကလေးကိုဘဲ ဖြစ်သလို ထောင်မတ်ပြီး ၀ါးတိုင်နဲ့ထောက်၊ အမိုးပေါက်တွေကို တာရပတ်အုပ်ပြီး ယာယီတဲကလေး ထိုးနေလိုက်သည်။ ဒီနေရာကလေးကနေဘဲ သားကို မျှော်ချင်သည်။ သားကို လွမ်းချင်သည်။
“ သြော်… ဒီယောချောင်းကြီးကို မှီပြီး တို့တတွေ အသက်မွေးခဲ့ကြတယ်၊ ကြက်သွန်ခင်း ပဲခင်းတွေ စိမ်းလန်းစိုပြည်ခဲ့ရတယ်၊ သားကလေးကိုလည်း အိုးစည်ဗုံမောင်းတီးလို့ ခြိမ့်ခြိမ့်သဲသဲ ရှင်ပြုခဲ့ရတယ်၊ စားစရာ ၀၀လင်လင်နဲ့ မပူမပင် တို့မိသားစုတတွေ ပျော်ရွှင်ခဲ့ရတယ်၊ အခုတော့ ယောချောင်းကြီးက ငြိုငြင်ရက်ပြီပေါ့နော်၊ ကျူပ်တို့ ယောချောင်းကြီးကို ဘာတွေများ အပြစ်လုပ်မိလို့လဲဗျာ၊ တစ်ခါမှ မမြင်ဘူးမတွေ့ဘူးခဲ့တဲ့ပုံစံနဲ့ ဒေါသတကြီးလာပြီး သားကလေးကို ကျူပ်တို့ ရင်က ခွဲထုတ်သွားခဲ့တယ်၊ အခုတော့လည်း သူ့ရဲ့ သဲသောင်ခုံတွေက တင်းလို့၊ ရေတွေ လှိုင်းတွေမရှိပဲ တည်ငြိမ်နေလိုက်တာများ၊ ကြမ်းခဲ့ရမ်းခဲ့တာ သူမဟုတ်ခဲ့သလိုဘဲနော်…. ဟင်း.. ”
ဘိုးတင်က လူရွယ်လေးကို မကြည့်ဘဲ တစ်ကိုယ်တည်း လေးလေးပင်ပင်ကြီး ရေရွတ်ရင်း သက်ပြင်းအခါခါချလျှက်။ ဘိုးတင်၏ အသက်သခင် ကျေးဇူးရှင် မကျည်းပင်ကြီးကလည်း စာနာဝမ်းနည်းစွာ သူ့အရွက်ကလေးများကို ပိတ်သိမ်းလျှက်....။
မိုးစက်ပွင့်
( ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ရွာတရွာမှ ရေဘေး ခံစားရသူ မိသားတစု၏ ဖြစ်ရပ်မှန်ပေါ်တွင် ခံစားရေးဖွဲ့ပါသည်...)
ဖတ်ပြီးရင်ထဲမကောင်းလိုက်တာညီမရယ်
ReplyDeletelet me share
ReplyDeleteစိတ်မကောင်းဖြစ်ရပါတယ်။
ReplyDeleteခေတ်ကို ထင်ဟပ်တဲ့ ၀တ္တုကောင်းလေးတစ်ပုဒ်ပါဘဲ..
ReplyDeleteအဖြစ်အပျက်မှန်မို့ ပိုလို့ စိတ်မကောင်းရတယ်..
သဘာဝဘေးအန္တရာယ်ဆိုးကြီးမှ လူသားအားလုံး ကင်းဝေးစေချင်လှပါတယ်။
စိတ်မကောင်းဖြစ်ရပါတယ်။
ReplyDeleteအိုင်အိုရာ