Monday, 4 April 2011

မိုးစက်ဝိုင်

မိုးရေဆိုတာ သန့်သန့်ရှင်းရှင်း
အရောင် အနံ့ အရသာ ကင်းသတဲ့......

ဟော....ကြည့်ပါ့
ခံစားချက် ကောင်းကင်ပြာကြီးကနေ မွေးဖွား
သမုဒယ  မိုးသားပြာတွေကနေ ငွေ့ရည်ဖွဲ့
တအိအိ လျှံကျလာတဲ့
ရင်ခုန်သံ အပြာရောင် မိုးရေစက်များ.....

အရောင်အနံ့အရသာမကင်းလို့
မသန့်ရှင်းဘူးဘဲဆိုဆို
ချစ်ခြင်းတို့ ပျော်ဝင်နေခဲ့......

သူ့လက်ထဲက
အနီရောင်စပျစ်ဖျော်ရည်ခွက်ထဲ ဖိတ်ကျပျော်ဝင်ခဲ့တဲ့
အပြာရောင်မိုးရေစက် တွေကြောင့်
ခရမ်းရောင် အချစ်ဖျော်ရည်တခွက် ဖြစ်သွားခဲ့လေသလား ......

Sunday, 3 April 2011

အ၀ိုင်းတွေနဲ့မြို့၊ အ၀ိုင်းတွေရဲ့မြို့


ဒီပို့စ်ကို ”မြို့တော်ဟောင်းမှသည် မြို့တော်သစ်ဆီသို့”  လို့ အမည်ပေးရင်ကောင်းမလားလို့ တွေးမိပါသေးတယ်။  သိပ်ကြီးကျယ်ရာကျနေမှာစိုးလို့ ပြင်လိုက်ပါတယ်။  ကားခ ၆၀၀၀၊ မောင်းချိန် လေးနာရီကျော် ကြာပါတယ်။
လမ်းက ဖြောင့်ဖြောင့်စင်းစင်း၊ ကျယ်ကျယ်ဝန်းဝန်း။ ဒါပေမဲ့ ကွန်ကရစ်နဲ့ ကားဘီးရဲ့ ထိပွတ်မှုက ကတ္တရာလောက် မညက်ညောလှ။ လမ်းဘေးဝဲယာမှာ ကြည့်စရာ ဘာမှမည်မည်ရရမရှိ။ express way ပေကိုး။

ကိုယ်တို့တည်းခဲ့တဲ့ ၀န်ထမ်းအိမ်ယာ.


နောက်တနေ့ ဟိုဟိုဒီဒီ သွားတယ်။ သူရယ် ကိုယ်ရယ် ဆိုင်ကယ်အစုတ်ကလေး တစီးရယ်နဲ့ ပေါ့။

Saturday, 2 April 2011

A Journey to the West

မတ်လ တလလုံး ခြေထောက်မှာ ဗွေပေါက်လေသမျှ ဌာနေကို ပြန်ရောက်ခဲ့ပါပြီ။
ခရီးစဉ်သုံးခုအနက် ရခိုင်ခရီးစဉ်ကို သူငယ်ချင်းတို့ကို အရင်ဆုံး မျှဝေချင်ပါတယ်။

ဒီခရီးမှာ မှတ်မှတ်ရရ ပြောပြချင်တဲ့အကြောင်း က Air Mandalay က MAI ကို စတစ်ကာကပ်ပြီး ပျံသန်းနေတဲ့အကြောင်းပါ။  သူတို့လေယာဉ်က ပြင်ဆင်နေလို့ပါတဲ့။  နားလည်ပေးသင့်တယ်ပဲပြောပြော စိတ်ထဲမှာတော့ ခိုးလိုးခုလုကြီးပေါ့။  စစ်တွေလေဆိပ်ရောက်တော့လည်း baggage တွေက  နာရီဝက်မက လေးဆဲ့ငါးမိနစ်လောက်နီးနီး အကြာကြီးစောင့်ရလို့ စိတ်မကြည်။  တွေးမိပါတယ်.... ကိုယ်ကပဲ သိပ်ပြီး demanding ဖြစ်နေလေသလားလို့ ....။

စစ်တွေမြို့လည်က “ကစ္ဆပနဒီ“ ဆိုတဲ့ အမည်လှလှနဲ့   ထမင်းဆိုင်ကလေးမှာ နေ့လည်စာစားကြတယ်။  မှတ်မှတ်ရရ စားကောင်းခဲ့တာကတော့ ငရုပ်သီးစိမ်း နိုင်းချင်းနဲ့ ပြည်ကြီးငါးရခိုင်သုပ် စပ်စပ်ကလေး။  ဓါတ်ပုံတွေ ရိုက်မထားခဲ့ဘူး။  သူစိမ်းတွေ ၀ိုင်းထဲမှာ ရှိနေတော့ ရှက်လို့ပါ။

စစ်တွေ ဘူးသီးတောင် အမြန်ယာဉ် စပိဘုတ်လေးပေါ်တက်လိုက်မှ ပျော်သွားတယ်။  ဒီသုံးနာရီခရီးက ဘယ်လောက်စီးစီး ကိုယ့်အတွက် မရိုးနိုင်ပါလေ။  ကမ်းဘေးဝဲယာကို ငေးရင်းမောရင် ဓါတ်ပုံတွေရိုက်ရင်း။ လွန်ခဲ့သော နှစ်အနည်းငယ်ကဆို ဒီမြစ်နဒီတကြောမှာ ကျမ စုန်ဆန်ကူးသန်းခဲ့ဖူးတာပေါ့။  အခုတော့လည်း အလွမ်းပြေတခေါက်လို့ ပြောရတော့မှာပါဘဲ။ ပင်လယ်ဝလို ရေပြင်ကျယ်မှာ ရွက်လှေကလေးလွှင့်လို့ အေးအေးလူလူ ခရီးသွားနေကြတဲ့သူတွေလည်း ရှိရဲ့။

အရှိန်ပြင်းပြင်းမောင်းနေတဲ့ ဘုတ်ကလေးရဲ့ ဘေးဝဲယာမှာ ရေစက်ရေမွှာတွေက တဖွားဖွားလွင့်လို့။  လက်ဖ၀ါးနဲ့ ထိတွေ့လိုက်တော့ စိတ်ထဲမှာပါ အေးမြလန်းဆန်းသွားတယ်။ ဘုတ်နောက်မြီးက ရေစီးကြောင်းတွေက ဧရာမ မြွေဖြူဖြူကြီးတွေလိုဘဲ။
တနာရီခွဲလောက်ကြာတော့ “ရသေ့တောင်“ ဆိုတဲ့ အေးချမ်းတဲ့ မြို့ကလေးကို ရောက်လာခဲ့တယ်။ 

Wednesday, 23 February 2011

စိတ်အညောင်းပြေ ကမ်းပါးကိုတခေါက် အလည်ရောက်ခဲ့တယ်

ညနေခင်းလေးတခုမှာ အပန်းဖြေဖို့  ကျမနဲ့ ညီမလေးများ မကွေးမြို့ရဲ့ ဧရာဝတီကမ်းပါးကို ထွက်လာခဲ့ကြပါတယ်။ အချိန်က နေ၀င်ချိန်တိမ်တောက်တဲ့ (အကျည်းတန်လှချိန်) ရောက်လုနီးကလေး ပေါ့။
နေရောင်ကြောင့် ရွှေရောင်ဝင်းနေတဲ့ မြစ်ပြင်ကို အမိအရ မှတ်တမ်းတင်ကြသည်..။ နှစ်ကျပ်ခွဲတန် ကင်မရာမရှိသေးတော့လည်း ရှိသမျှ သုံးမတ်တန် ကင်မရာကလေးနဲ့ ဖြစ်ဖြစ်မည်အောင် အားထုတ်လို့ ရိုက်ခဲ့သည်။ တနေ့တော့ နှစ်ကျပ်ခွဲဝယ်ပြီး လာရိုက်ဦးမည်လို့  စိတ်ထဲက တေးဖြစ်အောင် တေး ထားလိုက်မိသေးတယ်....။
ရေနည်းချိန်မို့ မြစ်လည်ခေါင်မှာ သောင်ထွန်းနေပြီလေ။  အဲဒီသောင်ပေါ်မှာ အသီးအနှံမျိုးစုံ စိုက်ကြ၊ ပန်းခင်းကလေးတွေ စိုက်ကြ၊  အကြော်တဲကလေးတွေ ထိုးကြနဲ့ပေါ့။
 ကမ်းပါးစောက်ရဲ့ အပေါ်တည့်တည်းက လမ်းနဘေးမှာတော့ ပျံကျဈေးသည်တွေက သောင်ပြင်ကထွက်တဲ့ အသီးအနှံတွေကို ဈေးချိုချိုနဲ့ ရောင်းနေတယ်။
ဘူးသီးကလေးတွေကတော့ ဖွံ့ဖွံ့ထွားထွားမရှိဘူး။  အော်ဂဲနစ်မို့ ထင်ပါရဲ့။

Saturday, 19 February 2011

အညာဓါတ်ပုံများ (၂)

ပခုက္ကူကနေ မနက် ဆယ်နာရီလောက်ပြန်ထွက်လာပါတယ်။ ပခုက္ကူ- ကျွန်းချောင်း- ဆိပ်ဖြူ-ချောက် လမ်းအတိုင်း သွားပါတယ်။  သဲချောင်းတွေကို ဖြတ်ပြီး နာရီဝက်လောက် မောင်းပြီးတဲ့အခါမှာတော့ “မြစ်ခြေ”ကို ရောက်ပါတယ်။  မြစ်ခြေက အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ ရွာကြီးပါ။  တိုက်နယ်ဆေးရုံလည်း ရှိတာမို့ မြို့အငယ်စားလေး တခုပါပဲ။  စိုက်ပျိုးရေးလည်း တော်တော်ဖြစ်ထွန်းပါတယ်။ ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ခင်းတွေက စိမ်းစိုလို့။  ပခုက္ကူ ဆေးပေါင်း စက်ရုံအတွက် ကုန်ကြမ်းတွေ ဖြစ်လာမှာပါ။

နောက်တနေရာမှာတော့ ငရုပ်သီးတွေ နေပူလှန်းနေတာ မြင်ကြရပါတယ်။  နီနီရဲရဲ အရောင်တွေရဲ့ ဆွဲဆောင်မှုကြောင့် မနေနိုင်တော့ပဲ ဓါတ်ပုံဆင်းရိုက်မိပါတော့တယ်။  သူတို့လည်းပျော်အောင် (ချက်မစားပေမဲ့) ငရုပ်သီး တယောက် တပိသာစီဝယ်လာခဲ့သေးတယ်။ တပိသာကို ၃၀၀၀ ပါတဲ့။ ဒီနှစ် ငရုပ် အထွက်ရော ဈေးရော ကောင်းတယ် လို့ ဆိုပါတယ်။

ကျွန်းချောင်း ဓါတ်မြေသြဇာစက်ရုံက ၀န်ထမ်းအိမ်ယာတွေအများအပြားကို လမ်းဘေးဝဲယာမှာ တွေ့ရပါတယ်။  ကျွန်းချောင်းမှာ လှလှပပ ဆေးပြာရောင်လေးသုတ်ထားတဲ့ အများသုံးအိမ်သာကလေးတွေ တွေ့လို့ ကျမတို့အဖွဲ့ ၀င်ရောက် အားပေးလိုက်ကြပါသေးတယ်။  အတွင်းပိုင်းကတော့ သန့်ရှင်းရေး သိပ်မကောင်း လှပါဘူး။ ရေရှိလို့သာ တော်သေးရဲ့ ဆိုရပါမယ်။  ကျမ ရောက်ဖူးသမျှထဲမှာ  မန္တလေး-လားရှိုး လမ်းတ၀ိုက်က အများသုံးအိမ်သာတွေက အသန့်ရှင်းဆုံးလို့ ထင်မိတယ်။