ချစ်စရာ့ ဆောင်း
မြန်မာပြည်ရဲ့ ဆောင်းရာသီက ဥရောပလိုမျိုး အအေးဓါတ် မစူးရှ မပြင်းထန်လေတော့ နေလို့ထိုင်လို့ ကောင်းရုံကလေးပါဘဲ။ ကြုံခဲ့ဖူးတဲ့ ရှမ်းပြည်ဆောင်း၊ ရခိုင်ဆောင်းတို့လောက် မအေးပေမဲ့ အညာဆောင်းက ရန်ကုန်ဆောင်းနှင့်ယှဉ်လျှင်တော့ ပိုပိုကဲကဲ အေးလှပါတယ်။ ညဖက်ဆို စောင်ထူထူကလေး တထည်ခြုံပြီး ကွေးလိုက်တာများ ကောင်းမှကောင်းဘဲ။ မနက်ရောက်တော့ ကိုယ့်ကိုယ်ငွေ့နဲ့ ကိုယ် နွေးလှတဲ့ စောင်ပုံ အောက်မှာ အိပ်ယာတောင် မထချင်လောက်အောင် ဇိမ်ရှိနေတော့တာလေ။
ကိုယ့်ရဲ့ ဆောင်းရာသီ တနေ့တာက ရိုးစင်းလွန်းလှပါတယ်။ မနက်စောစော အိမ်ရှေ့ လမ်းမကနေ ”ပဲပြုတ်၊ ကောက်ညှင်းပေါင်း” ဆိုပြီး ဆွဲဆွဲငင်ငင်နဲ့ အော်တတ်တဲ့ ဈေးသည် အဒေါ်ကြီး ဖြတ်သွားပြီ ဆိုရင် ခြောက်နာရီခွဲ ကွက်တိ။ ပိုရင်လိုရင် ငါးမိနစ်ဘဲ။ သူ့အသံက ကိုယ့်ကို လန့်နိုးစေပေမဲ့ ချက်ချင်း အိပ်ယာမထသေးဘဲ နဲနဲ ဆက်နှပ် တတ်တာလည်း အကျင့်တခု ဖြစ်နေပါတယ်။ ခြောက်နာရီလေးဆဲ့ငါး ဆိုရင်တော့ မဖြစ်ချေတော့။ ငယ်ငယ်က သင်ရတဲ့ သိပ္မံမောင်ဝရဲ့ စာထဲကလို (ကြီးတော်ရဲ့ ၀ါးခြမ်း)ကို မကြောက် (တာဝန်ဝါးခြမ်း) ကို ကြောက်ရပုံမျိုးနဲ့ လူးလဲထ ရတော့တာကိုး။ ရေအေးထိတာနဲ့ ဟတ်ချိုးပေါင်းများစွာ ဆက်တိုက် နှာချေတတ်သူမို့ ရေကြက်သီးနွေးနဲ့ မျက်နှာသစ် သွားတိုက် ရပါတယ်။ ပြီးတာနဲ့ ပထမဆုံး လုပ်ရတာက အိုးကြီးကြီးတလုံးနဲ့ ရေနွေးကျိုရတာဘဲ။ ဂက်စ်နဲ့ဆိုတော့ ဆယ်မိနစ်အတွင်း ရေဆူပါတယ်။ ငါးဂါလံဆံ့တဲ့ ရေပုံးထဲ ရေတ၀က်လောက် ဖြည့်ပြီး ရေနွေးစပ်လိုက်တော့ အတော် ပူနွေးနေသေးတယ်။ ခြေ၊ လက်တွေကို အနွေးဆုံးအနေအထားမှာ လောင်းချိုး ရေအေးတွေ ဆက်တိုက် ဖွင့်ထားပြီး အနေတော်ရမှ ကိုယ်ကို လောင်းတယ်။ ရေချိုးမြန်တဲ့အကျင့်ရှိတာမို့ ငါးလီတာ နှစ်ပုံးစာလောက်နဲ့ ရေချိုးခြင်းအလုပ်ပြီးမြောက်သွားပါတယ်။ မနက်စာကိုတော့ ထမင်းအကျန်ကို နွှေးပြီး၊ ဘာလချောင်ကြော်၊ ငါးကြော်၊ ကြက်ဥကြော် စသဖြင့် ရှိတာကို သူနဲ့အတူ တက်သုတ်ရိုက် စားပြီး မနက် ရှစ်နာရီ အိမ်က ထွက်နိုင်အောင် ကြိုးစားရပါတယ်။ ရုံးကို ကိုယ်က ဖြစ်နိုင်ရင် အစောဆုံးရောက်ချင်တာကိုး။

တနေ့တာ ရုံးအလုပ်က ထူးထူးခြားခြား ပြောပြစရာမရှိပါဘူး။ မိသားစုပုံစံ နွေးနွေးထွေးထွေး အသိုက်အ၀န်းကလေးတခုပါဘဲ။ သုံးနာရီခွဲဝန်းကျင်ဆိုရင် dining room မှာ မုံ့တခုခု အမြဲစားကြတယ်။ အလှည့်ကျ ဒကာခံတဲ့သူ တယောက်ယောက်ကတော့ အမြဲ ရှိနေတာပါဘဲ..။
ညနေစောင်းတော့ အိမ်ပြန်ရောက်ပြီ။ စိုက်ထားတဲ့ သစ်ခွပင်ကလေးတွေရဲ့ အထွေထွေ ကျမ်းမာရေးကို ကြည့်တယ်။ နွယ်သာကီ၊ စက္ကူ၊ ဇလပ်ဖြူ၊ နှင်းဆီ ပန်းကလေးတွေရဲ့ အလှကို ခံစားတယ်။ သူတို့မျက်နှာ ရွှင်နေရင် ကိုယ်ပျော်တယ်၊ သူတို့ညှိုးနေရင် လိုမယ်ထင်တဲ့ မြေသြဇာကလေးတွေ ဖြည့်ပေးတယ် ။ အနားက ပေါင်းမြက်လေးတွေ နည်းနည်း ရှင်းပေးတယ်။
ညမိုးချူပ်ရင်တော့ တီဗီရှေ့ကို ရောက်တော့ တာပါဘဲ။ ဘောလုံးပွဲကြိုက်တဲ့ ကိုသကောင့်သား နဲ့၊ သိပ္မွံဆိုင်ရာ knowledge channel နဲ့ National Geographic ကြိုက်တဲ့ ကိုယ်နဲ့ အပေးအယူ ညှိနှိုင်းကြရတယ်။ ဘောလုံးပွဲစဉ်ကောင်းနေရင် ကိုယ်ကလျှော့၊ မကောင်းရင် သူကလျှော့ ပေါ့။ တခါတခါ fashion tv show နဲ့ ရုပ်ရှင်ကောင်းကောင်းတွေဆိုရင်လည်း ကိုယ်က ကြည့်ဖြစ်တယ်။ ရုပ်ရှင်နဲ့ documentary တွေမှာ မြန်မာဘာသာပြန်တွေပါတဲ့အတွက် ပိုနားလည်စေတယ်။ အဲဒီအတွက် ကျေးဇူးတင်ပေမဲ့ မျက်စေ့ထဲမှာ ခိုးလိုးခုလု ဖြစ်တာတွေ မကြာခဏ ကြုံရတယ်။ အသုံးအနှုံး အမှန်မဟုတ်ဘဲ dictionary ကို တိုက်ရိုက်ကြည့်ပြန်တာတွေ များနေတာ ကို တွေ့ရတယ်။ ဥပမာ - saving ကို ငွေစုထားတယ်လို့ ပြောရမှာကို (ကယ်တင်ခြင်း) လို့ဘာသာပြန်တာ၊ stretcher ကို ထမ်းစင်လို့မပြန်ဘဲ ( ဆွဲဆန့်တဲ့ပစ္စည်း) လို့ ဘာသာပြန် ထားတာမျိုးပေါ့။ အလားတူ အမှားတွေ အများကြီးပါဘဲ။ အကုန်မမှတ်မိတော့ဘူး။ မြန်မာလို ဘာသာပြန်ထားပုံကလည်း တခါတရံ အဓိပ္မါယ် မပေါ်တဲ့၊ ဘာကိုဆိုလိုမှန်း နားမလည် နိုင်လောက်တဲ့ စာကြောင်းတွေ ဖြစ်နေတတ်သေးတယ်။ တော်လွန်းလို့တော့ မဟုတ်ပေမဲ့ ကိုယ်တောင် ဒီလောက်မြင်သေးရင် ပိုသိတဲ့ သူတွေက ပိုမြင်ဦးမှာပါ။ ကိုယ်တိုင် အနည်းဆုံး spelling တကြိမ်စစ်၊ နောက်ထပ် ကိုယ့်ထက် နားလည် တတ်ကျွမ်းသူတွေနဲ့ ထပ်စစ်ခဲ့မယ်ဆိုရင် တနိုင်ငံလုံးမြင်နေရတဲ့ အမှားတွေ နည်းသထက်နည်း သွားမှာပါ။ တနိုင်ငံလုံးကို ပြန်ကြားပေးနေတဲ့ Professional ၀န်ထမ်း တွေကို တကယ်ဘဲ professional ဖြစ်စေချင်လှပါတယ်။

ချစ်သော ဒီဇင်ဘာ
ခရစ်စမတ်နဲ့ နှစ်ကူးကို ချစ်ရတဲ့ အချက်တွေထဲမှာ သူငယ်ချင်း မိတ်ဆွေတွေကြားက အေးခဲစပြုနေတဲ့ ချစ်ခြင်းမေတ္တာ နှောင်ကြိုးတွေကို ပြန်လည် တင်းရစ်နိုင်တဲ့ အခွင့်အရေးတခု ပေးတဲ့အတွက်လည်း ပါပါတယ်။ သာမာန်အားဖြင့် ကိုယ်က သွက်လက်ချက်ချာပြီး ဖေါ်ရွေပြူငှာတတ်သူ မဟုတ်လို့ပါ။ များသောအားဖြင့် ခင်မင်မှုတွေကို ကိုယ့်ရင်ထဲမှာဘဲ တိတ်တိတ်လေး သိမ်းထားတတ်သူပါ။ သူတို့ မွေးနေ့တွေကိုလည်း အမြဲတမ်း နောက်ကျပြီးမှ သတိရတတ်သူ။ သူငယ်ချင်းတွေဆီ အလ္လာပ သလ္လာပ အီးမေးလေးတွေ ပို့ပေးဖို့ တွန့်ဆုတ်နှောင့်နှေး တတ်သူပါ။ ငါ့ရဲ့ nonsense ကိုဖတ်ပြီး သူတို့များ အချိန်ကုန် အလုပ်ရှုပ်လေမလား.. အတွေးတွေ ၀င်နေတတ်သူပါ...။
ဒါပေမဲ့ ဒီဇင်ဘာ တတိယပါတ် နေ့ရက်တွေ ရောက်လာတဲ့ အခါမှာတော့ ” Merry X'mas and Happy New Year" နှုတ်ဆက်လွှာ လေးတွေ ပို့လို့ ရင်ထဲက ခင်မင်ဆဲပါဆိုတဲ့ စကားလေးတွေ ပးပို့နိုင်ခဲ့ပါတယ်။ သူငယ်ချင်း + မိတ်ဆွေ + ဆွေမျိုးအရင်းအချာ - စုစုပေါင်း ၅၄ ယောက် တိတိ ပါ။ (ဖဘ နဲ့ ဘလော့က သူငယ်ချင်းတချို့တော့ ကျန်ခဲ့တယ်) greeting123.com ရဲ့ အခမဲ့ အီးမေးလ် greeting card ၀န်ဆောင်မှုကလေးကလည်း ချီးကျူးချင်စရာ။ သူငယ်ချင်းလေးတွေ တော်တော်များများ ဆီကလည်း ၀မ်းပန်းတသာ ပြန်လည်နှုတ်ဆက်မှုနဲ့အတူ thank you greeting ကတ်လေးတွေ ပြန်ရခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီဇင်ဘာ လကလေးရယ် - လို့ ပြောချင်ပါတယ်။

ကမ္ဘာပျက်မယ်ဆိုတဲ့ ဒီဇင်ဘာ ၂၁
မာယာပြက္ခဒိန်နဲ့ ဆက်စပ်ထားတဲ့ ကမ္ဘာပျက်နေ့အကြောင်းကို မယုံတ၀က် ယုံတ၀က် ဖြစ်ခဲ့ပါတယ်။ မယုံတာက များပေမဲ့ မဖြစ်ဘူးလဲ မပြောနိုင်တော့ အတွေးခေါင်ခေါင်နဲ့ ခဏခဏ တွေးကြည့်မိ ပါတယ်။ သြော်- ကမ္ဘာများ တကယ်ပျက်ရင် ဘယ်လိုနေမလဲ၊ ခက်ရချည်ရဲ့ ပေါ့။ နေလုံးကြီး ကွယ်ပျောက်သွားလို့ အရာအားလုံး ရေခဲတုံးကြီးလို အေးခဲသွားမှာလား၊ ဖရဲသီးကြီး ရိုက်ခွဲလိုက်သလို အာကာသထဲကို အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲသွားမျာလား၊ တလောကလုံး မှောင်အတိ ကျသွားမှာလား၊ ချော်ရည်ပူတွေ မီးတောက်မီးလျှံတွေ ထွက်လာမှာလား၊ ငလျင်လှုပ်သလို သွက်သွက်ခါသွားမှာလားပေါ့။ နောက်ပြီး အဆုံးအစမဲ့ မည်းမှောင်တဲ့ စကြာင်္ဝဠာတွင်းနက်ကြီးထဲ လွင့်စင်ကျသွားမလားပေါ့။ တကယ်ဖြစ်ခဲ့မယ်ဆိုရင် အဲဒီတခဏလေးမှာ ကြောက်လန့်တဲ့ စိတ်တွေ အနည်းဆုံးနဲ့ တည်ငြိမ်နေချင်တာ။ ဘာသာတရားနဲ့ မကင်းကွာပေမဲ့ တအားကြီး ပေါက်ရောက်နေသူ မဟုတ်တော့ တုန်လှုပ်မှာတော့ အမှန်ဘဲပေါ့။ အဲဒီအချိန်မှာ ကိုယ် အယုံကြည်ရဆုံး၊ အရင်းနှီးဆုံး သူတယောက်ကိုတော့ အနားမှာ ရှိစေချင်တယ်။ သူ့လက်ကိုသာ ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားလို့ရရင် အဆိုးဆုံးတွေကိုလည်း ရင်ဆိုင်ဖို့ အင်အားရှိမယ် ထင်ပါရဲ့ လို့ တွေးမိတယ်။ အဲဒီလို တကယ်သာ ကမ္ဘာကြီးပျက်စီးသွားခဲ့မယ်ဆိုရင် သူများ ပိုင်တဲ့ အိမ်မြေကွက် ၊ လယ်ကွက်တွေကို အနိုင်ကျင့် နည်းမျိုးစုံနဲ့ သိမ်းထားတဲ့သူတွေ အလကားဖြစ်ကုန်တော့မှာလို့လည်း မဆီမဆိုင် တွေးမိသေးရဲ့။ ဒါပေမဲ့ ၂၁ရက်နေ့က သာမာန်နေ့တနေ့လိုဘဲ ကုန်ဆုံးသွားခဲ့ပြန်ပါတယ်။
၂၀၁၂ စစ်တမ်း
၂၀၁၂ ဆိုတဲ့ နှစ်တနှစ်က ကိုယ့်အတွက် ဘယ်လိုကုန်သွားမှန်းမသိအောင် ကိစ္စများမြောင်လှပါရဲ့။ ကိုယ့်ဘလော့လေးမှာ အသစ် ရေးဖို့မဆိုထားနှင့်၊ မိတ်ဆွေတွေရဲ့ ပို့စ်အသစ်တွေ ဖတ်ဖို့တောင် အနိုင်နိုင်ဖြစ်နေတော့တာပါ။ ကောင်းတာလေးတွေ တော်တော်များများ တော့ လုပ်ဖြစ်ခဲ့တယ် ထင်ပါရဲ့။ အဖွဲ့အစည်း တခုကို ကူညီပြီး မြို့ခံလူငယ်ကလေးတွေ တော်တော်များများကို ဘာသာရပ် ခေါင်းစဉ်တခုအနေနဲ့ သင်တန်း ငါးကြိမ် ပေးဖြစ်တာ၊ ကိုယ့်ပညာရေးနယ်ပယ်ကို ချဲ့ထွင်ဖို့အတွက် ရသော်ရှိ မရသော်ရှိ နိုင်ငံရပ်ခြား ပညာသင် အစီအစဉ်တခုကို အောင်အောင်မြင်မြင် လျောက်ဖြစ်ခဲ့တာ၊ အဝေးက ကိုယ့်မိသားစုရဲ့ဗာဟီရတွေကို တတ်နိုင်သလောက် လုပ်ကိုင်ဖြေရှင်းပေးနိုင်ခဲ့တာတွေကတော့ အပေါင်းလက္ခဏာတွေပဲ ထင်ပါရဲ့။ နောက်ပြီး လူမှုရေး၊ နိုင်ငံရေး ပြဿနာတွေကြောင့် ဘေးဒုက္ခကြုံရသူ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ် တွေအတွက် ၀န်ထမ်းမိသားစုအားလုံးနဲ့ စုပေါင်းပြီး နှစ်ကြိမ်တိုင်တိုင် အလှူဒါနပြုနိုင်ခဲ့ပါတယ်။ အနုတ်လက္ခဏာ ကြီးကြီးမားမား ပြောပြစရာ မရှိပေမဲ့ (မမှတ်မိတာလည်း ဖြစ်နိုင်တယ် :-P )အသက်တနှစ်ကြီးသွားပြီး နေရမဲ့ ဘ၀သက်တမ်းထဲက တနှစ်လျော့သွားပြီ ဆိုတာကတော့ အသေအချာပါဘဲ။
သြော် မေ့တော့မလို့။ ဒီနှစ်ထဲမှာ ရေကူးလည်း သင်ဖြစ်ခဲ့တယ်။ ”ဘာကြီးမှ ဘာပေးသင်တယ်” ဆိုလား၊ ပြောရင်လည်း ခံရတော့ မှာပါဘဲ။ ကိုယ်ငယ်ငယ်က ရေကူးသင်ဖို့ အခွင့်အရေးမရခဲ့ဘူး။ အခုတော့ အချိန်အခါနဲ့ အခြေအနေ ပေးလာတုန်း အကောင်အထည်ဖေါ်လိုက်တာပါ။ ဆယ်ရက်အတတ်ဆိုပေမဲ့ ရေကြောက်တဲ့ ကျမက အတတ်နှေးပါတယ်။ ကန်ဘောင်မှာ ခြေထောက်ပေါ်အောင်ခတ်ဖို့ သုံးရက်လောက် ကျင့်ရတယ်။ ကန်ဘောင်ရဲ့ အနံကို ခြေယက်ပြီး ကူးနိုင်အောင် နောက်ထပ် သုံးရက်လောက် ကူးရတယ်။ လက်လွှဲတတ်အောင် နောက်ထပ် သုံးလေးရက် သင်ရတယ်။ အသက်တအောင့်ဘဲကူးနိုင်သေးတယ်။ ရေထဲမှာ ခေါင်းစောင်းပြီး အသက်ရှူတာ ( breathing) မရသေးဘူး၊ ကိုယ်မဖေါ့တတ်သေးဘူး၊ ရေနက်ထဲမှာ မကူးတတ်သေးဘူး။ နောက်မှသင်တဲ့ ကလေးတွေ အရင်ရေကူးတတ်သွားကြတယ်။ ရှိစေတော့။ နွေပေါက်လာမှ ဆက်ပြီး လေ့ကျင့် ဦးမှာ။ အခုတော့ ရေကူးတဲ့ document တွေဖတ်၊ how to ဗီဒီယိုတွေ youtube မှာ တကြည့်ထဲ ကြည့်နေတုန်းပါ။ (အကြံကောင်း ဥာဏ်ကောင်းလေးများ ရှိရင်လည်း ပေးကြပါဦးနော်)။
ချင်းတောင် ဆီသို့
ငယ်ငယ်တုန်းက အော်အော်ကျက်ခဲ့တဲ့ “မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်မှာ
ကချင်ပြည်နယ်မှ ခါကာဘိုရာဇီ တောင်ထိပ်ဖြစ်ပြီး အမြင့်ပေ ၁၉၂၉၆ ဖြစ်ပါသည်။
ဒုတိယအမြင့်ဆုံးမှာ ....................” ဆိုတာကလေး အမှတ်ရမိတယ်.....။ တက္ကသိုလ်တုန်းက ခြေလျှင်တောင်တက်အသင်း ၀င်ပြီး တောင်တက်ဖို့ မိန်းထဲက ဘူမိဗေဒ ဌာနမှာ စာရင်းသွင်းခဲ့သေးတယ်။ သူငယ်ချင်းတွေက ကိုယ့်ကို နောက်ကြတယ် ”မစွံတောင်တက်” တဲ့..။ မုန်းစရာကောင်းလိုက်ပါဘိ။ အဲဒီနောက်က ...” မတက် လှေလှော်၊ မလှော် ရေကူး၊ မကူး လုပ်အားပေး၊ မပေး မိဘကူ” ဆိုတာတွေကျတော့ ဆက်မဆိုဘူး။ အဲဒီ တောင်တက်မဲ့ အစီအစဉ်က အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရတယ်။ ကိုယ်က တောင်တက်ခြင်းနဲ့ အကျိုးမပေးခဲ့ဘူး ဆိုပါတော့။ အဲဒီနောက်ပိုင်း နှစ်အတော်ကြာတော့မှ တကူးတက တက်ဖြစ်တဲ့တောင်တွေကတော့ ငွေတောင် (မောင်တော)၊ ကျိုက်ထီးရိုး နဲ့ ပုပ္မါးတောင် တို့ဘဲ ဖြစ်ပါတယ်။
အခုတော့ အဖေါ်စပ်မိတာနဲ့ ချင်းပြည်တောင်ပိုင်းက ၀ိတိုရိယတောင်ထိပ် ( နတ်မတောင်) ကို တက်ဖို့ စီစဉ်နေကြပါပြီ။ ဒီဇင်ဘာ ၂၉-၃၁ မှာ တောင်ပေါ်ရောက်နေပါမယ်။ ဒီအချိန် အရမ်းအေးတယ် လို့ ပြောကြလို့ အနွေးဆုံး အ၀တ်အစားတွေ ထုပ်ပိုးနေမိတယ်။ အခုတော့ ခရီးစဉ်အတွက် အားလုံး စိတ်လှုပ်ရှားနေကြတယ်.... ပြန်လာရင်တော့ အတွေ့အကြုံနဲ့ ဓါတ်ပုံကလေးတွေ တင်နိုင်ကောင်းပါရဲ့..။
၂၀၁၃ ဆိုတဲ့ နှစ်သစ်တနှစ်က မကြာခင် ရောက်လာတော့မှာ..။
၂၀၁၃ အတွက် ဆုံးဖြတ်ချက်
တချို့သူတွေက new year resolution တွေဘာတွေ ချတတ်ကြတယ်။
ကိုယ်ကတော့ အခုထိ ဘာ resolution ချရမှန်းမသိသေးပါ။ တွေးမိသလောက်တော့ ရေကူးခြင်းကို ကျွမ်းကျင်လာအောင် ဆက်သင်မယ်၊ နောက်ပြီး ဂီတ တခုခုတော့ သင်မယ် စိတ်ကူးတာပါဘဲ။ ဘာပဲဖြစ်ဖြစ် .... မင်းကို ကြိုဆိုပါတယ် ၂၀၁၃ ရေ..... မြန်မာပြည်ကြီးအတွက် ငြိမ်းချမ်းမှုတွေကိုလည်း မင်းနဲ့အတူ သယ်ဆောင် လာနိုင်ပါစေသား...။
မိုးစက်ပွင့်
(ပုံများအားလုံးကို ဒီက ရယူပါတယ်)
မိုးစက်ရေ..
ReplyDeleteအဲဒီအချိန်ဆိုဝိတိုရိယတောင်ပေါ်မှာသိပ်အေးမှာ။
လေကာအင်္ကျီကိုအနွေးထည်ပေါ်ကထပ်ဝတ်သိလား။
တောင်ပေါ်မှာနှင်းမိုးတွေကျရင်ရှေ့ ကိုသိပ်မမြင်ရဘူး။ အရမ်းလည်းလေတိုက်တယ်။
ဒါပေမဲ့တောင်တက်ခရီးကတော့ချောပါတယ်။ လုံးဝမခက်ဘူး။ လမ်းလေးတွေလည်းကောင်းတယ်။ (နတ်မတောင်ဥယျာဉ်ကဧည့်ရာသီဆိုလမ်းလေးတွေပြန်ထွင်ပေးထားတတ်တယ်။
တောင်ပေါ်မှာစခန်းချအိပ်မှာဆိုရင်တော့ စလီးပင်းဘက်ဒ်နွေးတာယူသွားနော့်။ ကိုယ်သွားတုန်းကတောင်ထိပ်မှာအိပ်ခဲ့တာချမ်းသလားတော့မမေးနဲ့ ။အနွေးထည်ကနွေးလို့ တော်တော့တယ်။ ဒီအချိန်ဆိုတောင်ဇလပ်တွေလည်းပွင့်ရောပေါ့။
အပြန်ကျပို့ စ်လေးတင်အုန်းနော်။ အပြေးလာဖတ်မယ်။း)
နှစ်သစ်မှာပျော်ရွှင်ပါစေ။
အိုင်အိုရာ
Dear Iora ( MMR font is problematic now :-))
ReplyDeleteThanks so much for your kind advice and info, my dear.
Yes I will bring warmest clothes, leather, etc..
I can't wait to see beautiful " taung-za-latt" flowers ...
Again,thanks for your new year wish :-)
with love, moe sett
တို့လည်း ခုတလော ဗမာပြည်တာင်တက်ခရီးတွေ သွားကြည့်ချင်နေတာ..မိုးစက်က ဦးသွားပြီ :D
ReplyDeleteအခုက ခြေလျှင်တောင်တက်အသင်းနဲ့တက်မှာလား... ကိုယ့်အစီအစဉ်နဲ့ကော တက်လို့ရသလား...
ပြန်လာရင် အင်ဖော်မေးရှင်းလေးတွေ ရေးပေးဦးနော်
Happy New Year 2013 !!!