ဒီသင်္ကြန်မှာ ဘာလုပ်မလဲ တဲ့၊ ချစ်ရတဲ့ သူငယ်ချင်းကလေးတချို့က မေးတယ်။ ကိုယ့်မှာ ထူးထူးခြားခြား ဘာအစီအစဉ်မှ မရှိတာကြောင့် “ အိမ်တွင်း ပုန်းဖြစ်မယ် ထင်တယ်" လို့ဘဲ ဖြေဖြစ်ခဲ့တယ်...။ နဂိုကတည်းက ရေထိမှာ ကြောက်ရတဲ့အထဲ မီးသတ်ပိုက်တို့ ဘာတို့နဲ့ ကြမ်းကြမ်းတမ်းတမ်း ရေပက်ကြမှာကို အတွေးနဲ့တင် ကြောက်တတ်တဲ့အတွက် အပြင်ထွက်ဖို့ကို တွန့်ဆုတ်နေမိတာပါ။ ဒါပေမဲ့ ရေမပက်သေးတဲ့ အကြိုနေ့မနက် ခပ်စောစောမှာတော့ အာသာပြေ မြို့တပါတ် လှည့်ကြည့်ပစ်လိုက်တယ်။
လှတဲ့ ပိတောက်
သင်္ကြန်လက်ဆေးမိုး ဟုတ်တိပတ်တိ မရွာပေမဲ့ အဲဒီအကြိုနေ့မှာ တမြို့လုံးက ပိတောက်ပန်းတွေ ပင်လုံးကျွတ်ပွင့်ကြတာများ ၀ါလို့ ၀င်းလို့။ မွှေးလို့ သင်းလို့။ အိမ်နီးချင်းကပိတောက်ပန်းလာပေးလို့ ဘုရားတင်တယ်၊ စားပွဲပေါ်မှာ ငွေဖလားလေးနဲ့ အလှထိုးတယ်။ တအိမ်လုံးအနှံ့ ပိတောက်ပန်းတွေ လိုက်ထိုးထားလိုက်တယ်။ ပိတောက်ရနံ့ကို နမ်းရှုရတာ သိပ်ကြိုက်တာလေ။ ဒါပေမဲ့ ညနေစောင်းတော့ နွမ်းနေတဲ့ ပန်းကလေးတွေ စွန့်ရတာ၊ ပန်းကြွေလေးတွေ လိုက်ကောက်ရတာတော့ သိပ်မနှစ်ခြိုက်လှ။ နုလိုက်တဲ့ပန်းကလေး။ တကယ်ဆို သင်္ကြန် သုံးလေးရက်လုံး မနွမ်းမကြွေ ရှိစေချင်ပါတယ်။ ပိတောက်ပန်း(Pterocarpus macrocarpus) က မြန်မာရဲ့ national flower လေ။ ဒီနေ့မှာ ၀ီကီမှာရှာရင်း တိုက်တိုက်ဆိုင်ဆိုင် မှတ်သားမိတာက ထိုင်းရဲ့ national flower က “ငုပန်း” တဲ့။ ကိုယ်ဖြင့် ဒီမတိုင်ခင်အထိ ထိုင်းရဲ့ပန်းက ခရမ်းရောင် သစ်ခွလို့ ထင်ထားတာ။ နှံ့စပ်ပုံများ ပြောပါတယ်။

သတင်းဆိုး
အဲဒီအကြိုနေ့မှာဘဲ မြို့ထဲက မဏ္ထ္စပ်တခုမှာ လူတယောက် ရေစိုနေတဲ့ မီးကြိုးကနေ ဓါတ်လိုက်ပြီး သေသွားတယ် လို့ ကြားလိုက်ရတယ်။ မဏ္စ္ထပ်လည်း ပိတ်လိုက်ရတယ်တဲ့။ စိတ်မကောင်းစရာပါဘဲ။
တရားသဘင်
အိမ်နားမှာ လမ်းမနှစ်ခုဆုံတဲ့အတွက် ရပ်ကွက်ထဲမှာ တရားမဏ္စ္ထပ် တခုဆောက်ပြီး ညစဉ်တရားပွဲ လုပ်ပါတယ်။ အကြိုနေ့ကနေ နှစ်ဆန်းတရက် အထိ ခြောက်ရက်ခြောက်ည တဲ့။ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒါပေမဲ့ တနေကုန် ဖွင့်ထားတဲ့ သီချင်းတွေက ဆူညံသံတွေ ဖြစ်လာတယ်။ ဘုရားသီချင်း၊ သင်္ကြန်သီချင်းတွေဆိုရင်လည်း တော်သေးရဲ့။ အခုတော့ ဒုံဒုံဂွမ်ဂွမ် များနေတယ်။ ဒီကြားထဲ အလှူခံပုဂ္ဂိုလ်ကလည်း မိုက်ကရိုဖုန်းကို လက်က မချတမ်း ပြောဟောနေလေရဲ့။ မှတ်လောက် သားလောက်စရာတော့ သိပ်မပါလှ။ အလှူရှင်အများစုကလည်း “ကွယ်လွန်သူ ----- ကို ရည်စူး၍” ဆိုတာတွေများတယ်။ မိတ်ဆွေတယောက်ပြောတဲ့ (ငါ့ဘကြီးလည်း ဖျားနေပါပြီကွ) အားကျမခံ ပြောတာလေးကို သတိရမိတယ်။ ကိုယ်တိုင် အလှူသွားထည့်ရင်း အလှူရှင် နံမည်မကြေငြာပါနဲ့လို့ ပြောတာလည်း သူတို့က လက်မခံဘူး။ အများသာဓုခေါ်နိုင်အောင် လုပ်ပေးရမှာပေါ့ဆိုပြီး မိုက်ကရိုဖုန်းနဲ့ ၃-၄ခါထပ်ပြီး ကြေငြာပါတယ်။ Customer ရဲ့ သဘောထားကို မလေးစားတာပေါ့နော်......။
ဘုန်းဘုန်းတွေဟောတဲ့ တရားတွေကိုတော့ အိမ်ကဘဲ ဒရင်းဘက် လေးနဲ့ ဇိမ်ကျကျနာလိုက်တယ်။ ပရိတ်အသင်းက ၀တ်သံပြိုင်ရွတ်လို့၊ တရားတောင်းစာတွေ ဖတ်လို့၊ ငယ်ငယ်တုန်းက ၀တ်ရွတ်အသင်း လိုက်ခဲ့ဖူးတာ သတိတရ ဖြစ်သွားပါတယ်။ အလယ်ညမှာ ဟောတဲ့ ဆရာတော်က တရားနာနည်း လေးနည်း ( ခွာနာ၊ ရှာနာ၊ ၀ဌ်နာ၊ ကံနာ) ထဲမှာ “ခွာနာ ဆိုတာ အဝေးကနေ တရားကို ခပ်ခွာခွာလေးနာတာ၊ ဥပမာ- ကက်ဆက်ကလေးပဲ ဖွင့်ဖွင့်ပြီး တရားနာတာ၊ အိမ်ကနေ လှမ်းလှမ်းပြီး တရားနာတာ)” လို့ဟောတော့ ကိုယ့်ကို ရည်ညွှန်းပြီးပြောနေသလိုလို မလုံမလဲ ဖြစ်လို့....။ နောက်ဆုံးညက ကိုယ်တော်လေးက ကြာနီကန်ကိုယ်တော်နဲ့ ဘွဲ့ရော၊ အသံနေအသံထား၊ လေယူလေသိမ်း တူတယ်။ နောက်ဆုံး အဟမ်း ဆိုပြီး ခပ်ကျယ်ကျယ် ချောင်းဟန့်တာကအစ တူတယ်။ ကြာနီကန် ကိုယ်ပွားပေါ့။ တချို့ကိုယ်တော်တွေက ဟောရင်းလည်နေတယ်။ ၀ိပဿနာအားထုတ်ဖို့ ဟောတဲ့ ဒုတိယညကတရားကို အကြိုက်ဆုံးပါဘဲ။ တရားနာရတာ နှစ်သက်ပေမဲ့ ခြောက်ရက်တိုင်တိုင် တနေကုန်အသံချဲ့စက်နဲ့ နှိပ်စက်တာတော့ မခံစားနိုင်ဘူး။ နောင်နှစ်ကျရင် တနေရာရာ ခရီးထွက်မယ်လို့ အိမ်ကလူက ပြောပါတယ်...။
အစားအသောက်
အချိန်တွေ ပိုပိုလျံလျံရှိနေတာမို့ မုန့်ဟင်းခါးတို့၊ သာကူ၊ မုန့်နှပ် လုပ်စားဖြစ်တယ်။ မုန့်ဟင်းခါးကလွဲရင် ကျန်တဲ့နှစ်မျိုးက (အရမ်းလွယ်ပေမဲ့) ကိုယ့်ဖာသာကိုယ် ပထမဦးဆုံးအကြိမ် လုပ်စားဖြစ်တာမို့ အချိန်အဆက သေချာမသိ၊ ဒေါ်ရမ်းချက်ပေါ့ ။ အကဲ့ရဲ့ခံရမှာစိုးလို့ အရသာ အကြိမ်ကြိမ်မြည်းပြီးမှ အိမ်နီးနားချင်း၃-၄ အိမ်ကို ဝေရဲတယ်။ အောင်မြင်သွားတော့ မာန်တွေတက်ပြီး နောက်တခါ ပေါက်ဆီ လုပ်စားမယ်။ သူငယ်ချင်းတွေ ဘလော့ထဲမှာ ကြည့်လုပ်မယ် လို့ အိမ်သားအချင်းချင်း ကြွားပစ်လိုက်တယ်။
အိမ်သန့်ရှင်းရေး
အမေက နှစ်ဆန်းတရက်နေ့ဆိုရင် အမြဲတမ်း အိမ်က အသုံးကြာတဲ့ပစ္စည်းတွေကို ဂရုစိုက်ပြီး ဆေးကြောလျှော်ဖွပ်လေ့ရှိတယ်။ ( တနှစ်မှတခါလျှော်တာတော့ မဟုတ်ဘူးပေါ့)။ ကိုယ်က အဲဒီလို တထစ်ချကြီး အစွဲအလန်းမထားပေမဲ့ အချိန်ရတုန်း အိမ်မှာရှိတဲ့ စောင်၊ခြင်ထောင်၊ ခန်းဆီးလိုက်ကာ၊ ကြမ်းခင်း အပါအ၀င်၊ ရတတ်သမျှ သန့်ရှင်းရေး လုပ်တယ်။ အများကြီးဆိုတော့ ကိုယ့်ဖာသာ ကိုယ်လည်းလုပ်၊ သူများကိုလည်း အကူအညီ ခေါ်ရတာပေါ့ကွယ်..။

ပုံကို ဒီက ယူပါတယ် |
အီး သင်္ကြန်
ဖတ်ဖို့ အကြွေးတင်နေတဲ့ စာအုပ် သုံးလေးအုပ်လောက် ပြီးအောင် ဖတ်ဖြစ်တယ်။ TV မှာ National Geographic နဲ့ Knowledge Channel အေးအေးဆေးဆေး ကြည့်ဖြစ်တယ်။ ကွန်ပြူတာမှာ Zuma ကစားတယ်။ ရုပ်မြင်သံကြား Channel အသီးသီးကနေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အသီးသီးမှာ ရေကစားတာ ဖျော်ဖြေတာတွေ၊ အင်တာဗျူးတွေကို Live ပြသတာကြောင့် ဟိုဖက်ဒီဖက်ပြောင်းပြောင်း ကြည့်ရင်း ခြေမညောင်း၊ နေမပူ၊ ရေမစိုဘဲ သင်္ကြန်ကို ပါဝင်ဆင်နွှဲနိုင်ခဲ့ပါတယ်..။ အီး သင်္ကြန်ပေါ့..။
အ၀တ်အစား
ခုတလော သင်္ကြန်မှာ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပါတ်သက်ပြီး အင်တာနက်မှာ အသံတွေ ဆူညံနေပါတယ်။ ကျမရဲ့ ကိုယ်ပိုင်သဘောထားကတော့ ခေတ်နဲ့အညီ ပြောင်းလဲ ၀တ်ဆင်ကြတာကို နှစ်သက်လက်ခံနိုင်ပေမဲ့ အမျိုးသားပွဲတော်မှာ National Identity ကို ထိပါးလာတဲ့အထိ ၀တ်စား ဆင်ယင်ကြတာမျိုးကိုတော့ တယ်ပြီး ခံတွင်းမတွေ့လှဘူး...။ သူများယဉ်ကျေးမှုကိုပုံတူကူးချရင်း ကိုယ့်ရဲ့ ၀ိသေသ လက္ခဏာတွေ ပျောက်ဆုံးကုန်မှဖြင့်------။ ကိုယ့် အမေကတော့ အပြင်ထွက်တိုင်း သတိပေးတတ်တယ်။ ” ဒီခရီးနဲ့ ဒီထီး” ” ဒီလမ်းနဲ့ ဒီပန်း” သင့်အောင် ဆင်ရမတဲ့။ စကပ်တိုနဲ့ သူများ အလှူမင်္ဂလာပွဲ မသွားသင့်သလို၊ ဘတ်စကားစီးပြီး အလုပ်ခွင်ဆင်းတဲ့အခါ လုံချည် ခြေမျက်စိဖုံးနဲ့ လှုပ်လီလှုပ်လဲ့ သွားနေတာထက် ဂျင်းဘောင်းဘီဝတ်ပြီး သွားတာက ပိုပြီး လက်တွေ့ကျသလိုပေါ့။ မိမိ တကိုယ်ရည် လွပ်လပ်မှုဟာ တခြားသူတွေရဲ့ ယဉ်ကျေးမှုတန်ဖိုး ( cultural values) တွေကို မခြိမ်းခြောက်သင့်ပါဘူး။ ဒီကိစ္စမှာ ဘယ်သူနဲ့မှ မငြင်းခုံချင်ပေမဲ့ တွေးမိသလိုလေးဘဲ ရေးချမိတာပါ..။
ဘာပဲပြောပြော ကောဇာသက္ကရာဇ် ၁၃၇၃ ကနေ ၁၃၇၄ ကူးမြောက်ခဲ့ပြီ....။ ဘ၀ ခရီးသည်တွေ ဆက်လက် လိုက်ပါသည်ဖြစ်စေ၊ ဆင်းကျန်ခဲ့သည်ဖြစ်စေ အချိန်ရထားကြီးကတော့ တနှစ်ကို ၃၆၅မိုင်နှုန်းနဲ့ သူ့ဟာသူ မှန်မှန်ကြီး ခုတ်မောင်းနေဆဲပါဘဲ။
အားပေးဖတ်ရှု့ခဲ့ပါတယ်
ReplyDeleteဒီလိုပဲ blog တွေ လျှောက်လည်ရင်းနဲ့ ဒီ blog ကို ပထမဆုံးအကြိမ်လာရောက်ဖြစ်ပါတယ် :)
ReplyDeletepost လေးတွေကိုလည်း နှစ်သက်မိပါတယ်. နောက်ထပ်လာလည်ဖတ်ရှုပါဦးမယ်..
မိုးစက်ရေ။။။ အသံတွေအကြောင်းဖတ်ရင်း တနေ့ ကအိမ်လာလည်ကြတဲ့
ReplyDeleteစင်္ကာပူနဲ့  အင်ဒိုနီးရှားကသူငယ်ချင်းတွေနဲ့  အာရှ ရဲ့ လော်စပီကာများအကြောင်းခေါင်းစဉ်
ကိုဆွေးနွေးကြတာသတိရသွားပါတယ်။