မတ်လ တလလုံးကတော့ ရုံးအလုပ်နဲ့ သာရေးနာရေး နှစ်ခုပေါင်းပြီး နားရက်တရက်မှ မရှိခဲ့ပါဘူး။ စနေတနင်္ဂနွေ မှာတောင် ခရီးသွားနေရတယ်။ ဧပြီတရက်နေ့မှ ရခိုင်ကနေ ရန်ကုန်ကို ပြန်ရောက်ပါတယ်။ အဲဒီနေ့ကတော့ ရန်ကုန်မှာ လူတွေ တော်တော်ပျော်နေကြတယ်တော့ ကိုယ်လဲအတူတူပျော်ခဲ့ရတာပေါ့..။ ဧပြီ နှစ်ရက်နေ့မှ ချစ်သောအညာကို ပြန်ရောက်ပါတယ်။ ခရီးသွားရတာ နှစ်သက်ပြီး ၀ါသနာပါတဲ့ အလုပ်ကို လုပ်နေရတာမို့ ပင်ပန်းတယ်တော့ မထင်မိပါဘူး။ ဒါပေမဲ့ ကြာကြာဝါးမဲ့သွား အရိုးကြည့်ရှောင် ဆိုသလို အသက်လတ်ပိုင်း ရောက်နေတဲ့ ကိုယ့်အတွက် အနားယူမှုတခုခုတော့ ရှိသင့်တယ် လို့ တောင့်တောင့်တတ တွေးနေမိတယ်..။ သင်္ကြန်ရက်ကျရင်တော့ ......အင်း.... နားရမယ်ထင်ပါရဲ့လေ...။ အဲဒီ သင်္ကြန် မတိုင်ခင်လေးမှာဘဲ ရုတ်တရက်ကောက်ခါငင်ခါ တညအိပ် ခရီးထွက်ဖို့ကြုံလာရပြန်တယ်။
ဧရာဝတီမြစ်ကမ်းနားက
အလျားရှည်တဲ့ မြို့ကလေးဆီသို့......
ဆည်းဆာရဲ့အလှမှာ
က နေတဲ့ နတ်သမီးလို
အတိတ်ရဲ့ ရွှေရောင်တွေ တစွန်းတစ ထင်ကျန်နေဆဲ ...
နို့မျက်နေတဲ့ မိခင်လို
ရေနံစင်ကြီးတွေ ရင်မှာ တပွေ့တပိုက်နဲ့
ရေနံ မထွက်ချင်တော့တဲ့ မြို့ ....
မောင်သိန်းဆိုင် လှလှပပချယ်သခဲ့တဲ့
ရေနံ့သာခင်ခင်ကြီးတို့ရဲ့မြို့ ....
ရင်ခုန်သံ ခေတ်သစ်စကားနဲ့
စာအရေးအကောင်းတဲ့ ဆရာဝန်မလေးရဲ့ဇာတိမြို့ ...
တောင်ကုန်းကလေးတွေ ကွေ့ကာဝိုက်ကာနဲ့
ဖူးစာရေးကုန်း ဆိုတဲ့ လွမ်းမောစရာ ကုန်းကမူကလေးနဲ့မြို့ .....
အ၀တ်နွမ်းနွမ်းတွေ ဆင်ထားတာအောင်
အလှတရားမပြယ်တဲ့ သူငယ်မလေးလို မြို့ .....
အားလပ်ရက်မှာ အလည်အပတ် ထွက်ရအောင်
မြို့အနှံ့ မြင်းလှည်းကလေး တို့- အတူတူစီးဖို့
လာလေ သွားကြပါစို့ ....
ဧရာဝတီမြစ်ကမ်းနားက
အလျားရှည်တဲ့ မြို့ကလေးဆီသို့.....။
ရောက်ဖူးခဲ့တဲ့ မြို့လေးတွေထဲမှာ ပြင်ဦးလွင်နဲ့ ဒီမြို့ကလေးကို သဘောအကျဆုံးပဲ.... လို့ ခရီးသွားဖေါ်မိတ်ဆွေ ကိုပြောပြမိတော့ သူက နားမလည်နိုင်စွာ ပြန်ကြည့်တယ်။ ဒီမြို့တွေမှာ အတိတ်က အငွေ့အသက် တွေကို ခံစားရလို့၊ မခမ်းနားပေမဲ့ ထည်ဝါတဲ့ ရှေးလက်ရာလေးတွေနဲ့၊ စိတ်ကူး ကောင်းကောင်း လေးတွေကို ပုံဖေါ်ထားတဲ့ ဗိသုကာ အငွေ့အသက်ကလေးတွေ တွေ့ရလို့၊ မြစ်နဲ့ချောင်းနဲ့ တောင်နဲ့ အပင်လှလှလေးတွေရှိလို့..။ ဘယ်လိုရှင်းပြပေမဲ့ သူကတော့ သိပ်လက်ခံချင်ပုံမရ။ ရှိပါစေလေ။ အလှဆိုတာ ကြည့်သူရဲ့အကြိုက်နဲ့ဘဲ ဆိုင်သည်မဟုတ်လား။်
မြို့စွန်မှာတော့ သူဌေးကုန်း၊ တွင်းကုန်း စသဖြင့် အတိတ်ရဲ့ ပုံရိပ်ကိုထင်ဟပ်တဲ့ အမည်လေးတွေနဲ့ ရပ်ကွက်ကလေးတွေရှိပါတယ်။ တွင်းကုန်းလမ်းခွဲကနေ ညာဖက်ကိုချိုးလို့ သွားလိုတဲ့ ကျေးရွာလေးဆီ ဆက်ပြီး ဦးတည်လာကြပါတယ်။ လမ်းမှာ ဆိုင်းအဖွဲ့တွေပါတဲ့ ကားနဲ့ ဆုံခဲ့ပါသေးတယ်။ အလှူပွဲ ဖျော်ဖြေကြမလို့ ထင်ပါရဲ့။ အညာကျေးလက်မှာ ဆိုင်းတို့ အငြိမ့်တို့ ဆိုတဲ့ အဖွဲ့တွေ အများကြီးရှိပါတယ်။
တနေကုန် အလုပ်လုပ်ပြီး ညဖက် အနားယူဖို့အတွက် မြို့ကလေးဆီ ပြန်ခဲ့ကြပါတယ်။ ညစာစားပြီးတော့ ကိုးနာရီထိုးနေပါပြီ။ ရွေးချယ်ထားတဲ့ နေရာက “လေသာကုန်း” လို့ခေါ်တဲ့ ကမ်းနားက ဧည့်ရိပ်သာကလေး။ ကမ်းပါ်းတောင်ကုန်းက ၀င်းခြံကျယ်ကြီးထဲမှာ ဘန်ဂလိုပုံစံ နှစ်ခန်းတွဲကလေးတွေ သပ်သပ်ယပ်ယပ် ဆောက်ထားတာမို့ နှစ်သက် သဘောကျမိပါတယ်။
အခန်းကလေးတွေကတော့ ဟိုတယ်လိုမျိုး သိပ်မကျယ်ဝန်းပေမဲ့ နေသာရုံ အလောတော်ပါ။ ကျမ အနှစ်သက်ဆုံးက မျက်နှာကျက်အမိုးပါ။ ရေပြင်ညီမဟုတ်ဘဲ အမိုးနဲ့ မျဉ်းပြိုင်ကပ်ထားတာမို့ အခန်းက ပိုမြင့်ပိုကျယ်သွားသလို ခံစားရပါတယ်။
မြစ်ပြင်ဆီက တိုက်ခတ်လာတဲ့ လေကို ခံစားရင်း သက်တောင့်သက်သာလဲလျောင်းနေမိတာမို့ သယ်လာတဲ့စာအုပ်တွေကို အားနာစွာနဲ့၊ စာဖတ်ဖို့စိတ်ကူးကို ဖျက်လိုက်ပါတယ်။ မှေးကနဲ အိပ်ပျော် သွားပြီး တရေးနိုးချိန်မှာတော့ မိုးနည်းနည်းရွာပြီး လေခပ်ပြင်းပြင်းတိုက်နေပါတယ်။ ခေါင်မိုးဆီက တဂျွတ်ဂျွတ် ကြားရတာမို့ စိုးရိမ်စိတ်တွေ ဖြစ်နေမိပါတယ်။ တယောက်တည်းမို့ နည်းနည်း အားငယ်မိပေမဲ့ နာရီဝက် တနာရီကြာတော့ ရိုးသလိုဖြစ်သွားပြီး ပြန်အိပ်ပျော်သွားပါတော့တယ်။
မနက်ခင်းနိုးလာချိန်မှာတော့ ရာသီဥတုက သူမဟုတ်သလို သာသာယာယာ။ ခြောက်နာရီသာသာဘဲ ရှိသေးတာမို့ ကိုယ်လင်သန့်စင်ပြီး ရှုခင်းကြည့်ဖို့ လမ်းလျောက်ထွက်ပါတယ်။ အလှအပမြင်တိုင်း ခုံမင် နှစ်သက် တတ်သူမို့ ကျောက်စရစ် စီထားတဲ့ လျောက်လမ်းကလေးတွေ၊ ထန်းပင်စည် နဲ့လုပ်ထားတဲ့ ထိုင်ခုံကလေးတွေကအစ ချစ်နေမိပါတယ်။
ဝင်းခြံထဲမှာ နောက်ထပ် ဘန်ဂလိုအသစ်နှစ်လုံး ထပ်ဆောက်နေတာ တွေ့ရပါတယ်။ ပန်းပင်ကလေးတွေကို မြေအိုးကလေးတွေနဲ့ လှလှပပ စိုက်ထားတာ ဓါတ်ပုံတဖျပ်ဖျပ်ရိုက်နေမိပါတယ်။
တနေရာမှာတော့ သိပ်လှတဲ့ ငုဝါပန်းပင်ပျိုကလေး။ အရွက်စိမ်းတွေ မရှိသလောက်ပေမဲ့ သူ့ရဲ့ ပွင့်ဝါ၀ါအခိုင်တွေက တစက်ကလေးမှ မညှိုးနွမ်းဘဲ ပူပြင်းတဲ့ နွေကို အံတု အလှဆင်နေလေရဲ့။ “အင်း- ပိတောက်က နွေရဲ့အလှ ဆိုရင် ငုက နွေရဲ့ အားမာန်ဘဲ” လို့ ဘာသာ ရေရွတ်မိနေခဲ့ပါတယ်။
လမ်းလျောက်ရင်း ပန်းပင်တွေကို ပြုစုနေတဲ့ အစောင့်ဦးလေးကြီးနဲ့ စကားလက်ဆုံကျခဲ့ပါတယ်။ ပိုင်ရှင်က အနောက်တိုင်းကပြားသွေးစပ်တဲ့ အသက်ငါးဆယ်ကျော် မြန်မာတဦးဖြစ်ကြောင်း၊ သူက မူလက အပန်းဖြေအိမ် ဆောက်ဖို့ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတည်ထောင်ထားတဲ့ မိဘမဲ့ကလေးကျောင်းရဲ့ ရံပုံငွေရအောင် တည်းခိုရိပ်သာ အသွင်ပြောင်းခဲ့တာဖြစ်ကြောင်း၊ လောလောဆယ် ဘန်ဂလိုသုံးလုံး အခန်းခြောက်ခန်းရှိကြောင်း၊ နောင်မှာ ဆယ်ခန်း ဖြစ်လာမှာဖြစ်ကြောင်း ပြောပြတာမို့ ပီတိဖြစ်ရပြန်ပါတယ်။ ဒီမြေကွက် ၀ယ်ယူစဉ်ကလည်း ရောင်းသူရဲ့ ဆိုဈေးကို နားလည်မှုလွဲပြီး ဆယ်ဆတိတိ ပေးချေမိပေမဲ့ ရောင်းသူက ပိုငွေကို ပြန်ပေးလိုက်ကြောင်း၊ ဦးလေးကြီးက ဖောက်သည်ချပါတယ်။ သြော်- လောကမှာ ဒီလို ရိုးသားဖြောင့်မတ်တဲ့ လူကောင်း သူကောင်းတွေ အများကြီး ရှိသေးပါလား လို့ အကောင်းမြင်စိတ်ကလေး ဖျတ်ကနဲ ၀င်လာမိပါတယ်။
လမ်းလျောက်လို့ ၀တော့မှ ပန်းခြံအငယ်စားလေးထဲက ၀ါးဆက်တီကလေးပေါ်မှာ အသာအယာထိုင်ပြီး မိန်းကလေးတွေ လာချပေးတဲ့ ပေါင်မုန့်မီးကင်၊ ထောပတ်၊ ယို၊ ပန်းသီး စတာတွေနဲ့ မနက်စာ စားပါတယ်။ ပန်းခြံထဲမှာ လမ်းလျောက်စဉ်ကတည်းက ခင်မင်ခဲ့တဲ့ ခွေးကလေးတွေ သုံးလေးကောင်က အနားမှာ အမြီးတနှံ့နှံ့နဲ့ လာတောင်းနေတာမို့ လူအလစ်မှာ ပေါင်မုန်တချို့ မျှကျွေးရင်း မိသားစုတွေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် နောက်တခေါက်တော့ လာဦးမှဘဲ - လို့ တွေးနေမိပါတော့တယ်။
အဲဒီတခေါက်က လုပ်လဲပြီးမြောက်၊ ကိုယ်ရောစိတ်ပါ အနားရခဲ့တာမို့ လန်းဆန်းတက်ကြွစွာ ပြန်လာနိုင်ခဲ့ပါတယ်။ သူငယ်ချင်းတို့လည်း ကြုံရင် သွား အပန်းဖြေလိုက်ဦးနော်....... ။ မင်္ဂလာ မြန်မာနှစ်သစ်ပါ လို့ နှုတ်ခွန်းဆက်ပါတယ်။ ပိတောက်မွှေးမွှေးလေးလဲ လက်ဆောင်ပေးလိုက်ပါတယ်..... :D
မိုးစက်ပွင့်
ူ
ကျွန်တော်သဘောအကျဆုံးမြို့ကတော့ မန်းလေး...ပြီးရင် ကျွန်တော့်ဇာတိ
ReplyDeleteပြီးရင် ပြည်၊နောက်....ရေနံချောင်း....၊အဲ့ဟိုတယ်လေးကိုတော့အတော်
သဘောကျသွားသဗျာ....၊နောင်ကြုံရင်သွားကြည့်ဦးမယ်...၊
Happy New Year ပါ မင်္ဂလာနှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ။
ReplyDeleteပန်းလေးတွေ ရှု့ခင်းလေးတွေ လှလိုက်တာ
အဲ့နေရာလေးတော့ သဘောကျသွားပြီ သွားတည်းချင်လိုက်တာ။
ReplyDeleteရေနံချောင်းကတော့ ဖြတ်သွားဖြတ်လာပဲ တခါမှ ထဲထဲဝင်ဝင်မလည်ဖူးပါဘူး။
နောက်တခေါက် ပုဂံသွားဖြစ်မှပဲ တဆက်တည်း.... :D
တခါပဲရောက်ဖူးတယ်။... ရေပက်လိုက်တယ်ငယ်ချင်းလေး။
ReplyDeleteမီးမငြိမ်းမြို့တော် ပျော်စရာရေနံ့သာ...
ReplyDeleteကြားဖူးတဲ့ သီချင်းလေးတစ်ပုဒ်ပါ ဆရာရေနံ့သာစိုးလှိုင်များ ရေးလေသလားပဲ... ရေနံ့သာခင်ခင်ကြီး ၀ထ္ထုနဲ့လဲ တွဲသိနေတဲ့မြို့လေးပေါ့...ဒါပေမယ့် ဘယ်နားမှာရှိမှန်း မသိခဲ့ဘူး...
ပုံတွေကြည့်မှပဲ အတော့်ကို လှမှန်းသတိထားမိတယ်...တစ်နေ့တော့ သွားဖြစ်ပါလိမ့်မယ်...
ခရီးသွားတိုင်းမကြာခဏဖြတ်သွားဖြတ်လာနဲ့ နားခဲ့ဘူးပါတယ်။
ReplyDeleteညတော့မအိပ်ဖြစ်ခဲ့ဖူးဘူး။ ဒါပေမဲ့အဲဒီကအထွက်မှာ ညနေဘက်ကြီးကားပျက်ခဲ့လို့ ညရောက်တဲ့ထိလမ်းဘေးမှာဟိုကြည့်ဒီကြည့်လုပ်ခဲ့လို့ သစ်တောပျက်နေတဲ့သစ်အုပ်နိမ့်နိမ့်မြင်ကွင်းကျယ်ကို မမေ့ခဲ့ဘူး။
ကိုယ်လည်းအဲဒီမြို့ ဖြတ်တိုင်း ကိုလိုနီခေတ်ရဲ့ အငွေ့ အသက်တွေကြောင့်အတွေးတွေဆန့် မိခဲ့တယ်။
ရေနံ့ သာခင်ခင်ကြီးကိုသတိရမိခဲ့သလိုအဲဒီခေတ်က တွင်းသူဌေးတွေ တွင်းလုပ်သားတွေဘ၀ကိုစဉ်းစားမိခဲ့ဘူးတယ်။ ညဘက်တွေဆိုမီးလက်လက်လက်လက်နဲ့ ။
အိုင်အိုရာ