ကျမ ပထမဦးဆုံး အလုပ်ဝင်တဲ့အချိန်မှာ "Are you international?" ဆိုတဲ့ မေးခွန်းကို အမေးခံ ခဲ့ရပါတယ်။ မေးတဲ့သူက အိန္ဒိယနွယ်ဖွား အောက်စ်ဖို့ဒ် ကျောင်းထွက် အမျိုးသမီးဘော့စ် ဖြစ်ပြီး ဒီမေးခွန်းကို အလုပ်ဝင်ဖို့ နယ်စပ်မြို့ကလေး တခုကို သူနဲ့အတူ ခရီးထွက်နေစဉ် မေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျမအသက်က အခုထက် အများကြီး ငယ်လည်းငယ်၊ လုပ်ငန်း အတွေ့အကြုံကလည်းမရှိ၊ စိတ်ထက်ပုံရတဲ့ သူ့မကိုလည်း လန့်နေတဲ့အရှိန်နဲ့ ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ "I think so." လို့ ခပ်ဝါးဝါးဖြေခဲ့မိပါတယ်။ သူမကလည်း ဘာမှ ဆက်မပြောတော့ပါဘူး။ ဒီလိုနဲ့ ရည်ရွယ်ရာခရီးကို ရောက်တော့မှ အကျိုးအကြောင်း သိရပါတော့တယ်။ ကျမနေဖို့ ထိုင်ဖို့အတွက် စီစဉ်ထားတာက သူ့လက်ထောက် နိုင်ငံခြားသား အသက်ကြီးကြီးအရာရှိတယောက်နဲ့ အိမ်တလုံးတည်းမှာ အပေါ်ထပ် အောက်ထပ် ဖြစ်နေတာကိုး။ ကျမလဲ မျက်လုံးပြူးမျက်ဆံပြူးနဲ့ အကြံထုတ် ရတော့တာပေါ့။ ချက်ချင်း ကောက် ငြင်းရင် ဘော့စ် စိတ်ကွက် သွားမှာစိုးလို့ ဖုတ်ပူမီးတိုက် သူများကို အခန်းရှာခိုင်းပြီး အဲဒီမှာဘဲ ကျမ နေချင်ပါတယ်ပေါ့။ အဲဒီတော့လည်း သူမက “အိုကေ” တခွန်းဘဲ ပြောပါတယ်။ ( ဒီတော့မှ ဘော့စ်ကို မလွန်ဆန်နိုင်လို့ အောင့်သက်သက် သဘောတူခဲ့ရတဲ့ ဟိုဘိုးတော်လည်း စိတ်သက်သာရာ ရသွားတယ်လို့ ကြားမိပါတယ်။) သူမဟာ မြန်မာ့ဓလေ့ကို မသိတာလား၊ သိပ်ပြီး westernize ဖြစ်လွန်းတာလား မသိတော့ပါ။
တကယ်တော့ ယောက်ျားလေး၊ မိန်းကလေး အဆောင်တခုတည်းမှာ နေကြတာဟာ သိပ်တော့ အဆန်းမဟုတ်ပါဘူး။ ကျမတို့ ၈တန်းစာမေးပွဲဖြေတုန်းကတောင် မိန်းကလေးတွေက အပေါ်ထပ်၊ ယောက်ျားလေးတွေက အောက်ထပ် တလလောက် စခန်းသွင်း စာကျက်ခဲ့ရတာဘဲ။ ရေချိုးခန်းသီးသန့်မရှိတဲ့အတွက် နည်းနည်းတော့ စိတ်ညစ်ခဲ့ကြရပါတယ်။ ဆရာ၊ ဆရာမ တွေက စည်းကမ်း တင်းကျပ်ထားတာမို့ မနှစ်မြို့စရာ ဘာသတင်းမှ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျောင်းတုန်းက ယောက်ျားလေး၊ မိန်းကလေး တွဲပြီး စာကျက်ဖို့ နေနေတာနဲ့ အလုပ်ခွင်ထဲမှာ အပေါ်ထပ် အောက်ထပ် နှစ်ဦးထဲနေတာက လုံးဝ မတူညီဘူး ဆိုတာ ကျမ နားလည်ထားပါတယ်။
what is international? ဆိုတာကို ပြန်တွေးကြည့်မိတော့လည်း ကျမကိုယ်တိုင် ခုချိန်ထိ ဂဂနန သေသေချာချာ မသိသေးပါဘူး။ ဒါနဲ့ဆက်စပ်ပြီး နှစ်သက်မှုမိတဲ့ ဆောင်ပုဒ်ကလေး တခုကတော့ “Think globally, act locally ” ဆိုတာပါဘဲ။ တဦးချင်းရဲ့ အတွေးအခေါ်တွေက ကျယ်ပြန့်ရမယ်၊ ခေတ်မီရမယ်၊ အပြုအမူတွေကတော့ ဒေသိယ ယဉ်ကျေးမှု ဘောင်ထဲကပဲ ဖြစ်ရမယ်လို့ ဆိုလိုချင်တာ ထင်ပါရဲ့။
ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်ကလေးတခုနဲ့ ယှဉ်ထိုးပြီး စဉ်းစားမိပြန်သည်။ အီရန်နိုင်ငံရဲ့ ဥပဒေအရ နိုင်ငံကူး လက်မှတ်လျှောက်ထားတဲ့ အမျိုးသမီးတွေဟာ (ဘယ်လူမျိုးဖြစ်ပစေ) ဆံပင်မပေါ်အောင် ဖုံးအုပ်ထားရမတဲ့၊ တိုးရစ်စ်မတွေကလည်း မျက်နှာနဲ့ ခြေချောင်းလက်ချောင်းကလွဲရင် လုံလုံအုပ်ထားရမတဲ့။ အီရန်အစိုးရက Think globally မဖြစ်ဘူးဘဲ ဆိုပါတော့။ သူ့နိုင်ငံထဲကို သွားကြမဲ့ ကျမအပါအ၀င် အမျိုးသမီးတစုကတော့ act locally မဖြစ်မနေ ဖြစ်ကြရပါတယ်။ ပတ်စ်ပို့လျှောက်တော့လည်း ခေါင်းစည်းကလေးနဲ့ အီရန်လေဆိပ်ကို ဆင်းခါနီးတော့လည်း အသီးသီး အသက အသက ပုဝါကလေးတွေ ခြုံစည်းလို့။ ရုရှားမတွေ အီတာလျံမတွေ၊ ဂျာမန်မတွေကလည်း တယောက် မျက်နှာ တယောက်ကြည့်လို့ ပြုံးစေ့စေ့နဲ့ပေါ့။ ရောမကို ရောက်တော့ ရောမလို ကျင့်ကြရပုံလေးပါ။ အဲဒီတုန်းက ကျမ အင်တာနေရှင်နယ်ပါရှင့် ဆိုပြီး အမျိုးသား တယောက်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်မိလိုက်လို့ကတော့ မိနစ်ပိုင်းအတွင်း အချူပ်ထဲတန်းရောက်ပြီး “ဂွမ်း” သွားပေလိမ့်မယ်။
globalization နဲ့ ကမ္ဘာ့ရွာကြီး ဖြစ်လာတဲ့အခါမှာ global နဲ့ local ကြားကစည်းလေး ပိုပြီး “ပါး”လာ “၀ါး”လာ ပါတော့တယ်။ ဘယ်နေရာမှာ global, local လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အခရာကျပါတယ်။ လွဲသွားခဲ့ရင် ကြည့်မကောင်း မြင်မကောင်း ဖြစ်တော့တာပါဘဲ။ တလောက နိုင်ငံတကာ ညီလာခံကြီးတခုမှာ ပိုးပုဆိုး၊ ခေါင်းပေါင်းကြီးတွေ တကားကားနဲ့ ပုဂ္ဂိုလ်ကြီးတွေကို မြင်တော့ ကျမတို့ ရယ်ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့သလိုပေါ့။ နောက်ပြီး တလောက documentary တခုရိုက်ကြတော့ အယူအဆ နှစ်မျိုးကွဲသွားပြန်သည်။ စီစဉ်သူက နိုင်ငံတကာမှာ မျက်နှာမငယ်ရအောင် အဆင့်မီမီအင်္ဂလိပ် အသံထွက်ရအောင် တပင်တပန်း အထပ်ထပ် အခါခါ ပြောခိုင်းတော့ ပါဝင်တဲ့ မြန်မာလူမျိုးတွေမှာ ပညာတတ်တွေဖြစ်ပါလျက် ချွေးတဒီးဒီးထွက်။ စိတ်ကုန်၊ စိတ်ပျက်ရင်းက ညည်းတွားမိကြ။ တယောက်က ပြောလာသည်။ “ဒေသိယ အသံထွက်ကလေးပါမှ စိတ်ဝင်စားစရာ ကောင်းမှာပေါ့၊ အာဖရိကန် တွေဆိုရင် သူတို့အသံထွက်စတိုင်နဲ့ သူတို့ ဘယ်လောက် လှလိုက်သလဲ” တဲ့။ ကဲ- သူ့ရှုဒေါင့် သူ့အမြင် ကလည်း မှန်နေသလိုဘဲနော်။ ကျမတို့ကိုယ်တိုင် ရှမ်းသံဝဲ၀ဲ၊ မွန်သံဝဲ၀ဲကလေးတွေ ဗမာစကား ပြောကြတာ နားတောင်ရရင် နားဝင်ပီယံဖြစ်သလိုနေမှာပေါ့။
လူမှုဗေဒ ပညာရပ်ဟာ ကျယ်ပြန့်သလို၊ ဆွေးနွေးလို့ မကုန်နိုင်တဲ့ နယ်ပယ်တခု ဖြစ်ပါတယ်။ တွေးမိသလို ချရေးထားတဲ့ ဒီစာပုဒ်ကလေးကလည်း စီကာစဉ်ကာ logic ကျချင်မှ ကျပေလိမ့်မည်။ ခြုံငုံသုံးသပ်ရရင် ဘယ်နေရာကိုဘဲရောက်ရောက် သူ့ဓလေ့ထုံးစံနဲ့ ဖီလာကန့်လန့်မဖြစ်အောင် နေထိုင်တတ်မှသာ international ဖြစ်တယ်လို့ ပြောရင် မှန်မလား။ ဒါ့အပြင် international ဆိုတာ multi-culture ဖြစ်တာမို့ westernization နဲ့ တထပ်တည်း ကျတယ်လို့ မယူဆစေချင်ကြောင်း ကျမက အဆိုပြုခဲ့ရင် စာဖတ်သူတွေ ဘယ်လိုသဘောထားမလဲ သိချင်စမ်းပါဘိတော့တယ်။
မိုးစက်ပွင့်
(photo credit: fotosearch.com)
အတွေးလေးတွေ ကောင်းပြီး အကျိုးရှိတဲ့ ပို့စ်လေး လာဖတ်သွားပါတယ် မမိုးစက်ပွင့်း)
ReplyDeleteကျွန်တော်တော့ ခုထိကို အင်တာမနေရှင်နယ်သေးနိုင်ဘူးဗျိုး...၊
ReplyDeleteကမ္ဘာကြီးက ရွာဖြစ်နေပြီဆိုပေမယ့်...
ReplyDeleteတရွာနဲ့ တရွာ ဓလေးမတူတာလေးတွေက ခွတီးခွကျဗျ..။
ဓလေ့ မတူတာလေးတွေက ခွတီးခွကျဗျ..။
ReplyDeleteသူ့ပုံစံနဲ့ သူ ကိုယ်ပုံစံနဲ့ ကိုယ်ပဲ ဖြစ်သင့်တယ်လို့ ထင်မိပါတယ်။
ReplyDeleteဒါမှလည်း ဘယ်က ဘယ်သူတို့ ဆိုပြီး ဖြစ်တော့ မပေါ့။
မဟုတ်ရင် ဘာမှ မထူးခြားသလို ဖြစ်သွားတော့မှာပဲ။
ဒီလိုပဲ မြင်မိတယ်ဗျာ။
သိပ်မတွေးတော့ဘူးကွယ်။
ReplyDeleteရောက်ရာမှာသင့်သလိုသာနေလိုက်တော့တယ်။
လက်ခံသင့်တယ်ထင်တာလက်ခံ၊ မသင့်ဘူးထင်ရင်လက်မခံရုံပါပဲ။
မဖြစ်မနေလုပ်ရမယ်ဆိုရင်တော့... စဉ်းစားပါတယ်။
စာဖတ်သွားပါတယ်။
ReplyDeleteခုချိန်ထိတော့အင်တာမနေရှင်နိုင်သေးပါဖူး။
သာယာချမ်းမြေ့ပါစေရှင်း
မိုး