Friday 22 March 2013

နတ်မောက်၊ ပင်းမြို့ဟောင်း နဲ့ ရေနံချောင်း

၂၀၁၃ မတ်လဟာ ကိုယ့်အတွက် ထူးခြားတဲ့ လတစ်လ ဖြစ်နေပါတယ်။ ဘာလို့လဲဆိုရင် ခရီးတွေ ဆက်တိုက်ထွက်နေရလို့ပါ  ...။

  ရောက်ခဲ့ တဲ့နေရာလေး တွေကို   လက်စွဲတော်ကင်မရာလေးနဲ့ မှတ်တမ်းတင်ပြီး  ပြန်မျှဝေရတာလည်း ၀ါသနာတခုလို ဖြစ်နေပြန်တယ်...။  ဓါတ်ပုံပညာကို အထူး မကျွမ်းဝင်ပေမဲ့ အတတ်နိုင်ဆုံး   ကောင်းအောင်ရိုက်ပြီး အမှတ်တရ ကာလလေးတွေကို   အေးခဲ သိမ်းဆည်း ထားရတာ   ပျော်စရာကောင်း လှပါတယ်...။  နောင်တချိန်မှာ ပြန်ကြည့်တဲ့အခါ ခံစားချက်တို့ကို အသစ်တဖန် လှုပ်နှိုးနိုင်တယ်လေ..။ ဒစ်ဂျစ်တယ်ကင်မရာလေး မရှိခင်တုန်းက သွားခဲ့ရတဲ့ မှတ်တမ်းမည်မည်ရရ မကျန်ခဲ့တဲ့ ခရီးစဉ်တွေလည်း နှမြောလှပါတယ်..။ ဖလင်ကင်မရာနဲ့ ထုတ်ထားတဲ့ပုံတွေ   တော်တော်များများက အကြောင်းကြောင်းကြောင့် ပျက်စီးသွားလို့ပါ။

ပထမဆုံး ရောက်ခဲ့တာက နတ်မောက်မြို့က ဗိုလ်ချူပ်နေအိမ်ပါ။ နတ်မောက်ဆိုတဲ့ တောမကျ မြို့မကျ  မြို့ငယ်ကလေးကို ကံကောင်းစွာ အလုပ်ကိစ္စနဲ့ ဖြတ်သွားရင်း ၀င်ရတာမို့   ပြတိုက် ဖွင့်ရက် ပိတ်ရက် ရွေးမနေအားပါဘူး။  ဒါပေမဲ့ ကံဆိုးစွာ ပိတ်ရက် ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ (၇)နှစ်လောက်က အထဲအထိ ၀င်ခွင့်ရခဲ့ပါတယ်။ တကယ်တော့ အထဲမှာ ကုလားထိုင် စားပွဲလောက်ပဲ ရှိတာပါ။


 ကြည့်ပါဦး များလိုက်တဲ့ ပိတ်ရက်တွေ။  တပါတ်မှာ လေးရက်ပိတ်၊ သုံးရက်ဖွင့် (ဘာကြောင့်ရယ်မသိ)။



အိမ်ရဲ့ နောက်ပိုင်းမြင်ကွင်း။ 



ရသလောက်တော့ ဓါတ်ပုံရိုက်ခဲ့ပါတယ်။  အိမ်က လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က မြို့တပိုင်းလုံး မီးလောင်ပြီး ပါသွားတာမို့ ပုံစံတူ ပြန်ဆောက်ထားတာပါ။  ကျန်ခဲ့တဲ့ အုတ်ရိုးတပိုင်းတစကတော့ ဟိုတုန်းက ပဲဂိုဒေါင်အဟောင်း လက်ကျန်လို့ ပြောပါတယ်။


                                               ----------------------



နောက်ထပ် ၀င်ဖြစ်ခဲ့တာက နတ်မောက်နဲ့ မနီးမဝေးက ပင်းမြို့ဟောင်း ပါ။ ရှေးဟောင်း ညောင်ပင်ကြီးနဲ့ သပြေပင်ကြီးတွေကြောင့်လည်း နံမည်ကြီးပါတယ်။  တကယ်တော့ နတ်မောက်တမြို့နယ် လုံးက မြင်ကြရတဲ့ ( လိုဏ်ဂူတွေလည်းရှိတယ်ဆိုတဲ့ ) ” မှန်းခြေရင်း” တောင်ကြီးရယ် ၊ ပင်းစေတီရယ်၊ သမိုင်းဆက်စပ်မှုရှိပါသတဲ့။  ကျမတို့ကတော့ အချိန်အခက်အခဲကြောင့် သေသေခြာခြာ မမေးမြန်းဖြစ်ခဲ့ပါဘူး။


ဘုရားနဘေးက ကြီးမားလှတဲ့ ညောင်ပင်ကြီးရဲ့ အကိုင်းတွေကို အုတ်တိုင်တွေနဲ့ထောက်ပြီး  ကဗ္မည်းထိုးလှူဒါန်းထားတဲ့ အလှူရှင်တွေ မနည်းလှပါ။

ကျမတို့ ညောင်ရေသွန်းဖို့အတွက် ရေကုသိုလ်ယူလာပေးတဲ့ အမေအို။  သဒ္ဒါတပ်အားလှူဒါန်းသမျှကို အပြုံးကလေးယဲ့ယဲ့နဲ့ ဆုမွန်ချွေပေးနေတဲ့ အမေအို။  
 

ဘုရားက ပြန်အတွက်မှာ ပင်စည်ကို သံကိုင်းနဲ့ သိုင်းထောက်ထားရတဲ့  သက်တမ်းရင့် သပြေပင်ညီနောင်ကို တွေ့ခဲ့ရပါတယ်၊ သက်တမ်းအတိအကျကိုတော့  မမေးမြန်း မစုံစမ်းခဲ့ရလို့ မသိရပါဘူး။

ပင်းမြို့ကနေ ရေနံချောင်းကို ကားလမ်းသစ်ဖောက်ထားတာမို့ ၂နာရီလျော့လျော့ လောက်နဲ့   ရောက်သွားခဲ့ပါတယ်။

  ရေနံချောင်းကတော့ ကိုလိုနီရွှေခေတ်မှာ ရေနံတွင်းတွေနဲ့ ရွှေရောင်တောက်ခဲ့တဲ့ မြို့တမြို့ပါ။  အခုအထိလည်း ဟောင်းနွမ်းနေပေမဲ့ အတိတ်က ခမ်းနားမှုတွေကို ခပ်ရေးရေး ထင်ကျန်ေ နခဲ့သေး တာပေါ့။  မြို့လည်က အထက ကျောင်းက ဗိုလ်ချူပ်နေခဲ့တဲ့ ကျောင်း တဲ့။  ရသမျှအချိန်ကလေးမှာ ရေနံချောင်းရဲ့ အထင်ကရ နေရာလေးတချို့ကို သွားခဲ့ပါတယ်။

ပထမဆုံး သွားခဲ့တာက ရေနံချောင်းရောက်တဲ့ အခါတိုင်း မသွားမဖြစ် ရေနံသာခင်ခင်ကြီး ( မောင်သိန်းဆိုင် ၀တ္တု) အိမ်ကိုပါ။ ၀တ္တုထဲက ဇာတ်လိုက်မင်းသမီး တကယ်နေခဲ့သလားဆိုတာ မသေချာပေမဲ့ ရေနံချောင်းရဲ့ အခမ်းနားဆုံး ရှေးအိမ်ကြီး တအိမ်ပါ။ ဟောင်းနွမ်းပျက်စီးနေတဲ့ ဒီအိမ်ကြီးကို ရှေးမူမပျက် စနစ်တကျ ထိမ်းသိမ်းမွမ်းမံပြီး လေ့လာရေးအတွက် သုံးရင် သိပ်ကောင်းမှာဘဲ။


ရေနံသာခင်ခင်ကြီးအိမ်အနီးက စနေနံဘုရား ပေါ်က ခန်းနားတဲ့ ရှေးအဆောက်အဦတခု။

နောက်ပြီး မင်းကွန်းပုထိုးတော်ကြီးအလား သိပ်ကို လှပခန်းနားတဲ့   ကျောက်စာရုံကြီး ကိုလည်း ရောက်ခဲ့ပါတယ်။ ကုန်းမြင့်ပေါ်မှာ လှေခါးကျယ်ကြီး  သုံးဆင့်နဲ့ အထပ်ထပ် တည်ထားတဲ့ ဒီကျောက်စာရုံကြီးဟာ ဘုရားရှင်ရဲ့ ကျမ်းစာတွေကို ရေးထိုးထားတဲ့ ရာပေါင်းများစွာသော စကျင် ကျောက်ချပ်ကြီးတွေ ရာပေါင်းများစွာကို မိုးလေမခ သဘာဝ ဘေးဒဏ်မကျ ရအောင် သိမ်းဆည်းပေးထားတာပါ။ 



အဲဒီခေတ်ကာလက ဒီလောက်လေးလံများပြားတဲ့ ကျောက်ချပ်တွေကို ဘယ်လို သယ်ယူ ထုလုပ်ခဲ့သလဲဆိုတာ တွေးကြည့်ရုံနဲ့ လေးစား အထင်ကြီးစရာပါ။ 



အမိုးကလည်း သံဒိုင်း၊ သံယက်မတွေနဲ့ အခိုင်အမာ ဆောက်ထားပါတယ်။


 အလှူရှင် တွင်းရိုးတွင်းစား သူဌေးကြီးက သူ့ဇနီးကို “ပါရမီဖြည့်ဖက်” လို့ သုံးနှုံးထားတာလေး လှလွန်းလို့ မှတ်တမ်းတင်ခဲ့တယ်။




ကျောက်စာရုံတော်ကြီးက ပြန်ထွက်လာချိန်မှာတော့ ယဉ်ကျေးမှုလက်ရာ အဆင့်မြင့်တဲ့  ရှေးမြန်မာဘိုးဘွားတွေ အတွက် ဂုဏ်ယူတဲ့ ကြေနပ်တဲ့ ပီတိဖြစ်တဲ့စိတ်တွေ အပြည့်နဲ့ လမ်းလျှောက်ရတာ ခြေထောက်နဲ့ မြေကြီးတောင် မထိတော့သလိုလိုပါဘဲ...။

မိုးစက်ပွင့်

7 comments:

  1. အဖေ အညာပြန်ရင်လိုက်ချင်တယ်လို.တော့ပူဆာထားတယ် ၊ ဒါပေမဲ့ဘယ်တော့ပြန်ဖြစ်မယ်ဆိုတာ မရေမရာပါ. အဖေ့အမေ အဖွားကဆုံးသွားပြီလေ၊ ပင်းဘုရားပွဲရယ်ရေနံသာခင်ခင်ကြီးနဲ.မောင်သိန်းဆိုင်ရယ် ......... ဘာဘဲဖြစ်ဖြစ်တခေါက်တော့ရောက်ဖူးချင်တယ်
    ဓါတ်ပုံတွေအတွက် ကျေးဇူးတင်ပါတယ် မရောက်ဖူးပေမဲ့ခံစားလို.ရတယ်လေ

    သပြေ

    ReplyDelete
  2. ရေနံချောင်းကိုသတိရတယ်။ (နီနီလွင်- မြေနီခင်)

    ReplyDelete
  3. ဓာတ်ပုံလေးတွေကြည့်လိုက်ရတော့ အိမ်ပြန်ချင်စိတ်ပေါက်သွားတယ်။ (နီနီလွင်- မြေနီခင်)

    ReplyDelete
  4. စလေကုန်းသားနော်

    ReplyDelete
  5. ရေနံချောင်းကိုလွမ်းတယ်လေးထပ်ကြီးဘုရားကိုသွားချင်တယ်စလေကုန်းကမချယ်ရီတို့ကိုသတိရတယ်

    ReplyDelete
  6. စလေကုန်းသားနော်

    ReplyDelete
  7. ကျွန်တော်က ပင်းမြို့သားပါ

    ReplyDelete

ပဲ့တင်သံလေးတွေ .......