နေရောင်ခြည် နွေးနွေးအောက်မှာ ဘန်ဂလိုလေးတွေက ချစ်စရာကောင်းလို့နေပါတယ်။
ထင်းရူးတောအုပ်ကြားက နေလုံးတိုးထွက်လာတဲ့အချိန် ခုနစ်နာရီလောက်မှာတော့ ဧည့်ခန်းမှာ မနက်စာ စားကြပါတယ်။ မနက်စာက ထမင်းပူပူနွေးနွေးနဲ့ ဂေါ်ရခါးသီး၊ ပဲကပ်ကြော် အစရှိတဲ့ အကြော်စုံ၊ ပြီးတော့ ကော်ဖီ။ ပေါင်မုန့်နဲ့ ကြက်ဥကြော် စားချင်ရင်လည်း ရပါတယ်။ (ကြုံတုံး သတင်းမျှရရင် ဟိုတယ်က နိုဝင်ဘာလဆန်းကနေ ဧပြီလကုန်အထိ ၆လ ဖွင့်ပါတယ်။ မူရင်းဈေး ဘန်ဂလိုတလုံးကို မနက်စာအပါအ၀င် တရက် လေးသောင်း၊ အခန်းတွဲတွေက နှစ်ယောက်ခန်းတခန်း သုံးသောင်း ဆိုပေမဲ့ ကိုယ့်အဖွဲ့က လူပေါင်း ၂၀ ကျော်တည်းမှာမို့ ဈေးညှိပြီး ဘန်ဂလိုရော အခန်းပါ နှစ်ယောက်နေရင် နှစ်သောင်းနဲ့ သဘောတူထားခဲ့ပါတယ်။ မနက်စာစားပြီးချိန်မှာတော့ သိပ်ကို တန်လွန်းနေသလိုလို အားတုံ့အားနာ ဖြစ်မိပါရဲ့။ တကယ်တော့ ဒီမြို့လေးကို ဧည့်သည် အရောက်အပေါက် နည်းလို့သာ ဈေးလျှော့တာဖြစ်မှာပါ။ လက်ရှိအခြေအနေမှာ ပုဂံညောင်ဦးက ဟိုတယ်တွေကတော့ ဈေးတွေ မိုးထိအောင် မြင့်တက်နေတာ အားလုံးသိကြမှာပါ။ )
ဧည့်ခန်းကျဉ်းကျဉ်းလေးများ ချင်းဓါးနဲ့ ပလိုင်း၊ ကြေးမောင်း၊ တောင်ဆိတ်ချို၊ နွားချို တွေအပြင် အောက်ချင်းငှက် နှုတ်သီး (ပေါလစ်ရှ်တင်ပြီး ကျွန်းပြားမျာ ကပ်ထားလို့ အစစ်မှန်း တော်တော်နဲ့ မသိခဲ့ပါ) ကိုပါ ချိတ်ဆွဲ ပြသ ထားပါတယ်။ ချင်း မြောက်ပိုင်းကို သွားခဲ့ဖူးတော့ အရင်တုန်းက ရပ်ရွာ အကြီးအကဲတွေအိမ်မှာ အကောင်မျိုးစုံရဲ့ ခေါင်းတွေ ချိတ်ဆွဲပြီး သတ္တိနဲ့ စွမ်းဆောင်ရည်ကို ဂုဏ်ယူ ပြသကြတာ သတိရမိတယ်။ ဒါကြောင့်ပဲ အောက်ချင်းငှက်တွေ မျိုးတုန်းမတတ် ရှားသွားတာလားလို့ (သေချာမသိဘဲ) တွေးမိပါတယ်။
--------------------------------
သဘောတူထားတဲ့အတိုင်း မနက် ၈နာရီမှာ ကားနဲ့ စ တက်ကြပါတယ်။ ထင်းရူးပင်တွေက တဖက်တချက် အုပ်လို့ ဆိုင်းလို့ပါ။ လမ်းကလေးက ခပ်ပြေပြေသွားလိုက်၊ ကွေ့လိုက်ကောက်လိုက်နဲ့။ ကတ္တရာလမ်းဆုံးတော့ ကျောက်စရစ်မြေမာလမ်းကလေးပေါ်မှာ မောင်းနှင်ရပါတယ်။ ဟိုတယ်နဲ့ တောင်ထိပ်က ၁၃မိုင် ဝေးပါတယ်။ တကယ်ဆို တောင်ထိပ်အထိ ကားလမ်းပေါက်ပါတယ်။ မိုးစက်တို့အဖွဲ့ကတော့ ၁၀မိုင်အထိ ကားနဲ့သွားပြီး သုံးမိုင်ကို ခြေလျှင်တက်မှာပါ။ ၁၀မိုင် လမ်းဆုံမှာ ဇရပ်လိုလို နားနေဆောင် လေးတခုရှိပြီး ဘယ်ဖက်သွားရင် တောင်တက်လမ်း၊ ညာဖက်သွားရင် မင်းတပ် (လမ်းသစ်) ဖြစ်ပါတယ် တဲ့။ တောင်တက် လမ်းကတော့ တလမ်းထဲသာရှိတဲ့အတွက် လမ်းပြငှားဖို့ မလိုပါဘူး။ လမ်းကလည်း ခြောက်သွေ့ရာသီမှာ စက်နဲ့ညှိထားတော့ ပြေပြေပြစ်ပြစ်ရှိပါတယ်။ ကိုယ့်ပစ္စည်းများရင်တော့ လမ်းပြ၊ အထမ်းသမား ငှားလို့ ရပါတယ်။ မိုးစက်တို့ကတော့ မငှားဖြစ်တဲ့အတွက် ဈေးမစုံစမ်းဖြစ်ခဲ့ဘူး။
စထွက်တည်းက သက်တမ်းရင့် ထင်းရူးပင်ကြိးတွေနဲ့အတူ တောင်ဇလပ်ပင် အုပ်အုပ်လေးတွေကို လမ်းရဲ့ ဘယ်ညာမှာ မကြာခဏ တွေ့ရပါတယ်။ ကားပေါ်မှာ ပါလာသူတွေကတော့ လက်ညှိုးတထိုးထိုး ၊ အာမေဓိတ်သံ တညံညံနဲ့ပေါ့။ သက်တမ်းရင့် ထင်းရူးပင်ကြီးတွေ၊ ဘာပင်မှန်းမသိတဲ့ ကဗျာဆန်ဆန် ကောက်ကောက်ကွေ့ကွေ့ သစ်ပင်လေး တွေကိုလည်း တွေ့ရပါတယ်။ တောင်ကုန်းပြောင်ပြောင် တွေများတဲ့ မြောက်ပိုင်းက ချင်းတောင်ထက် တောင်ပိုင်းက အပင်အများကြီး ပိုကျန်သေးတယ်လို့ ခံစားရပါတယ်။ ကွေ့တကွေ့အရောက်မှာတော့ ထင်းရူးတောအုပ်ရော၊ တောင်ဇလပ်ပင် အစုအဝေးရော၊ တောင်တန်းပြာရော ပဏာရလွန်းလို့ ၀ါသနာရှင်များက ကားကို ရပ်ပြီး ဓါတ်ပုံ အသီးသီးရိုက်ကြပါတယ်။
လှလိုက်တဲ့ပန်းတွေ၊ လှလိုက်တဲ့ ပန်းတွေနဲ့ လူတိုင်းက မမောတန်းပြောရင်း မမောတန်း မှတ်တမ်းတင်ကြတာပေါ့။ တကယ်ဆို နှင်းဆီ၊ စံပယ်တို့လို ရေလောင်းပေါင်းသင်၊ မြေသြဇာမကျွေးပါဘဲ သဘာဝအတိုင်း အရိုင်းဆန်ဆန် အလှကြီးလှနေကြတဲ့ တောပန်းကလေးတွေပါ။ ပန်းတွေကို လူတွေနဲ့ အမြဲတမ်းယှဉ်ပြီး စဉ်းစားကြည့်မိတတ်တဲ့ မိုးစက်က တောင်ဇလပ်ဟာ ကိုယ့်ပါတ်ဝန်းကျင်က ဘယ်သူနဲ့များတူလေမလဲလို့ အတွေးနယ်ချဲ့ကြည့်မိခဲ့သေးတယ်။
အုပ်စုလိုက် တရုန်းရုန်း ဓါတ်ပုံရိုက်နေတုန်းမှာပဲ မျက်နှာချင်းဆိုင်က ဂျစ်ကားတစီးဆင်းလာတယ်။ လူအပြည့်ပါလာသလို ချိုးလာတဲ့ တောင်ဇလပ်ပန်းကိုင်းတွေကလည်း ကားနဲ့အပြည့်ပဲ။ သူတို့ကို အမိအရမှတ်တမ်းတင်ရင်း စိတ်ထဲက နှမြောတသသလို ဖြစ်မိတယ်။ တကယ်ဆို အပင်မြင့်မှာ လှလှပပ အကြာကြီး နေနိုင်ပါရက်နဲ့ လူတစုရဲ့ ခဏတာပျော်ရွှင်မှုအတွက် မကြာခင်နွမ်းသွားရတော့မဲ့ ပန်းကလေးတွေအတွက်ပေါ့။ ဥပဒေအရလည်း တောင်ဇလပ်ပန်းကိုင်းတွေကို ချိုးခွင့်မရှိဘူးလို့ သိရပါတယ်။ အဲဒီအချိန်ကလေးမှာပဲ လူတွေကြားထဲမှာ ပိုမို လိုက်နာသင့်တဲ့ စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေနဲ့ လောကနီတိအကြောင်းတွေ တွေးမိပြန်ပါရော။ တခါတရံလည်း ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဟိုဟာအလိုအကျ ဒီဟာအလိုမကျနဲ့၊ ငါသိပ်ဇီဇာကြောင်နေ တာလားလို့ တွေးမိသေးရဲ့။
အားရပါးရ ဓါတ်ပုံရိုက်ပြီးတဲ့အခါ ခရီးဆက်ကြပါတယ်။ ဆယ်မိုင်လမ်းခွဲကိုရောက်တော့ ကိုးနာရီခွဲနေပါပြီ။ အဲဒီမှာ ငှက်ကြည့်က ပြန်လာပုံရတဲ့ နိုင်ငံခြားသားနဲ့ တိုးရစ်ဂိုက်တဖွဲ့ကို တွေ့ရပါတယ်။ ပလိုင်းတွေ ဓါးတွေနဲ့ ဒေသခံ ချင်းလူမျိုး နှစ်ယောက်သုံးယောက်ကိုလည်း တွေ့ရပါတယ်။ ကဲ- ၀ိတိုရိယရေ ငါတို့လာပြီဟေ့လို့ စိတ်ထဲက ကြွေးကြော်ရင်း စ တက်ခဲ့ကြပါတယ်။
------------------------
ပထမ နာရီဝက်တော့ မောလို့ မောမှန်းမသိပါဘူး။ နှေးလိုက် မြန်လိုက်၊ တွေ့သမျှ တောင်ဇလပ်ပင်တွေ လက်ညှိုးထိုးလိုက်၊ သူများကို ဓါတ်ပုံရိုက်ပေးလိုက်၊ ကိုယ်တိုင် ဓါတ်ပုံ အရိုက်ခံလိုက်နဲ့။
ကိုယ့်ရဲ့ မူပိုင်ရှင်ကြီးက လမ်းပိုတိုအောင်ဆိုပြီး ဖြတ်လမ်းတွေကနေ တက်ပါတယ်။ သူ လမ်းပြခေါ်ဆောင်ရာကို ယုံယုံကြည်ကြည် လိုက်မိတဲ့ မိုးစက်ကတော့ ကုန်းမြင့်တွေ ရုန်းတက်ရ၊ ဆူးပင်တောတွေငြိရ၊ ခလုပ်ကန်သင်းတွေ တိုက်ရ နဲ့ပေါ့။ ဒါပေမဲ့ အတွင်းပိုင်းမှာက လမ်းဘေးထက် ပန်းပင်တွေ ပိုများ ပိုလှသလိုပဲမို့ တန်ပါတယ်။ အမျိုးအမည်မသိတဲ့ တောပန်းလေးတွေ၊ အသီးလေးတွေ လည်းတွေ့ရပါတယ်။
တနာရီပျော့ပျော့လျှောက်ပြီးတော့ ကျင့်သားမရှိတဲ့ကိုယ်က မောလာပြီပေါ့။ လမ်းပြေပြေမဟုတ်ဘဲ ကုန်းတက်ကုန်းဆင်းတွေက များလှတော့ ခဏခဏ နားရပါတော့တယ်။ ရှေ့ဆုံးက ဦးဆောင်တက်ခဲ့ပေမဲ့ ရေရှည်မှာ သက်လုံကောင်းသူတွေက တသောသော ကျော်တက် သွားကြတော့တယ်။ ကိုယ့်နောက်မှာ လူတွေ အများကြီးကျန်သေးတယ် ဆိုပြီး အားတင်းထားရတာပေါ့။ တယောက်နဲ့ တယောက် ”ဝေး” ” ဝေးးးး” အော်ပြီး ဆက်သွယ်ကြပါတယ်။ ( ငယ်ငယ်က လူကြီးတွေ ပြောဖူးတာ ကြားဖူးတာက တောထဲမှာ နာမည်မခေါ်ရဘူး၊ သင်းခွေချပ် နာနာဘာဝတွေက လိုက်ခေါ်လို့ ပြန်ထူးရင် သေတယ် ဆိုပဲ :-P ) နောက်ကို ပြန်လှည့်ကြည့်တော့လည်း လျှောက်ခဲ့တဲ့လမ်း တမျှော်တခေါ်က တအားတက်စရာပါဘဲ ...။ လမ်းခရီးမှာ ငှက်တို့၊ တခြား တောသတ္တ၀ါတို့ လုံးဝ မတွေ့ခဲ့ရပါဘူး။ ဒေသခံတွေ မေးကြည့်တော့ မနက်စောစောပဲ ငှက်က မြင်ရတာ တဲ့။ တောကောင် တွေကတော့ ပြုန်းသလောက် ဖြစ်နေပြီတဲ့။ အဲ- နွားနောက်တကောင်တော့ လူတွေ ဆွဲသွားတာ တွေ့ရတယ်။ အဲဒီ နွားလိုလို ကျွဲလိုလို အကောင်က အမောမခံနိုင်တဲ့အတွက် အလုပ်ခိုင်းလို့မရဘူး၊ အသားစားဖို့ပဲ မွေးကြတယ် လို့ ဒေသခံက ပြောပြန်ပါတယ်။
မောရင် ခဏထိုင်နားလိုက် မြန်မြန်လျှောက်လိုက်၊ ဖြေးဖြေးလျှောက်လိုက်၊ ကုန်းဆင်းကို အရှိန်နဲ့ ပြေးဆင်းလိုက်၊ နဲ့ပေါ့။ ချွေးတွေ စို့လာတော့ အထပ်ထပ်ဝတ်လာတဲ့ အနွေးထည်တွေ တလွှာပြီး တလွှာချွတ်နေရတာပေါ့။ ရေကိုလည်း တငုံစီ ချွေတာပြီး သောက်ရတယ်။ ဗိုက်လေးပြီး မလျှောက်နိုင်မှာ စိုးတာရယ်၊ ခြုံတိုးနေရမှာ စိုးတာရယ်ကြောင့်ပါ။ လေကွယ်ရပ်ဆို မထောင်းတာပေမဲ့ လေတိုက်တဲ့နေရာဆို စိမ့်နေအောင်ချမ်းပါတယ်။ အဲဒါဆို အနွေးထည် ပြန်ဝတ်ရပြန်ရော ...။
ကိုယ်ကသာ ဒီခရီးလောက်ကို မောနေတာပါ။ လမ်းမှာတွေ့တဲ့ ရွာသူရွာသားသုံးလေးယောက်ကို ဘယ်သွားမလို့လဲဆိုတော့ ကန်ပက်လက် ဈေးကိုတဲ့။ နောက်ထပ် ဆယ်မိုင်ကျော် လျှောက်ရဦးမှာ၊ သူတို့မှာ အထုပ်အပိုးတွေကလည်းပါသေး။ အမျိုးသမီးကဆို အနွေးထည်တောင် ၀တ်မထားဘူး။ အလေ့အကျင့်ပဲ ထင်ပါရဲ့နော်။ သူတို့က အားပေးပါတယ်။ ရောက်ခါနီးပါပြီ။ ဟိုးရှေ့က တောင် တကုန်း နှစ်ကုန်းကျော်ရင် တဲ့...။
တောင်ကုန်းတကုန်းသာဆိုတယ်။ အမောဆို့မတတ် တက်ရပါတယ်။ အနားက ဖြတ်သွားတဲ့ ဆိုင်ကယ်တွေကိုတောင် မနာလို ဖြစ်မိတယ်။ တခါသားတော့ အနားက ဖြတ်သွားတဲ့ ဆိုင်ကယ်ပေါ်မှာ ရုပ်ဖြောင့်ဖြောင့်နဲ့ နိုင်ငံခြားသားတယောက်စီးသွားတာ တွေ့လိုက်ရတယ်။ လပ်ကီးစထရိုက် ကြော်ငြာမင်းသား လိုပဲ လို့ အနားကပါလာတဲ့ ကိုယ့်သူငယ်ချင်းက ရေရွတ်တယ်။
-----------------------
သိပ်မကြာပါဘူး။ မိုးစက်တို့ ကားတွေက နောက်က လိုက်လာတယ်။ ဘေးနားကနေ တက်မလား တက်မလား တဲ့။ ရင်တွေ တဒိန်းဒိန်းခုန်နေတာမို့ ထိုင်နားတော့မဲ့အချိန်ပါဘဲ။ စိတ်မထိန်းနိုင်တာနဲ့ ကားပေါ်တက်လိုက်တယ်။ ကားက ကုန်းတက်တခုကို ဖြတ်ကျော်လိုက်တယ်။ သုံးမိနစ်လောက်ဆိုတော့ ပေတထောင်နီးပါးလောက် ကားစီးဖြစ်ခဲ့တယ် ထင်ပါတယ်။ ခဏနေတော့ အမောပြေပြီမို့ ပြန်ဆင်းပြီး လျှောက်ပါတယ်။
နာရီဝက်နီးပါးလောက် လျှောက်ပြီးတော့ တောင်ထိပ်နဲ့ ဘုရားနဲ့ နားခိုဆောင်ကို လှမ်းမြင်နေရပါပြီ။ ၀မ်းသာလိုက်တဲ့ ဖြစ်ချင်း။ အဲဒီမှာ ရောက်နှင့်နေတဲ့သူ လေးငါးဆယ်ယောက်ကိုလည်း မိန့်မိန့်ကြီး ပြုံးပြီး ကြိုနေတာကို တွေ့လိုက်ရပါတယ်။ ရှေ့ဆုံးက နှစ်ယောက်က နှစ်နာရီ လျှောက်ရပါတယ် တဲ့။ မိုးစက်တို့အဖွဲ့ကတော့ နှစ်နာရီခွဲ လောက် လျှောက်ရပါတယ်။ သုံးနာရီလောက်မှ လူစုံပါတယ်။ အပန်းဖြေဇရပ်မှာ နိုင်ငံခြားသား မိသားစုတစုကိုလည်း တွေ့ရပါတယ်။ ကလေးနှစ်ယောက်က ခြောက်နှစ်နဲ့ ရှစ်နှစ်လောက် ရှိမယ် ထင်ပါရဲ့ ..။ သူတို့ကတော့ ဂိုက်ဒ် ပါလာပါတယ်။ ကလေးတွေကလည်း အထမ်းသမားနဲ့ တက်တာပါ။ စင်္ကာပူမှာ နေတဲ့ အင်္ဂလန် နိုင်ငံသားတွေပါတဲ့။ မြန်မာပြည်ကိုလာတာ ငါးခေါက်ရှိပြီဆိုဘဲ။ We love Myanmar တဲ့။ ကျေးဇူးတင်ပါတယ် လို့ပြောရင်း ပါလာတဲ့ ထောပတ်သီးတွေ ခွဲပြီးမျှဝေလိုက်သေးတယ်။
ဇရပ်တောင်ကုန်းပေါ်က ရှုခင်းက တော်တော် သာယာ ပါတယ်။ လပ်ကီး စထရိုက် မင်းသားကို တောင်ကုန်းပေါ်မှာ မှန်ပြောင်းတလက်နဲ့ အလုပ်များနေတာ တွေ့ရပါတယ်။ တော်တော်ကြာကြာ နားပြီးမှ သိရတာက အခုနားနေတာ အမြင့်ဆုံး တောင်ကုန်း မဟုတ်သေးဘူးတဲ့။ နေရာထိုင်ခင်းသာလို့ ရွေးထားတာဖြစ်ပြီး၊ အမြင့်ဆုံး တောင်ကုန်းက ခပ်လှမ်းလှမ်းက အလံစိုက်ထားတဲ့ တခု ပါတဲ့။ တောင်ကုန်းချင်းက အမြင့်ချင်း ပေ ၁၀၀၊ ၂၀၀ သာ ကွာမှာပါ။ ဒါပေမဲ့ ဒီအထိရောက်ပြီးမှ မထူးတော့ပါဘူး၊ တက်လိုက်ကြစို့ရဲ့ ပေါ့။ အမြင့်ဆုံးတောင်ကုန်းပေါ်က ရှုခင်းကလည်းလှပ ပါတယ်။
ပေ ၁၀၈၀၀ အမြင့်မှာရှိတဲ့ ဒီတောင်ကုန်းပေါ်မှာ အားလုံးက အုပ်စုလိုက်၊ စုံတွဲ၊ တယောက်ချင်း ဓါတ်ပုံတွေရိုက်ကြ ဗီဒီယိုတွေ ရိုက်ကြ နဲ့ပေါ့..။ တောင်ပေါ်မှာ ကိုယ် တခါမှ မမြင်ဖူးတဲ့ ပန်းပွင့် အပြာနုနုလေးတွေလည်း တွေ့ရပါတယ်။
အားလုံးပြီးတော့ ဇရပ်ပေါ်မှာ ထမင်းစုစားကြတယ်။ ကြက်သားနဲ့ မျှစ်ချဉ်ချက်။ ဒါလဲ စားကောင်းတာပါဘဲ။ အရင်ဆုံးရောက်တဲ့ ညီမလေးကို ချောကလက်ဘူး ဆုလက်ဆောင်ပေးတယ်။ အားလုံးက ရယ်ရယ်မောမော လက်ခုပ်ဝိုင်းတီးကြ။ သူက ဘူးဖေါက်ပြီး ချောကလိုက်ကို အားလုံး မျှဝေကျွေးပါတယ်။ အပြန်ခရီးကတော့ ဟိုတယ်အထိ ကားကလေးနဲ့ တငြိမ့်ငြိမ့် ပေါ့..။ ညနေ လေးနာရီလောက် ပြန်ရောက်ခဲ့ပါတယ်။
ဝိတိုရိယခရီးစဉ် ရဲ့ အမှတ်တရ ဘန်နာလေးတွေပါ။ ကိုယ့် FB မှာ တင်ထားတယ်။ အသုံးဝင်ရင် ယူသွားနော် .... new year present ပေါ့..။
တောင်တက်ခရီးစဉ် အနှစ်ချူပ်ရရင် (၁) ပျော်စရာကောင်းပါတယ် (၂) ဒီဇင်ဘာ နောက်ပိုင်းက တောင်ဇလပ်လှိုင်လှိုင်ပွင့်တဲ့အတွက် အလှဆုံး ဖြစ်မယ် ထင်ပါတယ်။ (၃) ဒီဇင်ဘာ အပူချိန်က နေ့အခါ မဆိုးပေမဲ့ ညဖက်ကျရင် ၅-၁၀ လောက်ရှိတာမို့ သေချာ ကြိုတင် ပြင်ဆင်လာဖို့ လိုမယ် (၄) တောင်အတက်လမ်းက ပြေချောပါတယ်။ ပုပ္မါးတောင်တက်ရသလောက်လဲ လမ်းမဆိုးပါ၊ မမတ်စောက်ပါ။ သုံးမိုင်ခရီးကို အသွားနှစ်နာရီ အပြန် နှစ်နာရီ တက်လို့ရတာမို့ ညအိပ်စရာ မလိုပါ။ (၅) ပုဂံ၊ ညောင်ဦးကနေ ကန်ပက်လက်ကို ချောက်- ဆိပ်ဖြူ- ကဇွန်းမ လမ်းကတဆင့် ၆နာရီကျော်ကျော်လောက် မောင်းရင် ရောက်ပါတယ်။ (၆) ဒေသန္တရ ဗဟုသုတအတွက် အချိန်ရရင် သွားသင့်ပါတယ် (၇) အခုလောလောဆယ် ဧည့်သည် နည်းနေတဲ့အတွက် အချိန်မရွေး အခန်းရနိုင်သလို ဈေးလည်း ချိုပါတယ်၊ နောင်ဆိုရင်တော့ အခန်းကိစ္စကို စောစော ကြိုတင် စုံစမ်းစေချင်ပါတယ်လို့ ပြောချင်ပါတယ်။
-------------------------
ညနေစောင်းတော့ မနေ့ကလိုပဲ ထင်းရူးတောမှာ စုဆုံပြီး ညစာချက်ကြ၊ ပြင်ကြပေါ့။ သီးစုံပဲကုလားဟင်း ချက်ပါတယ်။ အသင့်ပါလာတဲ့ ငါးပိထောင်း၊ ကြက်သားကြော် နဲ့ပါ။ လမ်းလျှောက်ထားတော့ ပိုလို့တောင် စားဝင်နေသလိုပါဘဲ။ ဒီခရီးစဉ်ပြီးရင် ဘယ်နှစ်ပေါင် တိုးမလဲမသိ ဆိုပြီး ပူပန်မိပါသေးတယ်။
စားသောက်ပြီးတော့ အားလုံး မပြန်နိုင်ကြသေးပါဘူး။ ၂၀၁၃ နှစ်သစ်ကို ကြိုကြရဦးမယ် မဟုတ်ပါလား။ လက်ဆောင်တွေ မဲနှိုက်ပြီးလဲတဲ့အစီအစဉ်၊ ဂိမ်းအစီအစဉ်တွေ ပြီးတော့ ဂစ်တာတီးပြီး သီချင်းဆိုကြပါတယ်။ ရှမ်းသီချင်း၊ ကရင်၊ ကချင်၊ ချင်း၊ ရခိုင် စတဲ့ တိုင်းရင်းသားပေါင်းစုံ သီချင်းလည်း ပါ ပါတယ်။ အက ဆိုရင်လည်း မြနန္ဒာက စလို့ အိုပါဂန်းနန်းစတိုင်အထိ အစုံပါဘဲ။ ၀ိုင်းစက်တဲ့ လမင်းကြီး ကလည်း ကောင်းကင်းမှာ ရွှန်းရွှန်းပပ သာလို့။ ထင်းရူးပင်းရဲ့ အကိုင်းအခက်တွေကို ထိုးဖေါက်ပြီး မြေပေါ်အထိ ဖြာကျနေတယ်။ ညနက်လာတာနဲ့အမျှ တရိပ်ရိပ်တိုးလာတဲ့ အအေးဓါတ်ကိုလည်း မီးပုံ နှစ်ခုဆီက ထိုးတက်လာတဲ့ မီးလျှံဝါ၀ါတွေက အကာအကွယ်ပေးလို့ နေပါတယ်။
၁၂ နာရီနီးတော့ အားလုံး ငြိမ်ပြီး အက်ဖ်အမ် ရေဒီယိုလေးကနေ count down ကြေငြာတာကို နားထောင်ရင်း လိုက်အော်ကြတယ်။
” Ten, Nine, Eight, Seven, Six, Five, Four, Three, Two, One ......"
" Happy New Year"
တယောက်နဲ့ တယောက် ပြုံးရွှင်စွာ လက်ဆွဲ နှုတ်ဆက်ကြ၊ ဆုမွန်တွေ ချွေကြ၊ အိပ်ရေးပျက်ခဲ့ပေမဲ့ ပျော်စရာညကလေးတညက ၀ိတိုရိယခရီးစဉ်ကို ပြီးပြည့်စုံစေခဲ့ပါတယ်...။မိုးစက်ပွင့်
စူးနွယ် Q အားလုံး ဖြေပေးလိုက်ပြီနော်။ phyo ပုံတွေ အများကြီး၊ ထည့်ထားတယ်နော် :-) ထင်းရူးတော့ သိပ်မရိုက်ဖြစ်ခဲ့ဘူး။ တောင်တက်တဲ့အကြောင်းပြီးသွားပေမဲ့ နောင်အချိန်ရရင် အပိုင်း(၃) ဆက်ပါဦးမယ် :-))))
နေရောင်ဖြာကျနေတဲ့ဘန်ဂလိုလေးရယ် သစ်ပင်တွေကြားကနေလုံးထွက်လာတဲ့
ReplyDeleteပုံတွေလှတယ်..။ ပုံ ၇ နဲ့ ၈ ကိုတကယ်ကြိုက်တယ် ထင်းရူးပင်အကြီးကြီးနဲ့ ပြီးအောက်ပုံက တောင်ဇလပ်တွေ..။ အားကျတယ်ဗျာ... အပေါ်ထိကားရောက်တယ်ဆိုတော့ လူကြီးတွေလည်းတက်လို့ရတာပေါ့.. ကောင်းပါတယ်..။ တစ်နေ့တော့ သွားဖြစ်အောင်သွားဦးမယ်ဗျ..။
အားလုံးမှတ်သားသွားတယ် မိုးစက်ရေ...
ReplyDeleteညမအိပ်ရတော့ပိုကြိုက်တယ်... တချို့တွေဆီမှာ ရွက်ဖျင်တဲတွေနဲ့အိပ်ကြတာ မြင်ဖူးလို့ အဲလိုလားလို့ထင်နေတာ... နှစ်ယောက်တည်းတက်ရင်ရော လူသိပ်မပြတ်လောက်ပါဘူးထင်တယ်နော်...
ရှု့ခင်းလေးတွေလှလိုက်တာ
ReplyDeleteနောက်တခါကြုံခဲ့ရင် သွားချင်တယ်။
ReplyDeleteအပိုင်းသုံးမျှော်နေမယ်နော်။
ReplyDeleteအိုင်အိုရာ