မောင်လေးရေ .....
ထပါတော့.......
ရောင်နီ လာမှပေါ့......
အဆိုတော် တင်တင်မြရဲ့ ကရုဏာသံအပြည့်နဲ့ ဆိုထားတဲ့ (တကျော့နှစ်ကျော့ တေးကိုသီ) သီချင်းလေးကို ကြားတိုင်း ကိုယ့်နေရာကို ၀င်ဆိုနေသလို ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ ကျမမှာ တစ်ဦးတည်းသော မောင်လေး တယောက် ရှိနေလို့ပါဘဲ။ သူငယ်ငယ်ကလည်း အိပ်ယာထ ပျင်းရှာသူကလေးပါ။ ငယ်ငယ်က ကျောင်းသွားဖို့ကို ချိုချိုသာသာ နှိုးရာကနေ။ လေသံမာမာ၊ နောက်ဆုံး ဆွဲထူ ကိုင်လှူပ်ပြီးနှိုးရတဲ့အထိ သူက အအိပ်မက်ပါတယ်။
အဲဒီမောင်ကလေး မွေးကာစက အလိုလို “တဦးတည်းသော သမီး” ရာထူးလျှောသွားတဲ့ သုံးနှစ်သမီး ကျမက တော်တော်လေး မနာလို ဖြစ်နေခဲ့ဖူးသည်တဲ့။ ဒါနဲ့ဘဲ လူကြီးတွေရဲ့ attention ရအောင် တရှုံ့ရှူံ့ ငိုနေတတ်လို့ အမေက “ သမီး ၊ ခဏခဏ ငိုရင် ပါးရေတွန့်ပြီး မျက်နှာကြီး ရုပ်ဆိုးတတ်တယ်” လို့ ပြောမှ တိတ်ခဲ့တာတဲ့ ။ နောက်တာ့ အရုပ်သစ် ကလေးတခုရသလို သူ့ကို တချီချီ တပွေ့ပွေ့နဲ့ ပျော်နေခဲ့ပြန်သည်။ ဒါပေမဲ့ သူ့အပေါ် ကျမ ဆိုးခဲ့ တာတွေ ရှိပါသေးသည်။ သူ့မျက်တောင် ရှည်ရှည် ကော့ကော့တွေကို “မျက်စေ့ရှုပ်တယ်” ဆိုပြီး ညှပ်ပစ်လိုက်လို့ တုံးတိတိ ဖြစ်သွားပြီး၊ မျက်တောင် အသစ် ပြန်ထွက်လာတော့ မကော့တော့ဘဲ စင်းစင်းကြီးတွေ ဖြစ်နေခဲ့တယ်လို့ အမေက ပြန်ပြောပြလေသည်။
သူလေးနှစ်၊ ကိုယ် ခုနှစ်နှစ် လောက်ကစပြီး ကျမ ဆယ်နှစ်၊ ဆဲ့တစ်နှစ်လောက်အထိ တူတူဆော့ပါတယ်။ ကစားပွဲတွေမှာ ကျမက ဦးဆောင်သူဖြစ်လေတော့ သူက မိန်းကလေး ကစားနည်းတွေ လိုက်ဆော့ရ ပါတယ်။ ကျမတို့ သူငယ်ချင်းတသိုက် ကတိုင်းခုန်တိုင်း ဆော့ရင်ဖြစ်ဖြစ်၊ ဈေးရောင်းတမ်းကစားရင်ဖြစ်ဖြစ် သူ ပါပါတယ်။ ကျမက ဆရာဝန်လုပ်ရင် သူက လူနာလုပ်ရပြီး ၀ါးတံချွန်ချွန်လေးနဲ့ ဆေးထိုးခံရတယ်။ အမေ့စကပ်ဖ် ခေါင်းစည်းပုဝါတွေစည်းပြီး အလှပြင်ပေးရင်လည်း (အတူဆော့ချင်လွန်းလို့) သူက ခံပါတယ်။ ခေါ်လိုက်ရင် မိန်းကလေးလို ”ရှင်” ထူးခိုင်းပါတယ်။ စကားကို “ညည်း” “ကျူပ်” နဲ့ ပြောခဲ့ပါတယ်။ (တော်သေးတာပေါ့ ...... ကျမကြောင့် သူ ဂေး ဖြစ် မသွားခဲ့တာ) နောက်ပိုင်းကျတော့ သူနဲ့ ညီအကို တော်ချင်လာပြန်တဲ့ ကျမက “ကျွန်တော်” “ခင်ဗျား” နဲ့ သူ့ကို ပြောပြန် ပါတယ်။ တယောက်နဲ့တယောက် “ဟိတ်ကောင် .....ရေ” လို့ ခေါ်ကြပါသေးတယ်။ အသက် တဆဲ့လေး၊ငါးနှစ်လောက်ရောက်မှ “မောင်လေး” “မမကြီး” ဆိုပြီး ပုံမှန် ပြန်ဖြစ်သွားပါတယ်။ ကျမတို့က အဲဒီလို ခွတီးခွကျ မောင်နှမပါ။