Wednesday, 30 September 2009

လှတဲ့မြေ


Terraced field near Manipur river (Tedim)

Terraced field near Manipur river (Tedim)

Misty land and grazing horses (Hakha)


မြူနှင်းဝေေ၀ ဂျာမန်မြေ (၃)

ထုံးစံအတိုင်း သဘောကောင်းတဲ့ ဂျာမန်မလေး ရက်ဂီနာက ရထားလက်မှတ်ဝယ်ပေးပါတယ်။ ကျွန်မ သွားမဲ့ ခရီးစဉ်ရဲ့ အခြေအနေအရ ဈေးကြီးတဲ့ ရထား ICE- Intercity Express ကိုစီးရမယ်တဲ့။ ကျွန်မ ခပ်အအမှန်းသိလို့ထင်တယ်။ သူက ဘူတာရုံအထိလိုက်ပို့ပြီး ရထားစင်္ကြန်ပါ ရှာပေးသွားတယ်။ ဂျာမန်လို စင်္ကြန်ကို Glais ဂလိုက်ဇ် လို့ခေါ်ပါတယ်။ Glais 1,2,3 စသဖြင့် ရှာရတာပေါ့။ မယ်မင်းကြီးမ ကျေးဇူးကြီးလှပါရဲ့။ အသွားတစ်ကြောင်းကို ၇၃ယူရို ( ဒေါ်လာ ၁၀၀နီးပါး) ဆိုတော့ ဘုရားတ မိပါတယ်။ စီးရတာတော့ သက်တောင့်သက်သာရှိလှပါတယ်။ အမြန်နှုန်း ၁နာရီ ၁၂၅ကီလိုမီတာနဲ့မောင်းတာတောင် ငြိမ်လို့။ အော် အမြန်နှုန်းကို ရထားတွဲထဲက digital screen မှာပြထားတယ်လေ။ ဂျာမန်ရထားတွေအကြောင်းတော့ ဒီမှာ ဖတ်လို့ရပါတယ်။ ကျွန်မက အအေးဒဏ်ကာကွယ်ဖို့ သယ်လာတဲ့ အနွေးထည်တွေရော အိမ်ပြန်လက်ဆောင်တွေ ကြုံတိုင်းဝယ်တာရော အထုပ်တွေက လေးလံလှပါတယ်။ ရထားကလဲ နှစ်ဆင့်ပြောင်းစီးရသေးတယ်။ အအေးဒဏ်ကြောင့် နှာရည်ကလည်း တစ်ရွှဲရွှဲကျနေတာဆိုတော့ ရထားစင်္ကြန်ပြောင်းလို့ အထုပ်ဆွဲပြီး ခြေကျင်လျှောက်ရချိန်မှာ အထုပ်ချလိုက် နှပ်သုတ်လိုက် အထုပ်ပြန်ဆွဲလိုက်နဲ့ ဟမ်မယ်မင်းလို့သာ ဟစ်ငိုလိုက်ချင်တော့တယ်။ ရွှေပြည်ကြီးမှာသာဆို ငွေစက္ကူတစ်ချပ်နှစ်ချပ်ထုတ်ပြီး အလုပ်သမားကို သယ်ခိုင်းလို့ ရသေးရဲ့။ ခလုပ်ထိမှ အမိတ ဆိုထင့်။ စုစုပေါင်း ၅နာရီလောက်စီးပြီးမှ သူငယ်ချင်းလာကြိုတဲ့ ဘူတာကို ရောက်ပါတယ်။ သူတို့ စုံတွဲကို မြင်လိုက်ရတော့ ပျော်လိုက်တာ။ သူတို့ ကားလေးက ကိုယ်ကြိုက်တဲ့ ဖက်ဖူးစိမ်းရောင် ၀က်ဂွန်လေး။ အေးချက်ကတော့ အလွန်ပါပဲ။ ၅ ဒီဂရီဆိုလားမသိ။ ကားရပ်ထားတုန်းကျနေတဲ့ မှန်ပေါ်ကနှင်းခဲတွေတောင် နှင်းခြစ်တံနဲ့ခြစ်ပစ်ရသေးတယ်။ ဒုက္ခပါလားကွယ်။

သူငယ်ချင်းအိမ်ခန်းထဲရောက်မှ နွေးထွေးသွားတော့တယ်။ Heater ဖွင့်ထားတာကိုး။ အာကာသ၀တ်စုံလောက်ထူတဲ့ အကျီင်္အထပ်ထပ်ကို ချွတ်လိုက်တော့မှ ပေါ့ပါးသွားတော့တယ်။ မမ ရှင်လေးက နေ့လည်စာဟင်းအမြန်ချက်ပါတယ်။ သူကကျွမ်းကျင်သူဆိုတော့ သိပ်မကြာပါ။ ကျွန်မက မချက်တတ်သူဆိုတော့ ဘေးကနေ အာလူးဖုတ် (တော်ကီပွား) ပါတယ်။ အံ့သြမိခဲ့တာ က အသားထုပ်တွေကို အိမ်အပြင်က ဘောင်တန်းလေးပေါ်တင်ထားရုံနဲ့ ရေခဲသေတ္တာ ထဲမှာထားသလို တောင့်ခဲ နေတာကိုပါ။ ဦးသောမတ်က အလိုက်တသိရှောင်ပေးတာနဲ့ ကိုယ်တို့နှစ်ယောက် ပြောလိုက်ကြတဲ့စကားဆိုတာ နောက်ထပ် နှစ်ရက်လုံးလုံး မနားတမ်းပဲပေါ့။



နောက်တစ်နေ့မနက်မှာ သူတို့မြို့ကလေးက ချစ်စရာကော်ဖီဆိုင်လေးကို လိုက်ပို့ပေးပါတယ်။ ဆိုင်လေးရဲ့ အဆင်အပြင်က ဗိသုကာဆန်ဆန်၊ ဆေးရောင်တွေကလည်း အ၀ါ၊ ခရမ်း၊ လိမ္မော်စပ်မို့ မျက်စေ့နွေး သွားပါတယ်။ ထိုင်ခုံလှလှတွေနဲ့။ ခဏနေတော့ အိမ်နီးချင်းမိတ်ဆွေ Fabianne (”ဖားပျံ”လို့ ဗမာလို နောက်ပြီး ခေါ်ကြတယ်) က စက်ဘီးလေးတွန်းလို့ ရောက်လာတယ်။ သူပြောပြတဲ့ ဂျာမနီက လတ်တလော ဆရာဝန်ဆန္ဒပြပွဲတွေအကြောင်း နားထောင်ခဲ့ရတယ်။


ပြီးတော့ စာဆိုရှင် ဂိုသဲ (Gothe ) ရဲ့ မွေးရပ်မြေ တောမကျ မြို့မကျ နေရာလေးကိုလည်း လိုက်ပို့သေးတယ်။ Gothe Institute ဆိုတာလည်း တွေ့ခဲ့တယ်။ ဆက်သွားတော့ ရေခဲဖုံးတောင်ပေါက Black Forest ဆိုတဲ့နေရာကိုရောက်ပါတယ်။ တကယ်တော့ white forest လို့ခေါ်သင့်တယ်လို့တွေးမိခဲ့ပါတယ်။ တောင်တစ်ဝက်လောက်အထိ ကားနဲ့တက်ခဲ့ပါတယ်။ ဓါတ်ပုံရိုက်ရင်း မမရှင်လေးက ခပ်ဝေးဝေးတစ်နေရာကို လှမ်းပြပါတယ်။ ခပ်ပျပျမြင်နေရတာက ဆွစ်ဇာလန်နဲ့ ပြင်သစ် နယ်စပ် တဲ့။


ကျွန်မက စာအုပ်တွေဖတ်ပြီး ပြင်သစ်မြို့တော် ပါရီကို သိပ်သွားချင်တာလေ..။ အလုပ်မအားတဲ့ မမရှင်လေးက အာသာပြေ ပြင်သစ်နယ်စပ်မြို့လေး ( Strausbouag့) ကို လိုက်ပို့ပေးခဲ့ပါတယ်။ ဦးသောမတ်စ်လဲ ပါတယ်။ အမှတ်တရ ဖြစ်ခဲ့တာကတော့ အေးလွန်းလို့ နှစ်ယောက်လုံး မူးလဲမတတ်ခံစားခဲ့ရတာ၊ အနွေးဓါတ်ရှိတဲ့ ဘူတာရုံထဲ ပြေးဝင်ခဲ့ရတာတွေပါပဲ။ ဘူတာနားက ကော်ဖီဆိုင်မှာ ပြုံးချိုတဲ့ ပြင်သစ်ဝိတ်တာလေးကို အမှတ်တရရှိခဲ့တယ်။ လူတွေ stereotype လုပ်ထားတဲ့ လူမျိုးစရိုက်အရဆိုရင် ပြင်သစ်က easy-going ၊ ဂျာမန်က serious and over-concious ဖြစ်ပါသတဲ့။ ဟုတ်မဟုတ်တော့သေချာမသိပေမဲ့ ဦးသောမတ်တစ်ယောက် သူ့ရထားလက်မှတ်ကို ၆ခါထက်မနည်း ထုတ်ထုတ်စစ်နေလို့ သူငယ်ချင်းနှစ်ယောက် ဗမာလို အတင်းပြောပြီး ရယ်ခဲ့ကြရသေးတယ်...လေ။


ဂျာမနီမှာ ဖိလစ်ပိုင်သူ တော်တော်များများတွေ့ရတယ်။ အများစုက လာလုပ်ကြတာပါ။ နေထိုင်ခွင့်အဆင်ပြေအောင် ဂျာမန်တွေနဲ့ (အမည်ခံဖြစ်ဖြစ်) လက်ထပ်လိုကြပါသတဲ့။ နောက်တစ်ခု အမှတ်ရမိတာက သတင်းစာထဲက ဖူးစာရေးကြော်ငြာတွေပါ။ ကိုယ်ကမဖတ်တတ်တော့ မမရှင်လေးက ဖတ်ပြီး ဘာသာပြန်ပြတယ်လေ။ ကျွန်မက ဒိုင်ခံရယ်နေတာပေါ့။ အံမယ် ဘာတဲ့။ ရုပ်ရည်သင့်တင့်၊ အသက် ၄၅နှစ်ခန့်ရှိသော အိမ်ပိုင်ယာပိုင်ရှိအမျိုးသားက အသက် ၃၀ ကျော်၊ ရုပ်ရည်ကြည့်ကောင်းပြီး သီချင်းဆိုတတ်တဲ့ အမျိုးသမီး အလိုရှိပါတယ်တဲ့။ ဖုန်းနံပါတ်နဲ့ လိပ်စာက ဘာဘာညာညာ ပေါ့။ အသက်၆၀-၇၀ တစ်ကိုယ်တည်းသမားတွေလည်း ပါတယ်။ ယောက်ျားချင်း အဖေါ်ရှာတဲ့ ( Gay) တွေလည်း ကြော်ငြာထားတယ်။ ငါက ဟင်းချက်ကောင်းပါတယ်တဲ့။ ငါနဲ့ လက်တွဲမဲ့ ဖူးစာရှင်လေးကို မျှော်နေပါတယ် တဲ့။ အမျိုးသမီးတွေကတော့ နည်းပါတယ်။ ရှိတော့ရှိတယ်။ ကျွန်မကိုတောင် မမရှင်လေးက ကြော်ငြာ ထည့်သွားပါလား- တဲ့။


ဒီလိုနဲ့ ခွဲခွာရမယ့်အချိန်ကို ရောက်ခဲ့ပြီ။ ဘူတာရုံအထိ လိုက်ပို့ လက်ပြနှုတ်ဆက်ခဲ့တဲ့ ၀တ္တရားကျေလွန်းတဲ့ မမရှင်လေးနဲ့ ဦးသောမတ်ကို ကျေးဇူးတင်စွာ၊ ခင်မင်စွာနဲ့ လက်ပြခွဲခွာခဲ့ပါတယ်။ မြူးနစ်-ဘန်ကောက်-ရန်ကုန် ဆက်ပြီး ခရီးနှင်ရဦးမယ်လေ။ သြော်- အလည်တစ်ခေါက် တို့တွေရောက်ခဲ့ လွမ်းလောက်ပါတဲ့ဂျာမနီရယ် ....လို့။



မိုးစက်ပွင့်

မြူနှင်းဝေေ၀ ဂျာမန်မြေ (၂)


စနေ၊တနင်္ဂနွေမှာတော့ ရထားစီးပြီး မြို့ထဲထွက်လည်ကြပါသေးတယ်။ S-Bahn လို့ခေါ်တဲ့ မြို့ပါတ်ရထားတွေက အဆင်ပြေချောမွေ့စွာပြေးဆွဲနေကြပါတယ်။ သင်တန်းရဲ့ Coordinator ဂျာမန်လေးက Peter တဲ့။ သူက သိပ်ကူညီတတ်တယ်။ ယူရိုငွေလဲတာ၊ ဖုန်းကတ်ဝယ်တာ၊ ရထားစီးလက်မှတ်၊ မြေပုံ အားလုံးကို လိုလေသေးမရှိကူညီဆောင်ရွက်ပေးပါတယ်။ နောက် Ragina ရက်ဂီနာဆိုတဲ့ အချိန်ပိုင်း Assistant လုပ်နေတဲ့ ဂျာမန်မလေးကလည်း မျက်နှာချိုချိုနဲ့ ကူညီတတ်သူပါ။ နောက်မှသိရတာက သူက ဂျာမန်တက္ကသိုလ်တစ်ခုက PhD Candidate တစ်ယောက်ပါတဲ့။ သူတို့နဲ့တွေ့မှ Service ပေးတယ်ဆိုတဲ့စကားကို ပိုနားလည်လာခဲ့တယ်။ ကျွန်မက ဂျာမန်ဆိုရင် ရှုတည်တည်ကြီးတွေလို့ ဟစ်တလာတို့ စစ်ကားတို့ကြည့်ပြီး Stereotyping လုပ်ထားသူမို့ အရမ်းအံ့အားသင့်ခဲ့မိပါတယ်။ ကြာကြာမနေခဲ့ရလို့ မမရှင်လေးပြောပြတဲ့ သူများကို အထင်သေးတတ်တဲ့ ဂျာမန်လူဇိုးတွေနဲ့ တွေ့ခွင့်မကြုံခဲ့ပါဘူး။

အမှတ်မရှိ
Stereotyping လုပ်ရမယ်ဆိုရင် ဂျာမန်တွေရဲ့တိကျမှူကို သင်တန်းမှာမြင်တွေ့ခဲ့ရပါတယ်။ ဆင့်ပွားသင်တန်းပေးတဲ့အခါ ပြောရမယ့်စကားတစ်ဆင့်ချင်းနဲ့ ကြာချိန်၊ ကုန်မယ့်စာရွက်အရေအတွက်၊ သုံးသင့်တဲ့ Marker Pen မာကာပင်အမျိုးအစားနဲ့ မာကာပင့်ရဲ့ နစ်ထိပ်ဖျားအကျယ် ကို ဓါတ်ပုံနဲ့တစ်ကွ သတ်မှတ်ပေးလာပါတယ်။ ကျွန်မလဲ တတ်နိုင်သလောက်တော့ လိုက်နာခဲ့ပါတယ်။ အရာရာတိုင်း ရွှေပြည်ကြီးမှာ ရှာမရတာကတော့ တတ်နိုင်ဘူးကွယ်လေ့

အားလပ်ရက်တစ်ရက်မှာ ဘာဘေးရီးယားပြည်နယ်ရဲ့ မြို့တော်လဲဖြစ် ယဉ်ကျေးမှူအနုလက်ရာစုံတဲ့ မြူးနစ်မြို့တစ်ခွင် လည်ပတ်ခဲ့ပါသေးတယ်။ မြို့ထဲမှာ လှပတဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အဦတွေကို လက်ညှိုးထိုးမလွဲ မြင်တွေ့နိုင်တာမို့ မျက်စေ့ပသာဒ ရှိလှပါတယ်။ ကျွန်မရောက်ခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းကြီးရဲ့အ၀င်ဝ တံခါးဘောင်နဲ့ အပေါ်ဖက်တွေမှာ တမန်တော်တွေရဲ့ ရုပ်ထုအမျိုးမျိုးကို မြင်တွေ့ရသလို အတွင်းပိုင်းမှာလည်း ခရစ်တော်နဲ့ မယ်တော်တို့ရဲ့ ရုပ်ထုတွေက အသက်ဝင် လက်ရာမြောက်လှပါပေရဲ့။ နံရံဟိုးမြင့်မြင့်က အပြာကဲတဲ့ ရောင်စုံဖန်သားချပ်တွေကို ဖေါက်ဝင်လာတဲ့ အလင်းရောင်ကြောင့် ဘုရားကျောင်းထဲမှာ အလင်းဖျော့ဖျော့ ရှိနေတယ်။ ၀တ်ပြုဆုတောင်းသူ တစ်ချို့ကိုလည်းတွေ့ရတယ်။ တိုးရစ်အများအပြား ၀င်ထွက်နေပေမယ့် ဘုရားရိပ်တရားရိပ်နဲ့ တိတ်ဆိတ်ငြိမ်းချမ်းလို့နေတယ်။ ဘုရားကျောင်းပြင်ပမှာတော့ အမှတ်တရလက်ဆောင် ပစ္စည်းဆိုင်ကလေးတွေက အစီအရီပေါ့။

မြူးနစ်မြို့က ဘီယာနဲ့လည်း နံမည်ကြီးပါတယ်။ နိုင်ငံတကာ ဘီယာပွဲတော်တောင် နှစ်စဉ် ကျင်းပတာပဲလေ။ ဟပ်ဘင်ဟော့ဖ် ( Hupbenhorb?) ဘူတာရုံက ဘီယာဆိုင်ကို ရောက်ခဲ့ပါတယ်။ ဘူတာရုံရော ဘီယာဆိုင်ရော နှစ်ပေါင်းရာကျော်နေပြီမို့ သမိုင်းဝင်တွေလို့ပြောရမှာပါ။ သူတို့က လုပ်ငန်းနှစ်ရှည်တာ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်တာကို ဂုဏ်ယူလေ့ရှိတယ်။ since 1883, 1904 စသဖြင့် ဆိုင်ဝမှာ တစ်ခုတ်တစ်ရရေးကြ ဖေါ်ပြကြတယ်။ အဲဒီ ခပ်မှောင်မှောင်ဆိုင်ထဲမှာစားသောက်နေကြတာ လူ ၂၀၀ထက်မနည်းဘူး။ ၀ိတ်တာတွေကလည်း သွက်လက်ဖျတ်လတ်လိုက်တာ လက်တစ်ဖက်စီမှာ ဘီယာအပြည့်ခွက်ကြီး ၆ခွက်လောက်ကိုင်ပြီး serve လုပ်နေကြတယ်။ Corner တစ်ခုမှာလည်း ဘူတာရုံတံဆိပ်နဲ့ ဦးထုပ် တီရှပ်အပါအ၀င် အမှတ်တရပစ္စည်းဆိုင်လေးရှိတယ်။ ကျွန်မကတော့ ဈေးအသက်သာဆုံး HB ဆိုတဲ့တံဆိပ်နဲ့ရင်ထိုးသေးသေးလေးပဲ ၀ယ်ခဲ့တယ်။ ခဏနေတော့ ဆိုင်အလည်က တီးဝိုင်းစင်မြင့်မှာ ငွေရောင်ဆံပင်နဲ့ အဖိုးကြီးလေးငါးယောက် တီးမှူတ်ဖျော်ဖြေကြတော့တယ်။ ရှေးဂီတထင်ပါရဲ့။ နောက်သိခဲ့ရတာတစ်ခုက ပုံမှန်ဖေါက်သည်တွေက ကိုယ့်ဘီယာခွက်ကိုကိုယ် Register လုပ်ပြီး ဆိုင်ရဲ့ Locker ထဲမှာသိမ်းထားခဲ့သတဲ့။ ရောဂါကာကွယ်တာတော့ဟုတ်ဟန်မတူပါ။ HB ဆိုင်ရဲ့ regular customer အဖြစ် ဂုဏ်ယူကြတာလို့ထင်ပါတယ်။

ကျွန်မတို့ မြို့ထဲလည်တဲ့နေ့က အေစီမီလန်နဲ့ ဘေယန်မြူးနစ်ကစားကြမှာတဲ့။ လက်မှတ်ခက အသက်သာဆုံးတောင် ယူရို၅၀ ဆိုတော့ ... တာ့တာ ပေါ့နော်။ ခုံမဲ့ မတ်တတ်ရပ်ရင် ၃၅ ယူရို ဆိုလား...ဟုတ်မဟုတ်မသိပါ။ အရပ် ကလန်ကလားနဲ့ ယူဂန်ဒါနိုင်ငံသား သူငယ်ချင်း အန်တိုနီက ငါတို့တစ်ဖွဲ့လုံး နင့်ကိုတစ်လှည့်စီထမ်းပြီး ရပ်ကြည့်ကြမယ်လို့ အရပ်ပုတဲ့ကျွန်မကို နောက်နေသေးတယ်။

ရှေးတုန်းက ဘုရင်ခေါ်မလား နယ်စားခေါ်မလား ရဲ့ ပြတိုက်နဲ့ သူ့ဘ၀အကြောင်း မှတ်တမ်းတင်ရုပ်ရှင်ကြည့်ခဲ့တာ၊ သူကိုယ်သူသတ်သေခဲ့တဲ့ရေကန်ကြီးကို အလည်ရောက်ခဲ့တာတွေကို အခုတော့ ပြန်ရေးဖို့တောင် သေချာမမှတ်မိတော့ပါဘူး။

ဒီလိုနဲ့ ပျော်ရွှင်စရာ သင်တန်းလေး ပြီးဆုံးသွားခဲ့တော့ ၀မ်းသာ ၀မ်းနည်းမှူများစွာနဲ့ပေါ့။ သင်တန်းဆင်း လက်မှတ်တွေကို အပြန်အလှန်ပေးကြရင်း နှူတ်ဆက်စကားဆိုကြတယ်။ နှူတ်ဆက်ပွဲမှာ ကိုလံဘီယာသူလေးက ထူးထူးခြားခြားအကကောင်းလွန်းလို့ ချီးကျူးမိတယ်။ သူက နင့်ကိုသင်ပေးမယ်တဲ့။ သူသင်ပေးတဲ့အတိုင်းကကြည့်တော့ ခြေချော်လဲကျသွားပါလေရော။ အဲဒါကြောင့် ဖားတုပြီးခရုမခုန်သင့်ဘူး လို့ပြောခဲ့ကြတာဖြစ်မယ်။

အိမ်ပြန်ခရီးကိုတော့ နဂိုရ်ထဲက ကြံရွယ်စီစဉ်ထားတဲ့အတိုင်း ဖရိုင်းဘုတ်မြို့ အနီးက ဘက်ခရိုဇင်ဂျန်မှာနေတဲ့ သူငယ်ချင်း မမရှင်လေး ဆီကို သွားလည်ခဲ့ပါတယ်။ နောက်တစ်ပိုင်းကျမှ အသေးစိတ်ရေးပါမယ်နော်...၊


(ဆက်ရန်)

မိုးစက်ပွင့်

Monday, 28 September 2009

မြူနှင်းဝေေ၀ ဂျာမန်မြေ (၁)

ြဲမူးနစ်ဆို့တဲ့ အထင်ကရ ဂျာမန်မြို့လေးကို မထင်မှတ်ဘဲ ၂၀၀၅ နဲ့ ၂၀၀၆ မှာ နှစ်ကြိမ်ရောက်ခဲ့ပါတယ်။ မြို့တော်ဘာလင်ကိုတော့ မရောက်ခဲ့ပါဘူး။ ပထမတစ်ခေါက်က ပိုက်ဆံမရှိလို့။ ဒုတိယတစ်ခေါက်က သူငယ်ချင်းမမ အီးတီ ခေါ် မမရှင်လေး ရှိတဲ့ Bad Krozingen မြို့ကလေးကို သွားလည်ချင်လို့.....။


ပထမဆုံးအံ့သြမိတာက နှင်းပဲ။ ကိုယ့်မွေးရပ်မြေ မြစ်ဝကျွန်းပေါ်မှာက နှင်းဆိုလို့ ဆောင်းတွင်းမှာ မစို့မပို့ ဖွဲဖွဲလေးပဲကျတာလေ။ ရုပ်ရှင်ထဲမှာတော့ မြင်ဖူးတာပေါ့နော့။ နှင်းခဲလွင်ပြင် ဖြူဖြူကြီးကို အပြင်မှာ နဖူးတွေ့ဒူးတွေ့ တွေ့ရတာကတော့ ပထမဆုံးပါပဲ။ မြက်ပင်အဖျားက နှင်းစက်လောက်ပဲ မြင်ဖူးခဲ့တာမို့ ဖွေးဖွေးလှူပ်နေတဲ့ နှင်းခဲလွင်ပြင်ကြီးက ကျွန်မကို တစ်အံ့တစ်သြဖြစ်စေခဲ့တာပါ။ ကြည့်ပါဦး... လမ်းဘေး ၀ဲယာက နှင်းပင်လယ်ကြီး...။


အပူချိန်က ၈ဒီဂရီလောက် ရှိမယ်ထင်တယ်။ လေဆိပ်ကထွက်ကထဲက မျက်နှာကို အအေးဓါတ်က ဖြန်းကနဲလာရိုက်တာ။ တစ်ကိုယ်လုံးကတော့ ထူပိန်းနေအောင်ဝတ်ထားတာမို့ မထောင်းတာဘူးပေါ့။ သင်တန်းက လာကြိုတဲ့ကားကလေးက ကိုယ့်အမည် ဆိုင်းဘုတ်ကိုင်ထားတဲ့ ဂျာမန်ကားဆရာနောက်ကို လိုက်ပါခဲ့ပါတယ်။ လေဆိပ်ကနေ ၄၅မိနစ်လောက် မောင်းရတဲ့ Feldafine ဆိုတဲ့ တောပိုင်းမကျတကျနေရာကလေးမှာ InWEnt သင်တန်းကျောင်းလေးက အိနြေ္ဒရရလေးကြိုလို့။ ကျောင်းကလေးလဲ နှင်းခဲထဲမှာ တစ်ပိုင်းမြုပ်နေပေါ့။ သင်တန်းသားတစ်ယောက်ကို အခန်းတစ်ခန်း ပေးထားပါတယ်။ ဇိမ်ခံပစ္စည်း ဘာမှမရှိပေမဲ့ ရေပူရေအေး ရေချိုးခန်းနဲ့ အိပ်ယာခင်းဖြူဖြူ စာကြည့်စားပွဲလေးနဲ့ နေချင်စဖွယ်လေးပါပဲ။ မှန်ပြူတင်းက လှမ်းကြည့်ရင်တော့ နှင်းဖြူဖြူတွေပဲမြင်ရတာ လွမ်းချင်စရာကြီး။


သင်တန်းက ဘူဖေး တစ်နေ့သုံးကြိမ်ကျွေးပါတယ်။ ဥရောပ အစားအစာပဲများပါတယ်။ စားဖိုမှူးတွေက ဂျာမနီမှာ ဒုတိယ အများဆုံးဖြစ်တဲ့ တူရကီလူမျိုးတွေ။ သင်တန်းသားတော်တော်များများက အာဖရိကတိုက်သားတွေ။ ကျွန်မတို့နဲ့ရုပ်ချင်းဆင်တဲ့ အရှေ့တောင်အာရှသားတွေတော့ အနည်းအကျဉ်းပါတယ်။


Training Method က မကြုံစဖူး ကောင်းလွန်းလှပါတယ်။ ကလေးတွေလို လက်ချာပေးတာမဟုတ်ဘဲ တစ်ယောက်တစ်လှည့် ဆွေးနွေးရတာပါ။ သင်တန်းဆရာမ Facilitator နှစ်ယောက်လုံးက ဂျာမန်တက္ကသိုလ်က ပရော်ဖက်ဆာတွေပါ။ အသက် ၄၀ကျော်လောက်ဘဲ ရှိဦးမယ်။ သင်ရိုးက ပုံသေမဟုတ်ဘဲ သင်တန်းသားတွေရဲ့ feedback နဲ့ evaluation ပေါ်မှာ နောက်တစ်နေ့ သင်ရိုးကို အတိုးအလျော့ပြင်တာ ဆိုတော့ သူတို့ တော်တော်ပင်ပန်းကြပါတယ်။ ညညဆို ၁၂နာရီ နာရီပြန်တစ်ချက်အထိမအိပ်ကြဘူး။ ရေးကြ၊ ကပ်ကြ၊ ညှပ်ကြနဲ့။ ဗမာဇာတိကပြလာတော့ ကိုယ့်သင်တန်းဆရာမတွေက ပင်ပန်းနေချိန်မှာ ကိုယ်ကအနားယူနေရတာ စိတ်မသန့်ဘူး။ ဘာကူရမလဲလို့ သွားသွားမေးမိတယ်။ သူတို့က အဲဒီလို မေးတာမျိုးကို မကြုံဘူးလို့ အထူးအဆန်းလို့များ ထင်နေမလားတော့မသိဘူး။ ရပါတယ်နေပါစေဘဲ ပြောလွှတ်တယ်။ သင်တန်းမှာ power point သိပ်မသုံးပါဘူး။ flip chart နဲ့ color card သုံးများတယ်။ Handout တွေ ဝေတယ်။ ဆွေးနွေးချက်တွေကို ကပ်ပြားလေးတွေပေါ်ချရေးခိုင်းတယ်။ ပြီးတော့မှ တူရာစုပြီး ဘုတ်ပြားပေါ်မှာ ပင်နဲ့ထိုးစိုက်တယ်။ ကတ်ပြားကို ပင်အပ်နဲ့စိုက်တဲ့နည်းက ဖြစ်ပြီး တူရာစုဖို့၊ ဖြန့်ဖို၊ ဖြုတ်ဖို့ အလွယ်တကူဖြစ်စေတယ်။ သင်တန်းသားအားလုံး တစ်ပြိုင်နက်တည်း ရေးရတာမို့ အချိန်ကုန်သက်သာတယ်။ Group work presentation များများလုပ်တယ်။ flip chart နဲ့ ရေးပြီး နံရံမှာ ကပ်ပေးထားတဲ့အတွက် ဆွေးနွေးပြီးသမျှကို ပြန်သတိရဖို့နဲ့ ဓါတ်ပုံရိုက်မှတ်တမ်းတင်ဖို့ လွယ်ကူစေတယ်။ ( ဆရာမတွေကို ချီးကျူးတာကတော့ သင်တန်းအပြီးမှာ စာမျက်နှာ ၁၀၀ကျော်တဲ့ report တန်းထွက်ပါတယ်။ တစ်ချို့လဲ ကြိုပြင်ထားပုံရပါတယ်) သင်တန်းကရတဲ့ အကြောင်းအရာကိုဘေးဖယ်ထားဦး၊ သင်တန်းနည်းစံနစ်နဲ့တင် တော်တော် အသုံးဝင်လှပါတယ်။ နိုင်ငံပေါင်း ၂၃နိုင်ငံကလာတဲ့ မိတ်ဆွေတွေနဲ့ ချစ်ချစ်ခင်ခင် ဆွေးနွေးလုပ်ဆောင်ခွင့် ရခဲ့တဲ့ အတွက်လည်း စိတ်ကျေနပ်ူပျော်ရွှင်ခဲ့ရပါတယ်။ အသက်အရွယ်၊ အသားရောင်၊ လူမျိုးတွေ ဘယ်လိုပဲကွာခြားပါစေ သင်တန်းခန်းမထဲမှာတော့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားတဲ့ ညီရင်းအစ်ကို မောင်ရင်းနှမတွေပဲ မဟုတ်ပါလား ရှင်....


(ဆက်ရန်)



မိုးစက်ပွင့်

ကာလာဘလိုင်းစစ်ကြမယ်

မကိကိရဲ့ဘလော့က ကြိုက်လွန်းလို့သယ်လာတာပါ...သယ်ရင်းတို့ ကိုယ့်ကိုယ်ကို စစ်ကြည့် ကြပါဦးနော်- တို့ကတော့ စစ်ပြီးပြီ ...... အိုင်းပါဝါက အမှန်အကန်ပဲ- ခွိ။

အရောင်တွေ ၊အရောင်တွေ မျိုးစုံ ရောနေ ၊ရှုပ်နေကြတဲ့  လောကကြီး ။တချို့ လည်း အရောင်စပ်တတ်တော့ ပိုလှသွားကြတယ် ။ ပိုလို့ ကြည့်ကောင်းသွားကြတယ် ၊မျက်စိ အေးတယ် ။ စိတ်ကြည်သွားတယ် ။မလိုက်ဖက်တဲ့  အရောင်တွေ အတူ စပ်မိတော့လည်း မျက်စိနောက်ကြရတယ်။တချို့ လူတွေမှာ အရောင်စပ်ထားတာကို ကြည့်ရင် အမြင်တွေ ဝါးသွား၊ မှားသွားတတ်ကြတယ် လေ။ဒီတော့ ဒီအရောင်တွေကို မမြင်တဲ့ အကြောင်း ပြောချင်လာတယ်ပေါ့ ။(လာမဲ့  ၂၀၁၀ မေလအတွက် သင့်တော်မဲ့ အရောင်တွေရွေးချယ်တတ်ဖို့  အရေးကြီးနေပြီ ။ကာလာမက်ရှ် မဖြစ်ရင်တော့ ရွှေနိုင်ငံကြီး အမဲရောင်ဖုံးလွှမ်းလို့  ရွှေရောင်လည်း ဆက်မသန်းနိုင် ဖြစ်ရတော့မယ် )

Color blind လို့ လူတွေက ပြောနေသိနေကြတာ မြန်မာလို ပြန်လိုက်ရင် အရောင်ကွဲပြားမမြင်ရခြင်း လို့ ပဲခေါ်ရမလား ၊ တိုက်ရိုက်ဘာသာပြန်တော့ အရောင်ကန်းမှု လို့ ပဲခေါ်ရမလား နဲ့  ရှုပ်နေတာမို့  အလွယ်တကူ ကာလာဘလိုင်း လို့ သာရေးလိုက်ပါတယ် ။ ဘလိုင်း ဆိုတဲ့ စကားလုံး ကို အားလုံး အလွယ်တကူပြောနေ ကြတာဘဲလေ ။ စိုင်းထီးဆိုင် ပြီးတော့ ဘလိုင်းထီးဆိုင် ဆိုတာတောင် နာမယ်ထွက်ခဲ့သေးတာ ။ လူငယ် တွေကြားထဲ မလည်း " ဟာ.မင်းက ဘလိုင်းကြီးပါလား "တို့  ။ "ဘလိုင်းကြီးဝင်ကော သွားတယ်တို့ " ပြောနေကြတာ ။ ဒီတော့ ကာလာဘလိုင်းလည်း ဒီအတိုင်း ခေါ်လိုက်တယ်။

ကာလာဘလိုင်း ဆိုတာ ရောဂါတမျိုးရယ် တော့မဟုတ်ပါဘူး ။ မျိုးရိုးဗီဇ နဲ့ ပတ်သက်တဲ့ genetic nature ချို့ယွင်းချက် တခုကြောင့် မွေးရာပါ ဖြစ်နေခဲ့တဲ့  မျက်စိရဲ့ အရောင် အမြင် ချို့ တဲ့ခြင်း ပါ ။ X-Chromosome mutation ပေါ့။ အမျိုးသားတွေမှာX-chromosome တခု သာ ပါလို့  သူ့X မှာ ချို့ ယွင်း ချက်ရှိတာနဲ့ ကာလာဘလိုင်းဖြစ်တာ ၅-၈ % ရှိတယ် ။ အမျိုးသမီးတွေကျတော့ XX ဆိုပြီး ၂ ခုပါလို့  X တခု ချို့ ယွင်းရုံနဲ့ ကာလာ ဘလိုင်း မဖြစ်သေးပါ ။ ဒါကြောင့် ဖြစ်နိုင်ခြေ က ၁ % ပဲ ရှိတယ် ၊ ဒါပေမဲ့ တချို့ သူတွေ မှာတော့ မွေးရာပါ မဟုတ်ပဲ မျက်စိရောဂါ တမျိုး၊ မျက်ကြည်လွှာ မှာ ရှိတဲ့  ကတော့ပုံပစ္စည်း( cone )၊ အချောင်းပုံ( rod) တို့ မှာ ချို့ ယွင်းမှု ကြောင့် ၊ဒါမှ မဟုတ် ဦးနှောက် အာရုံကြော တခုခု ပျက်စီးမှု ကြောင့် ၊ ဆီးချို ရောဂါ အခံကြောင့်၊ အသက်အရွယ် အိုမင်းမှုကြောင့် ကာလာဘလိုင်း ဖြစ်လာရပါတယ် ၊ တချို့ ကြတော့ ဓါတုဓါတ်ပစ္စည်း တမျိုးမျိုး ကို ကိုင်တွယ်ထိတွေ့ မှုကြာလာလို့  ဖြစ်သွားတတ် ကြတယ် ၊။ တခါတလေမှာလည်း Migraine ခေါ် ပြင်းထန်စွာ ခေါင်းကိုက်ခြင်းရောဂါ တမျိုး မှာ ခဏတဖြုတ် ကာလာဘလိုင်း( transient color blind ) ဖြစ်သွားတတ်ပါတယ် ။

Total color blind ကို ဆေးပညာ အရ Monochromacy လို့ခေါ်တယ် ။သူ့မှာ အရောင် ၂မျိုး မှ ၃ မျိုး ပျောက်နေတတ်ပါတယ်။

နောက်ပိုပြင်းထန်တာ ကတော့ Dicromacy ပါ ။ သူ့ မှာ အရောင် မမြင်ရတာကို လိုက်ပြီး နောက်ထပ် ၃ မျိုး ခွဲထား ပါသေးတယ် ။

-Protanopia(အနီရောင်လက်ခံတဲ့ ကတော့ပုံ ချို့ တဲ့မှုကြောင့် အနီရောင် လုံးဝ မမြင်ရပါ)

-Deuteropnia (အစိမ်း အနီချို့ တဲ့နေလို့  သက်တန့် ရောင်မှာ သူ့အတွက် ဝါ ၊မီးခိုး၊ ညို ၊ ပြာ တို့သာ ရှိပါတယ်)

-Tritanopia(ရှားပါတယ် ၊ အပြာလက်ခံတဲ့  ကတော့ပုံလုံးဝ မပါတဲ့အတွက် အစိမ်းဆိုတာလည်း သူ့ အတွက် မရှိတော့ပါ )

အသေး စိတ်သိလိုပါက ဒီနေရာလေး သို့ သွား၍ ဆက်လက်လေ့လာနိုင်ပါတယ်။

သူ့ ကို ဘာလို့ စစ်ကြတာလည်းဆိုတော့ တချို့  အလုပ်အကိုင်တွေမှာ အနှောက်အယှက် ၊ အန္တရာယ်ဖြစ် စေတတ်လို့ ပါဘဲ ။ နိုင်ငံတော်တော်များများ မှာတော့ ယာဉ်မောင်းလိုင်စင်ဖြေရင် မဖြစ်မနေစစ်ရတယ် ။ လေယာဉ်မောင်းတဲ့ ပိုင်းလော့လုပ်မဲ့ သူ ဟာ ကာလာဘလိုင်း ဖြစ်လို့ မရပါဘူး ။ မီးအစိမ်း၊ အနီ ရောင်တွေ မကွဲပြားသူ ဟာ ပိုင်းလော့ မလုပ်နိုင်ပါဘူး ။ ဒီလိုပါဘဲ ၊ အရောင်တွေကို အခြေခံပြီးလုပ်ရတဲ့ အလုပ်တွေ ( ဥပမာ ဒီဇိုင်းဆွဲသူ ) တွေမှာလည်း ကာလာဘလိုင်းဆိုရင် ဒုက္ခရောက်တာပေါ့လေ ။ မွေးရာပါ ကာလာ ဘလိုင်းမှာ ဘာမှ နာကျင်ခံစားနေရခြင်းမရှိလို့  ထူးထူးထွေထွေ ကုသ စရာလည်း မလိုလှပါဘူး ။




ပုံမှန်လူတဦး သက်တန့် ကို မြင်ရတဲ့ အရောင်များ





rotanopia ဖြစ်နေသူတဦး က သက်တန့် ကို ဒီလိုအရောင်နဲ့  မြင်တယ်





euteranopia့ ဖြစ်နေသူကတော့ ဒီလိုကာလာလေး အနေနဲ့ မြင်ပါတယ်




Wednesday, 16 September 2009

သဲချောင်းကလေးခြားနေတယ်......

ခုတလော ရွှေညာတစ်ခွင် ခရီးနှင်နေတာမို့ အဲဒီတစ်ဝိုက်ကအကြောင်းတွေ အရေးများပါမယ်။ ငယ်ငယ်က နားထောင်ဘူးတဲ့ ကက်ဆက်ဇာတ်လမ်းကလေးတစ်ခု ဘာတဲ့.... ”မုန်းချောင်းကလေး ခြားနေတယ်..”တဲ့။ အဲဒါကိုအားကျပြီး ဒီခေါင်းစဉ်တပ်လိုက်တာပါ....။

မကွေးတိုင်းတစ်ခွင်က တော့ သဲချောင်းတွေ ပေါမှပေါ။ နံမည်ကြီး ဒေါင်းသေချောင်းကတော့ မကွေးနဲ့ ရေနံချောင်းကြား လမ်းတစ်ဝက်တိတိမှာ ရှိပါတယ်။ ခြောက်ခြောက်သွေ့သွေ့အချိန်ဆိုရင် ချောင်းလို့တောင် မထင်ရပါဘူး..... သဲသောင်ပြင်ကြီးတစ်ခုလို ပြန့်ပြန့်ပြူးပြူးနဲ့ သဘောထားကြီးပြနေလိုက်တာ.....။ သို့ပေမယ့် တောင်ဆီကညို့ပြီး မိုးရွာလာလို့ သဲချောင်းရေကျရင် အလွန်မြန်ပါသတဲ့..။ ဒေါင်းလို အပြေးမြန်တဲ့ သတ္တ၀ါတောင် ရေစီးကို မလွတ်ဘူးလို့ အဆိုရှိပါတယ်။ ဒါကြောင့်လည်း ဒေါင်းသေချောင်းဆိုတဲ့ အမည်ရခဲ့တာပါ..။ သဲချောင်း က တစ်ကယ်ကျရင် နာရီနဲ့ချီပြီး စောင့်ရပါတယ်။ အဲဒါကြောင့် ချောင်းကမ်းနှစ်ဖက်လုံးမှာ ဈေးဆိုင်ကလေးတွေ အစီအရီနဲ့ စီးပွားဖြစ်နေကြတယ်။ ရေစပ်စပ်မှာ ဖြတ်မိတဲ့ ကားခမျာလည်း ကံမကောင်းရင် သဲနွံနစ်လို့ အရပ်ကူပါ လူဝိုင်းပါ ဖြစ်တတ်တယ်။ ပုံကိုကြည့်ပါ။


ချောင်းနဲ့ကပ်လျက် ရွာကလေးမှာ လယ်ထွန်စက် ၃စီး ၄စီးရှိတယ်။ အခြေအနေကိုလိုက်လို့ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ဆွဲခ ပေးရပါတယ်။ သဲချောင်းထဲမှာ သဲကော်ကော်နေတဲ့ ယောက်ျား ၄-၅ ယောက်ကိုလည်း အမြဲတွေ့ရပါတယ်။ ကျွန်မအမြင်တော့ ဖြတ်သွားဖြတ်လာကားတွေကို ငွေတောင်းခံဖို့ သက်သက် ဟန်ရေးပြနေကြတာပဲလို့ထင်တယ်။ နောက်ပြီး သန်သန်မာမာယောက်ျားကြီးတွေကို အကြောင်းမဲ့ငွေချပေးဖို့ လက်တွန့်မိတာတော့ အမှန်ပါပဲ...။ ဒီချောင်းနဲ့ ဒီရွာကို အခုတော့ သက်ဆိုင်ရာများက ”ဒေါင်းနေချောင်း” ”ဒေါင်းနေရွာ” လို့အမည်ပြောင်းမှည့်လိုက်ပါပြီ။ ”သေ”ကိုမကြိုက် ”နေ”ကိုကြိုက်တဲ့သဘော ပါ။ အနိစ္စ ဒုက္ခ အနတ္တတရားကို မျက်ကွယ်ပြုရော့ထင့်။ တံတားစီမံကိန်းလဲ စ နေပါပြီ။ တံတားပြီးရင်တော့ လမ်းခရီး နှောင့်နှေးမှာ မပူရတော့ဘူးပေါ့...။ သဲချောင်းကို မှီပြီး စီးပွားရှာနေကြရတဲ့ ရွာသူရွာသားများတော့ တော်တော်ထိခိုက်သွားပါလိမ့်မယ်။ အခုတင်ထားတဲ့ ဗီဒီယိုလေးကတော့ ချောက် နဲ့ ညောင်ဦးကြားက ” ပင်း“ ချောင်း ကျနေပုံဖြစ်ပါတယ်။

ကျွန်မတို့ကားတော့ နာရီဝက်လောက်စောင့်ပြီး ရေရှိန်လျော့တာနဲ့ ဖြတ်ခဲ့ကြပါတယ်....။
အကယ်၍သာ မင်းသားနဲ့မင်းသမီး သဲချောင်းတစ်ဖက်စီမှာရှိနေရင်ဖြင့် သူတို့နှစ်ယောက်ဆုံဖို့ နာရီအနည်းငယ် ဝေးနေရဦးမှာမို့ ”သဲချောင်းကလေးခြားနေတယ်” ဆိုတဲ့ ခေတ်သစ် စန္ဒကိန္နရီသီချင်းလေး ဆိုနေကြမှာ မြင်ယောင်မိပါသေးရဲ့......

မိုးစက်ပွင့်


Tuesday, 15 September 2009

ငတ်မွတ်ဘေးမှ ကယ်တင်ရှင် -သို့ ဦးညွှတ်ခြင်း

(Norman Borlaug speaking at the Ministerial Conference and Expo on Agricultural Science and Technology in June 2003)

ပြီးခဲ့တဲ့ စနေနေ့ စက်တင်ဘာ ၁၂ရက်နေ့က အသက် ၉၅ နှစ်အရွယ် နိုဘယ်ဆုရှင် နော်မန်ဘော်လော့ (Norman Ernest Borlaug) ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ Green Revolution မြစိမ်းရောင် တော်လှန်ရေးရဲ့ ဖခင်ကြီး လို့ အခေါ်ခံရလောက်အောင် သူအသက်ရှိနေစဉ်မှာ လူသားတွေရဲ့ စားဝတ်နေရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တာမို့ သူ့အကြောင်းကို ဒီဆောင်းပါးနဲ့ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ်။

နော်မန် ဘော်လော့ အကြောင်းကို ၁၉၇၅ခုနှစ် သြဂုတ်လမှာ အမေရိကန် ပြန်ကြားရေးဌာနက ဘာသာပြန်ထုတ်ဝေထားတဲ့ ”ငတ်မွတ်ဘေးမှ ကယ်တင်ရှင်” ("Facing Starvation" ရေးသူ- Lennard Bickel) ထဲမှာ မကြာသေးခင်ကမှ ကံကောင်းစွာ ဖတ်ရှူခဲ့ရပါတယ်။ သှူုကို အိုင်အိုဝါပြည်နယ်ရဲ့ အရှေ့မြောက်ပိုင်း ခရက်စကို မြို့လေးနားက ရွာကလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ နော်မန်ကလေးရဲ့ဘ၀ဟာ ကြမ်းတမ်းခဲ့ပါတယ်။ နှင်းတောတိုးပြီး သုံးမိုင်လောက်ဝေးတဲ့ကျောင်းကို လမ်းလျှောက်တက်ခဲ့ရတာပါ။ ငယ်ငယ်ထဲက အဖိုးတွေ အဖေတွေနဲ့အတူ ဂျူံစိုက်ခဲ့ရတယ်။ မြေသားနဲ့ ဂျူံပင်ရဲ့ကြားက ဆက်နွယ်မှူ ပုစ္ဆာတွေက ငယ်ငယ်ထဲက နော်မန့်ခေါင်းထဲမှာ အမြဲနေရာယူခဲ့တာပါ။

Monday, 14 September 2009

ရေစီးကောင်း၍ မြစ်ကြောင်းဖြောင့်စေချင်ပါသည်...


ဒီရက်ပိုင်းမှာ အီးမေးလ်မှာရော အင်တာနက်မှာပါ ဆရာ လူထုဦးစိန်ဝင်းရဲ့အတ္တပရဟိတလုပ်ငန်း ဆောင်းပါး တော်တော်လေး ပြန့်နှံ့နေပါတယ် (လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ဆရာ့ FMA အင်္ဂလိပ်စကားပြော သင်တန်း တက်ခဲ့ဖူးတာမို့ နှုတ်ကျိုးစွာ ဆရာ လို့ခေါ်မိခြင်းပါ)။ ဆောင်းပါးထဲမှာ ဆရာက NGO လုပ်ငန်းများ အပေါ် လူငယ်များ နားလည်မှူလွဲ ရေလိုက်လွဲပြီး ကိုယ်ကျိုးအတွက် မျောက်ပြဆန်တောင်းသလိုဖြစ်သွားမှာ စိုးရိမ်တဲ့ စေတနာအပြည့်အ၀နဲ့ရေးထားတာကိုလည်း ခံစားရပါတယ်။ အိုးကိုလှစေချင်တဲ့ အိုးထိမ်းသည်က နာနာထုနှက်သလို အလွန်ထိမိတဲ့ ဆရာ့ဝေဖန်ချက်ကြောင့် အနာပေါ်တုတ်ကျဖြစ်သူတွေလည်း အများကြီးရှိမှာပါ။ ဆရာ့ကို ထောက်ခံတာ၊ ဆန့်ကျင်တာ တစ်ခုမှမဟုတ်ဘဲ ဆရာရေးတဲ့ခေါင်းစဉ်နဲ့ ဆက်စပ်ပြီး ကျွန်မ ခေါင်းထဲက ပေါ်လာတာတွေကို ချရေးမှာ ဖြစ်ပါတယ်။

ယူအင်န် တို့ အဲန်ဂျီအို တို့ဆိုတာ ချို့ငဲ့သူတွေရဲ့ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးဖို့၊ အလှူရှင်တွေနဲ့ ကြားခံဆက်သွယ်ပေးတဲ့ ပေါင်းကူးတံတားလေးတွေပါ။ (ဒီနေရာမှာ ဒေါ်လာရိတ်ဖို့ အကြံအဖန်နဲ့ဖွဲ့စည်းထူထောင်ထားတဲ့ အဖွဲ့များကို မဆိုလိုပါ။) ရည်ရွယ်ချက်အားဖြင့် ကောင်းမွန်မြင့်မြတ် လှပါတယ်။ အကျိုးအမြတ်မရည်ရွယ်ဘဲ၊ လူမှူရေးသက်သက် ဆောင်ရွက်ဖို့သာ ဖြစ်ပါတယ်။ အဖွဲ့တိုင်းမှာ (၀န်ထမ်းကျင့်ဝတ် ခေါ်တဲ့ Code of Conduct) ကိုယ်စီရှိကြပြီး အခြေခံအားဖြင့် လူသားချင်းစာနာဖို့၊ ကိုယ်ကျင့်သီလ စင်ကြယ်ဖို့၊ သမာသမတ်ရှိဖို့ ဆိုတာတွေ ပါဝင်ကြပါတယ်။

ရည်ရွယ်ချက် ဘယ်လိုပင်ကောင်းကောင်း ”လူ”နဲ့ဖွဲ့စည်းထားတာမို့ လူသားသဘာဝ အဆိုးအကောင်းတွေ ရောပြွမ်းနေတာပါပဲ။ အတ္တကြီးတဲ့ ၀န်ထမ်းတွေ၊ လောဘကြီးတဲ့ဝန်ထမ်းတွေ၊ စေတနာခေါင်းပါးပြီး ကိုယ်ကျိုးရှာတဲ့ဝန်ထမ်းတွေ များလာလေလေ သက်ဆိုင်ရာ အဖွဲ့အစည်းဟာ နာမည်ဆိုးထွက်လာလေလေ ပါပဲ။

Friday, 4 September 2009

သားသား မီးမီး ရှူမငြီး

ကလေးတွေဆိုတာ အပြစ်ကင်းစင်တဲ့ ချစ်စရာအကောင်းဆုံး လူသားငယ်လေးတွေပါ။ သူတို့ဓါတ်ပုံထဲက ဖြူစင်တဲ့အပြုံးလေးတွေကိုမြင်ရရင် ကိုယ်ပါ ရောပြီး ပြုံးချင်လာသလိုလိုခံစားရတယ်...။ ကိုယ့် ပါတ်ဝန်းကျင် အသိုင်းအ၀န်းက ချစ်စရာကောင်းတဲ့ ကလေးငယ်လေးတွေကို အမှတ်တရသိမ်းထားချင်လို့ပါ။

သားသား ပြည်အောင်ခန့်- သားသားက အခု ငါးလပြည့်ပြီဗျ။ ရန်ကုန်သားလေးပါ ..........

မီးမီး ဆိုဖီ- မီးမီးက ကိုးလသမီး ပါရှင်။ မီးမီးက အဆော့သန်ပြီး အမှိုက်ဖွတဲ့နေရာမှာ နံပါတ်တစ်...

သားနံမည်ကတော့ ကောင်းထက် ပါ။ သားအသက်က တစ်နှစ်ခြောက်လ ခင်ည။ သားကတော့ လိုတာမရရင် အသံကုန်အော်မှာပဲ.....

သားသားက ၀ီလီယံဇော် ပါ။ အသက်နှစ်နှစ်ခွဲ ရှိပါပြီ။ သားက ဖေဖေ့လို အင်ဂျင်နှီယာဘာသာရပ်ကို စိတ်ဝင်စားတယ်။ (ဟိုပစ္စည်း ဒီပစ္စည်း ကလိ လွန်းလို့)

Thursday, 3 September 2009

ငယ်ဖေါ် သို့

အပူအပင်ကင်းတဲ့ ကလေးဘ၀က နုပျိုလတ်ဆတ်တဲ့ ရင်ခုန်သံများနဲ့........

အရာရာကို စူးစမ်းလေ့လာ ချင်ခဲ့တာ....

သဘာဝတရားကိုလည်း ချစ်ခင်နှစ်သက်စွာ...