မနေ့ကတော့ ဒေါ်သိန်းနုကြီး ပြာယာခပ်နေတာတွေ့လို့ အကျိုးအကြောင်း မေးကြည့်မိတယ်။ “ ပူတူးမ မွေးပြီလေ။ ဆေးရုံမှာ။ ရေမြွှာပေါက်တာ ၂၄နာရီကျော်တဲ့အထိ ဗိုက်မနာလို့ ဆေးထိုးမွေးရတယ်။ ဆရာမတွေက လာတာ နောက်ကျလို့ ဆူသေးတယ်။ ကျမလဲ ရပ်ကွက်ထဲက သားဖွား ဆရာမနဲ့ အပ်ထားတာပဲ။ သူက သုံးရက်အထိ စောင့်လို့ရတယ် ပြောလို့။ ” “တော်သေးတာပေါ့” လို့ ကျမ သက်ပြင်းချမိပါတယ်။ လက်ရှိ ကလေးလေးနဲ့ ကလေးအမေ ကျမ်းမာရေး မေးတော့ “ ပူတူးကတော့ နေကောင်းပါတယ်၊ ဒါပေမဲ့ နို့ ကောင်းကောင်း မထွက်ဘူး” ”ကလေးလေးကတော့ အသားဝါဖြစ်လို့ အထူးခန်းမှာ ထားရတယ်၊ တခြားကလေး တွေလဲ အများကြီးပဲ” တဲ့။ ကလေးက အလေးချိန် ငါးပေါင်တောင် မပြည့်ကြောင်း၊ ကိုယ်ဝန်ဆောင် ကာလမှာ မျှစ်နဲ့ ငရုပ်သီး စားတာ များလို့ ခေါင်းမွေး ကျဲပါးကြောင်းလည်း ဆက်ပြောပါတယ်။ “အင်း- ဘဲဥများ စားမိရင် ကတုံးတောင် ပြောင်ချင် ပြောင်နေမှာ” လို့ လွှတ်ကနဲ ပြောမိတော့မလို့။ ကလေးလေးက အိမ်မက်အရ ကွယ်လွန်ဆုံးပါးခဲ့တာ (၈) နှစ်ကျော်ပြီဖြစ်တဲ့ သူ့ခင်ပွန်း ပြန်ဝင်စားတာ ဖြစ်ကြောင်း လည်း ပြောပြနေပါသေးတယ်။ ဒါကြောင့်လဲ အမေ နို့စို့မှာမဟုတ်ဘူးလို့ ဗေဒင်က ပြောထားကြောင်း ထပ်လောင်း သက်သေထူ နေပါသေးတယ်။ နားထောင်နေရင်း ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးလေး တွေကတော့..... ကျမ်းမာရေးအသိနည်းတာနဲ့ အယူသည်းတာက မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့ နာတာရှည်ရောဂါတွေဘဲ လို့။
တဆက်တည်း သမီးအကြီးလေး ပုံ့ပုံ့အကြောင်း စပ်စုမိတော့ - “ ပုံ့ပုံ့က ခုတလော နေမကောင်းဘူး ရယ်။ လူ ပြုစားတာလေ။ ဗူးသွင်းထားတာလို့ ဆေးဆရာက ပြောတယ်။ ကလေးက မျက်ကြောကြီး စင်းပြီး၊ မျက်လုံးကြီး တချက်တချက်လှန်ကြည့်နေတာ။ အဲဒါ ပူတူးမ ဆေးရုံဆင်းမှ ဆက်ကုရမယ်” တဲ့။ “ဟုတ်ပါ့မလား အဒေါ်ရယ်၊ ဒီလို ကလေး သေးသေးလေးကို” ကို မရဲတရဲ ကန့်ကွက်မိတော့ သူက အခိုင်အမာ ဆက်ပြောနေပြန်သည်။ အင်း- ဒီကလေးကို မုံ့ကျွေးမိတဲ့အထဲမှာ ကိုယ်လဲ ပါတယ်ဆိုတော့ မတော်တဆ စွပ်စွဲခံရမဲ့ အရေး ကျောတောင် ချမ်းလာ သလိုလိုပဲ။ “ဒါဆို ပယောဂဆရာနဲ့ ပြတာလဲပြ၊ တဖက်ကလည်း ဆရာဝန်နဲ့ ပြပြီး ကု ပေါ့နော်၊ နှစ်ဖက်လုံး ဆိုတော့ စိတ်ချရတာပေါ့” လို့ ပြောကြည့်တော့ စိတ်မပါတပါနဲ့ ခေါင်းညိတ် ပြသည်။ ကျမ တော်တော်လေးတော့ ရင်လေးမိပါသည်။ ဖြူစင်တဲ့ ပန်းကလေးတပွင့် နွမ်းကြွေမှာ စိုးမိသည်။
++++++++++++++++++++++
ဒေါ်သိန်းနုနဲ့ တွေ့ပြီးမှ နောက်ထပ် ဆင့်ပွား တွေးစရာတွေ ရလာပြန်သည်။ ကျမတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ “အင်နားရှား” အကြောင်း။ ရပ်နေတဲ့ အရာတခုခု စရွေ့ဖို့ဘဲ ဖြစ်ဖြစ်၊ ရွေ့နေတဲ့အရာတခု ရုတ်တရက် ရပ်လိုက်ရင်ပဲဖြစ်ဖြစ် ခက်ခဲတဲ့အကြောင်း။ “အင်နားရှား” ကို “နေမြဲ နေလိုမှု၊ သွားမြဲသွားလိုမှု” လို့ ဆရာမက အဓိပ္မါယ် ဖွင့်ခဲ့သည် ထင်သည်။ ဥပမာကတော့ - ရပ်နေတဲ့ ရထားထွက်ချင်မှာ တုန့်ကနဲ နောက်ပြန်ဆွဲတာ၊ သွားနေတဲ့ကား ရပ်ချိန်မှာ လူတွေ ရှေ့ကို ငိုက်ကနဲ ဖြစ်သွားတာ။ အဲဒီဥပမာနဲ့ စဉ်းစားတော့ “အင်း- တို့လူမျိုးတွေ တော်တော် အင်နားရှား ကြီးတာပဲ” လို့ မှတ်ချက်ချမိပြန်သည်။