ကလင်....ကလင်..ကလင်...
ခေါင်းရင်းက နာရီ နှိုးစက်သံက မပိတ်မချင်း ဒုက္ခပေးတော့မှာမို့ အိမ်သားတွေ နိုးသွားမှာ အားနာလို့ ကမန်းကတန်း စမ်းပိတ်လိုက်သည်။ ခြောက်နာရီခွဲပေမဲ့ မျက်လုံးက မဖွင့် နိုင်သေး။ ဒါပေသိ လူးလဲထပြီးတာနဲ့ အဆင်သင့်ရှိနေတဲ့ သွားတိုက်ဆေး၊ ဆပ်ပြာ၊ သွားပွတ်တံ အပါအ၀င် ရေချိုးခြင်းတောင်းကလေးကို ဆွဲပြီး ရေကန်ရှိရာ သွားလိုက်သည်။ အိမ်သာတက်ခြင်း၊ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်း အားလုံးကို တဆက်တည်း လုပ်တတ်တာ ကိုယ့်အကျင့်။ အချိန်ကုန်သက်သာအောင် ရည်ရွယ်ခြင်းဖြစ်သည်။ ထုံးစံအတိုင်း ရေကို ၁၀ခွက်၊ ၁၅ခွက်လောက်နှင့် အပြီးချိုးသည်။ ကမ္ဘာကြီးမှာ ရေချိုရေသန့်တွေ ရှားပါးနေသည်လေ။ သနပ်ခါး လိမ်းတာက ၁၀မိနစ်၊ အ၀တ်လဲတာနှင့်ပေါင်းရင် ၁၅ မိနစ်။ စုစုပေါင်း နာရီဝက်ပျော့ပျော့မှာ အိမ်ကနေ ထွက်လာနိုင်ခဲ့သည်။ အိမ်နှင့် ရုံးက ၁၅မိနစ်လောက် လမ်းလျှောက်ရုံသာဝေးတာမို့ သိပ်ဝေးလှတာမဟုတ်၊ ရုံးကိုရောက်တော့ ၇နာရီမခွဲသေးချေ။ မနက်စာကို ရုံးမှာပဲ စားမယ်လို့ စိတ်ကူးပေမဲ့ နေ့တိုင်းစားနေကျ အစားအသောက်တွေကြည့်ပြီး စိတ်မပါတာနဲ့ မစားတော့ပါဘူး။ အလုပ်လုပ်မယ်လို့ ကွန်ပြူတာလေး ဖွင့်လိုက်ပြီးမှ “ ဟယ်- ရုံးမှာလဲ ဘယ်သူမှ မရောက်သေးဘူး။ လမ်းပေါ်ခဏတက်ဦးမှ“ ဆိုပြီး အညောင်းပြေ အညာပြေ အပြင်ကို လမ်းထွက်လျှောက်မိသည်။
စ ထွက်ထွက်ချင်းတွေ့တာက ဘကြီးလွဏ်းဆွေ ။ ဟေ့ စပ်စုမ တူမကြီး- ဘယ်များလဲကွဲ့။ သြော်- ဟိုနားဒီနားပါ ဘကြီး။ အေး - သတိလေးတော့ ထားသွားဦး ရာသီဥတုက မကောင်းဘူး။ ပဲခူးမှာ ရေကြီးနေသတဲ့။ အညာမှာတော့ မိုးခေါင်နေတယ်တဲ့။ ဟိုစပ်စပ် ဒီစပ်စပ် တော်တော်ဗဟုသုတ စုံတဲ့ဘကြီး။ သူပြောသမျှ ဟို- ဒေ၀ါလီသတင်းစာက ဘာရေးတာ၊ မျက်စိပြူးဂျာနယ်က ဘယ်လို အင်တာဗျူးထားတာ၊ အသံပျောက် ဂျာနယ်က ဘာပြောတာ စသဖြင့် လေတော်တော်ဖြတ်မရတာနဲ့ နာရီဝက် ကျော်ကျော် လောက်ကြာသွားသည်။ “သြော်- သွားလိုက်ဦးမယ်နော် ဘကြီး”.......“အေး၊ အေး၊ မနက်ဖြန်လဲ လာခဲ့ဦး၊ သတင်းတွေ စုထားလိုက်မယ် သိလား“ သြော် - ပီတိစားပြီး အားရှိနေတဲ့ သူ့ဝါသနာ၊ ၀ါသနာ၊ ၀ါသနာ ..............
စကားပြောကောင်းတဲ့ ကိုဇော် တို့အိမ်ဝင်မိတော့ နောက်ထပ် နာရီဝက်လောက်ကြာပြန်ရော....
စကားပြောကောင်းတဲ့ ကိုဇော် တို့အိမ်ဝင်မိတော့ နောက်ထပ် နာရီဝက်လောက်ကြာပြန်ရော....
အံမယ်- ဟိုဘက်အိမ်မှာ ကိုပေါ ကြီးပါလား၊ ဘယ်သူတွေနဲ့ များ ဒေါကြီးမောကြီး ရန်ဖြစ်နေသတုန်း အောက်မေ့တယ်။ အရှေ့ဖက်ရပ်ကွက်က စွမ်းအားသေ အဖွဲ့သားတွေနဲ့ပါလား။ ကိုယ်ပါ ရောပြီး အမှူပါတ်နေဦးမယ် မြန်မြန် ဆက်လျှောက်မှ။
မနက်စာကလည်း ဘာမှ မစားရသေးတော့ လမ်းလျောက်ရင်း ဗိုက်ဆာလာသည်။ ဘယ်အိမ်မှာ ဖရီးကြိတ်ရင် ကောင်းမလဲလို့ ရပ်စဉ်းစားလိုက်သည်။ ပထမဆုံးတွေ့တဲ့ မခင်ဦးမေအိမ်ကိုတော့ ခပ်သုတ်သုတ် ကျော်လျှောက်ခဲ့သည်။ သူ့ဆီမှာ ဘာမှ စားစရာ မရှိတာ သေချာသည်။ တော်ကြာ ကိုယ်တောင် အမြင်မတော် အိမ်ကူရှင်းပေးနေရလိမ့်မည်။ စင်္ကာပူက ပြန်လာခါစဆိုရင်တော့ ပါလာတဲ့ လက်ဆောင် ကလေးတွေ ခွဲတမ်းရလိုရငြား ၀င် နှုတ်ဆက်ရရဲ့။