အိမ်ခန်း သော့ကို ဖွင့်လိုက်တော့ အထဲမှာ မှောင်နက်မည်းမည်း ဖြစ်နေသည်။ မီးခလုပ်ကို စမ်းပြီး ချောက်ကနဲဖွင့်လိုက်တော့ အိမ်ထဲမှာ အလင်းတန်းတွေ လျှံကျသွားသည်။ ဆက်တီ၊ စားပွဲ၊ ပန်းအိုး၊ အခန်းထောင့်က စာရေးခုံလေး၊ စာအုပ်စင်၊ အားလုံး ခြေရာလက်ရာမပျက်။ ဒါပေမဲ့ သူအိမ်အပြန် ကြိုနေကျ ချစ်သူလေး သူမကို မမြင်ရတော့ စိတ်ထဲမှာ အလိုမကျ ဖြစ်ရသည်။
“ဖြူလေး” “ဖြူလေးရေ” သူခေါ်မိသည်။ အိပ်ခန်းထဲကို သွားကြည့်သည်၊ ရေချိုးခန်း နဲ့ မီးဖိုချောင်ထဲမှာများ ရောက်နေရော့သလား၊ မတွေ့ပါ ...ဘယ်မှာမှမတွေ့ ပါ။ “၀ှူး” ဆက်တီပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ လက်နှစ်ဖက်နဲ့ ခေါင်းကို အုပ်ကိုင်ထားမိသည်။ အ၀တ်လဲဖို့ တောင် သူ့မှာ အားမရှိတော့ပါ။ ဖြူလေး ဘယ်ရောက်နေသလဲ လို့ ကိုယ့်ဘာသာမေးခွန်းထုတ်မိသည်။ ရီဝေနေသော သူ့ခေါင်းထဲကို မနေ့က တိတိကျကျဆိုရရင် မနေ့ကညက အဖြစ်တွေ သူ့ခေါင်းထဲကို ရောက်လာသည်။ “ကိုယ် တကယ်ပဲ မှားခဲ့ပါတယ် ကလေးရယ်”.....................
xxxxxxxxxxxxxxxxxxxx
အထီးကျန်တဲ့ သူ့ဘ၀ထဲကို ဖြူလေးရောက်လာခဲ့တာက မနှစ်ကရဲ့ မြူနှင်းဝေသော ဆောင်းရက်တရက်မှာဖြစ်သည်။ မရောက်တာကြာတဲ့ အဒေါ်ဝမ်းကွဲတယောက်အိမ် သွားအလည်မှာ ဖြူလေးကို သူရုတ်တရက် မြင်လိုက်ရတာပဲဖြစ်သည်။ သူ့ကိုတွေ့လိုက်တော့ ရှက်ကိုးရှက်ကန်းနဲ့ ကန့်လန့်ကာနောက်ကွယ်ကို ရိပ်ကနဲဝင်သွားပေမဲ့ သပြေတို့အရွယ် သူမလေးရဲ့ လှပ၀ိုင်းစက်တဲ့ မျက်ဝန်းလေးတွေကို သူမြင်ဖြစ်အောင်မြင်လိုက်သည်။ အဒေါ်က ထွက်လာပြီး နှုတ်ဆက်တော့ အလ္လာပသလ္လာပ ပြောရင်း ဖြူလေးအကြောင်း မသိမသာ “တောက်” ကြည့်မိသည်။ “မိဘမဲ့လေးပါကွယ်၊ မင်းညီမလေး ၀ါဝါ ပဲခူးဖက်သွားရင်း ချစ်လို့ သနားလို့ မွေးစားဖို့ ခေါ်လာခဲ့တာ၊ ခုတော့ အိမ်မှာ ၀ါဝါလည်း အဖေါ်ရသွားတာပေါ့”...။ ချစ်ခြင်းမှာ သနားခြင်း စွက်တော့ သူ့ရင်ဘတ်ထဲမှာ ဖြူလေးအကြောင်းနှင့် မဆံ့တောင်ဖြစ်လာတော့သည်။ သြော်- ဖြူလေး ဖြူလေး၊ အထီးကျန်တဲ့ တို့နှစ်ယောက် အတူတူနေနိုင်ရင် သိပ်ကောင်းမှာဘဲကွာ -လို့။