Monday, 31 May 2010

To Eternity

Dear My Love,
When you like this garden to nurture;
I will love to enjoy the flowers.
When you like to play the music;
I will love to listen with my heart to it.
When you like to taste the red wine with a toast of bread;
I will love to prepare candle lights on the table set.
So,
The love and life we share,
The tear and sadness we bear,
The hundred kisses and thousand hugs we take together;
You, being my closest friend and sibling,
Offering firmest shoulder to lean on and warmest hand to hold on;
You, being my dearest husband,  who will be  by my side forever.

Let me whisper, only for your ears,
You know, my dear?  
At every second, I love you more and more....
Please be my lifelong partner in our glorious future;


Moe Sett Pwint

(Dedicated for our 3rd anniversary :P )

Thursday, 27 May 2010

တွေ့ရိချက် ၂၀၁၀

ငါ့ကိုယ်ငါပျောက်လို့ရှာ
ငါဘယ်မှာလဲ.............??????
ကမ္ဘာတစ်ပါတ် ခြေရာထပ်ခဲ့ပေါ့။
..
လူတကာတွေ ကြားမှာလည်းမရှိ
မြူလွှာတွေကြားမှာလည်းမရှိ
တိမ်ပြာတွေအောက်မှာလည်းမရှိ
ရေလွှာပြင်အောက်မှာလည်းမရှိ
မဟာတံတိုင်းနောက်မှာလည်းမရှိ
ဘာလင်တံတိုင်းနောက်မှာလည်းမရှိ
 အမေဇုန်တောမှာမရှိ
အေဒင်ဥယျာဉ်မှာမရှိ
အပူနွေကန္တာရထဲမှာလည်းမရှိ
ကမာခွံလှလှတွေထဲမှာလည်းမရှိ
စပျစ်ခိုင်တွေထဲမှာမရှိ
အနှစ်မလိုင်တွေထဲမှာမရှိ
အယုအယတွေထဲမှာမရှိ
သမုဒယတွေထဲမှာမရှိ
အနုအလှတွေထဲမှာမရှိ
သြော်- ခက်....ခက်ပါဘိ။

ဒီလိုနဲ့ ....
အချိန်ရထား
တရွေ့ရွေ့သွား
နာရီစက္ကန့် လှိုင်းတံပိုးများ
ဘ၀ကျောက်ဆောင်ကို မှန်မှန်တိုက်စား
တဖြေးဖြေး ပါးလာခဲ့ပေါ့။

ဟော- အခုတော့  တွေ့ပြီလေ....
အူတူတူ အတတ 
အညတြတစ်ယောက်ရဲ့
(သိုးဆောင်းအဆိုအရ)
ဘ၀စတဲ့အရွယ်တိုင်အောင်
မာနကျောက်ဆောင်အောက်က
အတ္တခွံထူထူထဲမှာ
သူတစ်ယောက်တည်း
တိတ်တိတ်ကလေး ပုန်းနေခဲ့ပေါ့...။

Tuesday, 25 May 2010

အနက်ရောင်ဝတ်ရုံ ခြုံထားတဲ့ ကဗျာ



၂၀၀၈ မှာ မွှေတဲ့ နာဂစ်
အပြစ်ကင်းတဲ့ ကလေးငယ်တွေတောင်မချန်ဘူး။
၂၀၀၉မှာ  မိုးမရွာတဲ့ အညာ
သောက်စရာရေတောင် မကျန်ဘူး။
၂၀၁၀မှာ  ပိတောက်ဝါတွေသွေးနီစွန်းခဲ့
တူးပို့  နဲ့ ပျော်နေသူတွေ  အသက်မရှူ မျက်ဖြူဆိုက်
ဘယ်ဆရာကြိုက်ဖို့ရယ် မသိဘူး။

မီးမလာ ရေမလာ
မြေလွှာအက်ကွဲ သောက်ရေတောင်မရှိတဲ့အထဲ
”မီး”တဲ့.......”မီး”တဲ့
နူရာဝဲစွဲ လဲရာ သူခိုးထောင်း
ဘ၀ကံမကောင်းလိုက်ပုံက
ရာထောင်ချီတဲ့ ဈေးဆိုင်ခန်းတွေ ပြာကျ
ကူကယ်ရာမဲ့ လက်လုပ်လက်စား ဈေးအထမ်းသမားလေးရဲ့ ဘဝ
မီးတောက်ပြင်းပြင်းက ၀ါးမျိုချခဲ့ပေါ့။

သြော် - ဆိုးလှပါဘိ
မြန်မာပြည်အမိရယ်
ရင်မှာ မချိပါပြီကော ...လေ..။


ဘ၀တွေက အဆင်းခက်တဲ့ တွင်းနက်နက်
(ထမင်းချက်ဖို့တောင် အနိုင်နိုင်....)
သဘာဝတရားက  မညှာမတာနှက်
သန်းကောင်ထက်နက်တဲ့ညဥ့်
ဘယ်မှာ ရှာလို့တွေ့မလဲရှင့်......။

မိုးစက်ပွင့် 


(၂၄.၅.၁၀  မင်္ဂလာဈေး မီးကြီး နှင့် ဈေးအလုပ်သမား လက်လုပ်လက်စားတွယ်ရာမဲ့ဘ၀များအား ၀မ်းနည်းစွာဖြင့်-) 
"photo credit:  Nyi Lynn Seck.( http://blog.nyilynnseck.com/)

Friday, 21 May 2010

ငိုချင်းသယ် မပုတင်

မပုတင် က စကားသာ လေးလုံးကွဲအောင် မပြောတတ်တာ။ အငိုမှာတော့ ချန်ပီယံဆုရလောက်တယ်။  ငိုတယ်လို့ဆိုရအောင် ယောက်ျားနှိပ်စက်လို့တော့ မဟုတ်ပါဘူး။ သူ့ယောက်ျား ကိုငွေမောင်းက ရေခဲတုံးပါ။ ရိုက်ဖို့ဝေလာဝေးရော။  အဲ  သူငိုတာက အသုဘတွေမှာ ငိုတာ။

မပုတင် ငိုချင်းချတဲ့ဝါသနာက ဘကြီးဘုန်းကြီးပျံက စတယ်လို့ ပြောရမလားပဲ။ အဲဒီတုံးက အသက် ၇နှစ် ရှစ်နှစ်လောက်ပဲ ရှိဦးမှာပေါ့။  ခေါင်းပေါ်မှာတောင် ကြက်တောင်စည်းလေး မဖြုတ်ရသေးဘူး။ ”ဘုန်းကြီးသေရင် ရွာကြေတယ်” တဲ့။  အဲဒီဆိုရိုးလေးက ဘုန်းကြီးပျံစီစဉ်ရလွန်းလို့ လူတွေပင်ပန်း၊ ငွေတွေကုန်တာကို ပြောတာပါ။  အဲဒီတုန်းက တစ်ရွာလုံးအုံးအုံးကြွက်ကြွက်ဘဲ။ မပုတင်တို့  ကံကုန်းရွာကသာမက ရွာနီးချူပ်စပ်ကပါ ကိုးကွယ်တဲ့ ဘဘုန်းကြီး၊ သက်တော် ၈၀  ၀ါတော်၆၀ ငယ်ဖြူဘုန်းကြီး၊  သူသဘောမတွေ့ရင် ရွာလူကြီးကအစ ကာလသားအဆုံး ကြိမ်နဲ့ ဆော်နိုင်လောက်အောင် သြဇာညောင်းတဲ့ ဘုန်းကြီး ပေပဲ။  ရွာမှာကလည်း တလင်းပေါ်ချိန် ငွေပေါ်ချိန် ဆိုတော့ ရွာ့မိရွာ့ဖတွေက  ဘုန်းကြီးပျံ ဈာပနကို အစည်ကားဆုံးဖြစ်အောင် လုပ်မတဲ့။  သေတာတောင် အချိန်ရွေးသေတတ်ပါပေ့ ဘဘုန်းကြီးရယ် လို့  ကလေးအတွေး တွေးလိုက်မိသေးတယ်။ ဘဘုန်းကြီး ကို ရင်ခွဲပြီး ကလီစာတွေထုတ်တော့လည်း သွားစပ်စုလိုက်သေးတယ်။  လူကြီးတွေက ငေါက်လွှတ်တာနဲ့ သေသေချာချာတော့ မမြင်ခဲ့ရပါဘူး။  မီးမသဂြိုလ်ခင် တစ်လနီးပါးထားမှာ ဆိုတော့ ဖေါ်မလင်ထိုးမယ်ဆိုလား၊ နေပူလှန်းမယ်ဆိုလား။

 ကာလသားတွေကလည်း အဖွဲ့လိုက် အလောင်းစင်ပြင်တဲ့သူနဲ့   ကနုတ်ပန်းအလှအရွဆင်တဲ့သူနဲ့၊  ၀ါးဘိုးဝါး အဆစ်ပိတ်ကို ယမ်းထည့်ပြီး “ဒုံး” တိုက်မဲ့သူနဲ့ ၊ အောက်လင်းမီး  လော်စပီကာ မီးစက်ငှားမဲ့သူနဲ့၊  လောင်တိုက်သွင်းဖို့ သနပ်ခါးတုံး စုတဲ့သူကစုကြနဲ့   မအားမနားရအောင် ပြင်ကြဆင်ကြတယ်။  ကာလသမီးတွေကတော့  ချက်ရေးပြုတ်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ၀ယ်ရေးခြမ်းရေးနဲ့ အလုပ်ရှုပ်နေကြတယ်။  လူကြီးပိုင်းကတော့ အလှူငွေကောက်ကြ၊  ဘယ်ဆိုင်းဝိုင်း၊ ဘယ်မင်းသမီး ငှားမယ်ဆိုတာ ငြင်းကြခုံကြနဲ့  မအားနိုင်ကြဘူး။  “လှလှစိန်က အငိုပိုင်သဟ၊ တောင်စုက ဘုန်းကြီးပျံမှာ တော်တော်လေးကောင်းဆိုပဲ“  ဘကြီးဝိုင်းက အကြံပြုတော့  ကိုရင်သာစိန်က “ဟာ- ဘကြီးဝိုင်းကလဲ  လှလှစိန် အငိုကောင်းတာ မြသင်းကြည် အိပ်နေသလောက်ပါ။  ရုပ်ကလည်းသာသေးတယ်။ ငှားမဲ့ငှားမှတော့ မြသင်းကြည်သာ ငှားစမ်းပါဗျာ“။ ဒီလိုနဲ့ တစ်ယောက်တစ်ပေါက် ငြင်းကြ ခုန်ကြနဲ့   နောက်ဆုံး မြသင်းကြည် ကိုငှားဖို့  အတည်ဖြစ်သွားတယ်။  မပုတင်တို့  ကလေးတစ်သိုက်ကတော့ ငိုချင်းသည် မင်းသမီးကို မြင်ချင်လွန်းလို့    စိတ်လှူပ်ရှားလိုက်ကြတာ။

အောက်လင်းမီးရောင်လဲ့လဲ့အောက်မှာ  နတ်ရထားလို ပြင်ဆင်ထားတဲ့ ဘဘုန်းကြီးရဲ့ ခေါင်းယာဉ်ပျံက ကနုတ်ပန်းကြွကြွရွရွနဲ့    ရွှေရောင်ငွေရောင်တွေ ပြိုးပြိုးပြက်လို့။  အဖြူရောင်မင်းသမီးဝတ်စုံနဲ့    မင်းသမီး မြသင်းကြည်ကလည်း လှလို့ပလို့။  မိတ်ကပ်အချယ်အသတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။  ကာလသားတွေကလည်း မင်းသမီးအလှကို သဘောတွေကျလို့။  ကာလသမီးတွေကလည်း အားတွေကျလို့။  မပုတင်တို့  ကလေးတစ်သိုက်ကလည်း မျက်တောင်တောင် ခတ်မိတယ်တောင်မထင်။ အံမယ်သူက ဇာတ်ကွက်ဇာတ်လမ်းနဲ့ လာတာကိုး။  မင်းသားလိုလို လူပြက်လိုလို လူတစ်ယောက်ကို “မောင်ကြီး“တဲ့။  သူတို့က ဘုန်းကြီး ကျွေးမွေးထားတဲ့ မိဘမဲ့မောင်နှမတွေပေါ့။  ပညာသင်သွားရင်းနဲ့   ရွာအပြန်မှာ ဘဘုန်းကြီး ပျံတော်မူတာ သိရပြီး ၀မ်းနည်းပက်လက် ငိုတဲ့ ဇာတ်ပေါ့။  နောက်တနေ့   လောင်တိုက်သွင်းတဲ့ အခမ်းအနားကျတော့လည်း  နတ်တွေဗြမ္မာတွေ လာပင့်လို့   အလောင်းတော်ကို မပေးနိုင်ဘဲ ပြန်လုတဲ့ ဇာတ်လမ်းပေါ့။ မြသင်းကြည်တို့  အဆိုအငိုပိုင်ပုံများ၊  မျက်ရည်မခိုင်တဲ့ သူတွေအားလုံး နှပ်တွေပါထွက်အောင် ငိုကြတာ။ အဘ၀ိုင်းတို့လို သက်ကြားအိုကြီးတောင် မျက်နှာကြီးမဲ့လို့။

အဲဒီလို ငိုတာကို “ဧယဉ်ကျူး“တယ် လို့  ခေါ်တယ်တဲ့။  မပုတင်ကတော့ သိပ်သဘောကျတာပဲ။  ဘုန်းကြီးပျံပြီးလို့  အိမ်မှာ ဆော့ရင်တောင် သစ်ပင်မှာကြိုးတစ်ချောင်းချည်ပြီး၊ မြသင်းကြည်ငိုသလို “အံမယ်မင်း၊  ဘုန်းဘုန်းဘုရားရဲ့” တို့    “မပေးနိုင်ဘူး၊ မပေးနိုင်ဘူး၊ သမီးတို့ကိုခွဲပြီး ဘယ်နတ်ဘုံနတ်နန်းကိုမှ သွားဖို့  ခွင့်မပေးနိုင်ဘူး” တို့  အတုခိုးပြီးငိုတာ။  မပုတင်အမေ ဒေါ်ကုလားမက ၀ါးခြမ်းပြားနဲ့   လိုက်ရိုက်တဲ့အထိပဲ။
-----------------------------

အပျိုပေါက်ကလေးဖြစ်တော့လည်း မပုတင်က အသုဘတွေကို အရမ်းစိတ်ဝင်စားပါတယ်။ မသာရှင်တွေ နှပ်ကလေး တစ်ရှုံ့ရှုံ့   မျက်ရည်ကလေး တသုတ်သုတ်နဲ့  ဆို သိပ်အားမရပေမဲ့  ရင်ဘတ်စည်တီး ပြောကြငိုကြတာတွေကိုတော့ သိပ်သဘောကျတယ်။  ဟုတ်တယ်လေ။ သေတဲ့သူက ကိုယ့်အိမ်ကိုယ့်ခြံက အပြီးထွက်တော့မှာ။ ဒါကို ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်သလို နေတာကိုတော့ မပုတင် မကြေနပ်ပါ။  သေတဲ့သူကို သိပ်ပြီး အားနာမိသည်လေ။

မပုတင် အသက် ၁၈နှစ်မှာ ဆိုက်ကားနင်းတဲ့ ကိုငွေမောင်းနဲ့အကြောင်းပါတယ်။ ကိုငွေမောင်းအမေ မုဆိုးမ အဖွားကြီး ဒေါ်လုံမက ဘယ်သမီးတွေနဲ့မနေဘဲ အငယ်ဆုံးသားကလေး ငွေမောင်းကို မခွဲနိုင်တာနဲ့   လိုက်ပြီးအတူနေပါတယ်။  အဖွားကြီးက အိမ်ရှေ့မှာ မြေအိုးကလေးတွေ ရောင်းပြီး ကိုယ်ပိုင် ၀င်ငွေရှာပါတယ်။  သုံးနှစ်လောက်ကြာတော့ ယောက္ခမကြီးဆုံးပါတယ်။ တကယ်ဆို ပစိပစပ်များတဲ့ ယောက္ခမကြီးကို မပုတင် မချစ်ပါ။  ဟင်းချက်ရင်တောင် ပေါ့သလေး ငန်သလေး အမြဲချေးများတတ်သလို မပုတင်ကို တစ်ခါမှ မျက်နှာသာ ပေးခဲ့တာမဟုတ်တော့ သူသေတာ ၀မ်းမနည်းဘဲ ၀မ်းတောင် သာသလိုလို ဘာလိုလို။  ဒါပေမဲ့ ဒီအခွင့်အရေးကို မပုတင် လက်လွတ်မခံပါ။  ဘုန်းကြီးရေစက်ချပြီးလို့   အမျှအမျှ သုံးကြိမ်ပြီးတာနဲ့   ငိုဖို့  လိုင်စင်ရထားတဲ့အလား  အံမယ်လေး အမေရဲ့ အသေစောလို့  နှမြော လှချည်ရဲ့  ဆိုပြီး အော်ကြီးဟစ်ကျယ် ငိုပါတော့တယ်။   တကယ်တော့ အဘွားကြီးအသက်က ကြီးလှပေါ့။  စောတယ်လို့ မဆိုနိုင်ပေမဲ့ သူတတ်သမျှမှတ်သမျှ ငိုရတာဆိုတော့။  သူ့ငိုသံကျယ်ကြီးကြောင့် တရှုံ့ရှုံ့ငိုနေတဲ့ ကိုငွေမောင်းနှမ မယ်အိတို့   မယ်သန်းတို့တောင်  ကြောင်သွားတယ်။   “ပုတင်ကို တခါတည်း ခေါ်သွားပါလား အမေလုံမရဲ့”။  အလကား။ သူလား လိုက်မှာ။ တကယ်လာခေါ်လို့ကတော့ ရှေ့ဆုံးက ပြေးမှာ အမှန်ပါ။  “ ဟမ်မယ်လေး- တညင်းသီးနဲ့  ငါးပိရည်လေး စားချင်တယ် ဆို”။  ဘာမှ မဆိုင်ဆိုင်ဆိုင်  ပစ်ငိုလိုက်တာဘဲ။  ဘူးသီးလုံးလောက် မျက်ရည်လုံးကြီးတွေကလည်း ဘယ်ဆီကရောက်လာမှန်းမသိ။ အခေါင်းကြီးကို သုသာန်ပို့တဲ့ လမ်းတစ်လျှောက်မှာလည်း မပုတင်ငိုသံက စူးစူးရှရှ။  ရင်ဘတ်ကိုများ တဘုန်းဘုန်းပုတ်လို့။   အလောင်းမြေကျတဲ့အထိ မပုတင်က ငိုလိုက်သမှ ထမီတွေ ပုဝါတွေတောင်မနိုင်ဘူး။    ကိုငွေမောင်းက “တော်-တော်- ပုတင် ၊ နင်တော်တော့နော်၊  ငါပြောနေတယ်“ ဆိုပြီး ခပ်ကျိတ်ကျိတ်ဟန့် ပါတယ်။  သုံးနှစ်သုံးမိုး ပေါင်းလာတဲ့ မိန်းမအကြောင်း မသိဘဲနေမလား။  ဒင်း- သရုပ်ဆောင် နေတယ်ဆိုတာ။  မပုတင်ကတော့ ဂရုမစိုက်တမ်း  လွှတ်ငိုနေတော့တာဘဲ။  အသုဘပြီးတော့ ရွာထဲမှာ တီးတိုး တီးတိုးပြောကြတယ်။  “ပုတင်တို့  ငိုချက်ကတော့ မြသင်းကြည်တောင် အရှူံးပေးရမယ်” တဲ့။

အဲဒီထဲကစပြီး မပုတင် ငိုကျင့်ရသွားတယ်လို့  ပြောရမလားမသိဘူး။  ရွာထဲမှာ သေသမျှ အသုဘ သူနဲ့ လွတ်တယ်လို့မရှိဘူး။  ကိုငွေမောင်းဘယ်လိုပဲတားတား နားမထောင်ဘူး။  ယောက္ခမ အမွေ အိုးဆိုင်လေးကို ပိတ်ပြီး သွားငိုတာဘဲ။  သူငိုတာလည်းကြည့်ဦးလေ။ “ အံမယ်လေး ဒေါ်ဇီးကွက်ရဲ့၊  ကျမဆီက ရေအိုးလေး နှစ်ကျပ်ခွဲနဲက အကြွေးဝယ်ပြီး ထားသွားတော့မလား ဒေါ်ကြီးရဲ့”၊   အသုဘရှင် ဦးတုတ်ကြီး က မျက်ထောက်နီကြီးနဲ့ကြည့်တယ်။  ဒေါ်ဇီးကွက်သမီးက ချက်ချင်းအကြွေးထုတ်ဆပ်ပြီး ထည့်မငိုဖို့  တောင်းပန်ရတယ်။  ”ဖိုးထူးရေ ဖိုးထူးရဲ့ နင်ငယ်ငယ်က ငါ့မျက်နှာကို အိုးမဲသုတ်တာ မှတ်မိသေးရဲ့လားဟဲ့၊  နင့်ကလေးသုံးယောက်နဲ့ မိန်းမကို ထားခဲ့ပြီလား” ဆိုပြီး ကြံကြံဖန်ဖန်တွေ ပြောတတ် ငိုတတ်တာပါ။  ဘကြီးဝိုင်းကတော့ “ဟဲ့ ပုတင်၊ ငါသေရင် နင်လာမငိုနဲ့၊ ငိုချင်ရင်လည်း ငါ့ ငယ်ကျိုးငယ်နာတွေ ဖေါ်မငိုနဲ့၊ ငါသရဲဘ၀ကနေ နင့်ကို ဂုတ်ချိုးသတ်မှာနော်”လို့  ကြိမ်းတတ်မောင်းတတ်ပါတယ်။ အဲဒီတော့လည်း မပုတင်က ဇက်ကလေးပုပြီး ”ဦးကြီးကလဲ” လို့  လျှာကလေး တစ်လစ်ထုတ်ပြီး ပြောတတ်ပါတယ်။

တစ်ခါကလည်း မပုတင် အိုးရောင်းထွက်ရင်း ရွာတစ်ရွာမှာ အသုဘတစ်ခုနဲ့ ကြုံပါလေရော။  အသုဘက ဆွေမျိုးသိပ်ရှိပုံမပေါ်ဘူး။  လူလေး ခြောက်တီးခြောက်ချက်နဲ့   ငိုမဲ့သူလည်းမရှိဘူး။  ကိစ္စတစ်ခုကို ပြီးအောင် ဆောင်ရွက်နေကြသလိုပဲ။  မပုတင် မနေနိုင် တော့ပါဘူး။  ရွက်လာတဲ့ တောင်းလေး သစ်ပင်ရိပ်ချပြီး ပြေးငိုလိုက်ပါတယ်။  ”အံမာလေး ဂျီးဒေါ်ရဲ့” ။  ထမ်းလာတဲ့ လူတစ်ယောက်က အဖိုးကြီးဗျ လို့ တိုးတိုးပြောတယ်။  အဲဒီတော့မှ ”ဘကြီးရဲ့” ဆိုပြီး ပြောင်းငိုရတာပေါ့။  အသုဘမြေကျပြီးလို့   ငိုလို့ပြီးခါမှ ပြန်လာကြည့်တော့ မပုတင်ရဲ့  အိုးတောင်းကလေး မရှိတော့ပါဘူး။  ကိုငွေမောင်းလိုလူအေးမို့လို့ပေါ့။  ဒီ့ပြင် ယောက်ျားသာဆို ဆတ်ဆော့ရကောင်းလားဆိုပြီး ကျောကော့အောင် အရိုက်ခံရမှာ။

------------------------------

မပုတင် အသက်လေးဆယ်မပြည့်ခင် ဆုံးပါတယ်။  ရောဂါတော့ မယ်မယ်ရရမရှိပါဘူး။  ဒီလိုဘဲ ဖျားရာက မစားနိုင်မသောက်နိုင်နဲ့   နာလံမထူတော့ဘဲဆုံးတာပါ။  သူ မဆုံးခင် ကိုငွေမောင်းကို မှာခဲ့ပါသေးတယ်။  ”ကျူပ်နေရတော့မှာ မဟုတ်ပါဘူး တော်”- တဲ့။  “ကျူပ်သေပြီးတဲ့နောက်  ရှင် - နောက်မိန်းမ ယူချင်ယူပါတော်။  ဒါပေမဲ့ ကျူပ် အသုဘမှာတော့ ကျကျနန လွမ်းလွမ်းဆွေးဆွေးကြီး ငိုပေးပါ  ကိုငွေမောင်းရယ်”တဲ့။
--------------------------------


ရွာမှာ အသုဘ အခမ်းအနား ရှိတိုင်း ငိုချင်းသယ် မပုတင်ကို အားလုံးက သတိရနေကြစမြဲပေါ့။

-------------------------


မိုးစက်ပွင့်

Wednesday, 19 May 2010

ဓါတ်ပုံလက်ဆောင်

ခရီးသွားနေတာရယ် ကွန်နက်ရှင်မကောင်းတာရယ်ကြောင့်  စာမရေးဖြစ်ပေမဲ့ ဘလော့မှ အနည်းငယ်သော သူငယ်ချင်းများကို သတိရနေပါတယ်။  လောလောဆယ် ဘာမှ မရေးဖြစ်သေးတာမို့  လောလောဆယ်ရိုက်ထားတဲ့ ဓါတ်ပုံကလေးတွေပဲ အမှတ်တရ လက်ဆောင်ပေးပါရစေ... ယူသွားပါနော် :D

ပန်းကလေးတွေ မြတ်နိုးတတ်တဲ့ အပြုံးပန်း အတွက် ပင်လုံးကျွတ်ပွင့်နေတဲ့ ပိတောက်ဝါလက်ဆောင် .....။
 
မမရှင်လေးအတွက်  ပုဇွန်ထမင်းကြော်၊ နှမ်းလေးနဲ့ ကြက်သွန်ကြော်ဖြူးထားတယ်။ မွှေးမွှေးဆိမ့်ဆိမ့်။





ဟင်းချက်ကောင်းတဲ့ စူးနွယ်လေး အတွက် ပုဇွန်သုပ်...ချဉ်ချဉ်လေး...။ ဟဲဟဲ- တို့ချက်တာမဟုတ်ဘူး (အထင်ကြီးသွားမှာစို့လို့)..။  ညီမလေး ချက်တာပါ။


ဗဟုသုတရစရာ စာတွေအရေးကောင်းတဲ့ ဇီဇ၀ါ အတွက် ပိန်းနဲသီး တစ်အုပ်တစ်မ...။  မှည့်တော့ မမှည့်သေး။


သဲထိတ်ရင်ဖို တွေရေးတတ်တဲ့ ကလူထွေးကြီးအတွက်  လိုဏ်ခေါင်းကြီးတစ်ခု ........။ ဒုတိယကမ္ဘာစစ်ကတည်းက ဆောက်ထားတာ ဆိုပဲ...။ ပေ၃၀၀လောက် ရှည်မယ် ထင်ပါတယ်။




ချော (အစိမ်းရောင် လွင်ပြင်)အတွက် ကျောက်စိမ်းတုံးသယ်ဖို့ သင်္ဘောတစ်စီး .............။ ရှယ်ယာဝင်ခွင့်ပြုမလားဟင်...။




မမ မကျည်းတန်အတွက် မြစ်ပြင်ကျယ် ရှုခင်း ....။ ညနေခင်း ဆည်းဆာအလှပါ။

 တဖက်သတ်ခင်ရတဲ့  မအယ်ဇီ၊ မမိုးချိုသင်း၊ မတူးတူးသာ၊ မကိကိ ၊ မငယ်နိုင၊် မရွှေဇင် တို့ တူတူစီးဖို့  ရွက်လှေကလေးတစ်စီး။ (နိုင်ပါ့မလားတော့ မသိဘူး)




ပုံလေးတွေကြည့်ပြီး မိုးစက် ဘယ်ရောက်နေတယ်ဆိုတာ သိကြမယ်ထင်ပါတယ်.။ (လောလောဆယ် လျိုထားလိုက်ဦးမယ်) ဓါတ်ပုံ လက်ဆောင်လေးတွေ  ကြိုက်မယ်လို့တော့ မျှော်လင့်ပါတယ်......။  နောက်မှ ထပ်ရေးဦးမယ်နော်.....။
ခု..........ကိုယ်.........အိပ်ချင်ပြီ :-))))))))

မိုးစက်ပွင့်

Sunday, 2 May 2010

မျိုးနဲ့ ရိုးနဲ့ အ တဲ့သူ

ရိုးလွန်းတာ့ “အ” သတဲ့။ ကျွန်မတို့နယ်ရုံးကလေးတစ်ခုက နေ့အကူ ၀န်ထမ်းကလေး အမည်က ကိုဘကြိုင်တဲ့။  အသက်ကတော့ သုံးဆယ်ကျော်လောက်ပဲ ရှိဦးမယ်။ သူ့ဇာတိက အညာရွာတစ်ရွာကဖြစ်ပြီး လူက တော်တော်လေး ရိုးပါတယ်။  အမှားတွေ မကြာခဏ လုပ်တတ်လို့လည်း သူ့ကို “နီကိုရဲ” လို့ အမည်ပေးထားတယ်။   နီကိုရဲ ဇာတ်ကောင်လိုဘဲ သူက သေးသေးကွေးကွေး ပုပုပျပ်ပျပ် ကလေးပါ။  သူ့ရဲ့  ရယ်စရာ အမှားကလေး တစ်ချို့  မျှဝေချင်လို့ပါ...။
တစ်နေ့ကျတော့ တခြားရုံးသားတွေနဲ့အတူတူ ကိုဘကြိုင်  ရန်ကုန် သွားရတယ်။  ရန်ကုန်ဆိုတာ သူ့အတွက်တော့ မျက်စေ့လည်စရာကြီးပါ။  ရုံးရှေ့ကို ရောက်တော့ (တိုက်တိုက်ဆိုင်ဆိုင် သူတစ်ယောက်ထဲ)  အော်တိုမက်တစ်မှန်တံခါးရှေ့မှာ ရပ်လိုက်ချိန်  ဗြုံးကနဲ တံခါးပွင့်သွားတယ်။  သူနည်းနည်းတော့ လန့်သွားတယ်။  ဘေးဘီဝဲယာကြည့်တော့ တံခါးဖွင့်သူလည်း မရှိ။  သရဲများခြောက်တာလား ဆိုပြီး နောက်နည်းနည်း ဆုတ်လိုက်တော့ တံခါးက ပြန်ပိတ်သွားတယ်။  ခဏစောင့်ပြီး လူသူလေးပါး ချောင်းဖို့ ကပ်သွားတော့ တံခါးက ပြန်ပွင့်၊ သူ နောက်ဆုတ်တော့ တံခါးက ပြန်ပိတ်နဲ့   ဖွင့်ချည် ပိတ်ချည် အကြိမ်ပေါင်းများစွာ ဖြစ်နေတာ။  နောက်တော့ သူဆုံးဖြတ်ချက်ချ ပုဆိုးပြင်ဝတ်လိုက်တယ်။  အသာ တံခါးအနားကပ်တဲ့ပြီး ပွင့်လာတဲ့တံခါးကြားကနေ  အချိန်မဆိုင်း ( ညပ်မိမှာစိုးလို့ ) တစ်ဟုန်ထိုး ပြေးဝင်ခဲ့တော့တယ်.........  

သူတည်းတဲ့ ဟိုတယ် ရောက်တော့လည်း (ဒီတစ်ခါတော့ အဖေါ်ပါတယ်)  ဓါတ်လှေခါး နားမှာ လူတွေ စုစု စုစု ရပ်နေတာ မြင်သတဲ့။  အဖေါ်က ခလုပ်နှိပ်ပြီး ၀င်တော့ သူလဲ လိုက်ဝင်ပါတယ်။  သူ့စိတ်ထဲမှာတော့ ပေါင်ချိန်စက်ကြီး လို့ ထင်ပါသတဲ့။  သြော်-  ဟိုတယ်ပေါ်တက်ဖို့   ပေါင်လည်းချိန်ရသကိုး လို့   တွေးမိတယ်။

ဟိုတယ်ခန်းထဲမှာ ရေချိုးဖို့  ကြွေကန်တွေ ဘာတွေနဲ့  ဆိုတော့ သူမသုံးတတ်ပြန်ပါဘူး။  ဟိုခလုတ် ဒီခလုတ်တွေလည်း ဓါတ်လိုက်မှာစိုးတော့ မထိရဲ မပြုရဲပေါ့။  နောက်ဆုံး အိမ်သာဘေးက ပိုက်ခေါင်းလေးနှိပ်ကြည့်တော့ ရေထွက် လာတယ်လေ...။ ဟွန့်- ဒါပဲဖြစ်ရမယ် ဆိုပြီး အိမ်သာပိုက်နဲ့  တစ်ကိုယ်လုံး ဖြန်းပြီး ရေချိုးခဲ့ပါသတဲ့...။


သူကရိုးပေမဲ့ သူနဲ့သွားတဲ့ အဖေါ်တစ်ချို့ကဆန်းတော့ ယက်ကန်ယက်ကန်နဲ့  အနှိပ်ခန်း ရောက်သွားပါသတဲ့။  ကောင်မလေးတွေ ခြေထောက်စနှိပ်ကတည်းက ယားလွန်းလို့  မနည်းကြိတ်မှိတ်သည်းခံနေရတာ။  သူ့ကို ထိုင်ခိုင်းပြီး နောက်ကနေ ခါးကြောဆွဲလိုက်တဲ့အချိန်မှာတော့( အထိမခံနိုင်အောင် ယားတတ်သူပီပီ)အောင်မလေး- သောက်ခွေး“ အော်လဲအော် ရုန်းလဲရုန်းနဲ့ ကောင်မလေး ရင်ခွင်ထဲ ၀ုန်းဆို ပစ်ကျသွားပါလေရောတဲ့။ ကောင်မလေးတွေက စိတ်ဆိုးပြီး သူတို့အားလုံးကို ပြီးအောင်မနှိပ်ဘဲ နှင်လွှတ်လိုက်ပါတယ်။ 

သူ့အဖြစ်ကို ကျွန်မတို့က တဟားဟားရယ်ကြတော့ သူက ပြောပါသေးတယ်။

အံမယ်- ကျွန်တော်တို့ ညီအစ်ကို ၀မ်းကွဲတစ်ယောက်က ပိုဆိုးသေးတယ်။  သူက လယ်လေး ခြံလေးပိုင်တော့ ဒါတွေရောင်းပြီး နိုင်ငံခြား (မလေးရှား)သွားဖို့ပြင်တာ။  ပွဲစားကလည်း ညွန့်နေအောင်ပြောပြီး ငွေတောင်း ထားတာ။ ရန်ကုန်မှာ သူ့ကို အကျအနပြင်ဆင်ပြီး လေဆိပ်ခေါ်သွားတယ်။  လေဆိပ်ရောက်ရင် လာကြိုလိမ့်မယ် မပူနဲ့..... လို့လည်း ပွဲစားက မှာလိုက်သေးတယ်။   လေယာဉ်ပေါ်လဲ တင်ပေးလိုက်တယ်။  စီးရင်းစီးရင်း လေယာဉ်ပျံ အပေါ်စီးကနေ ရှူခင်းတွေကြည့်လိုက်တော့ ဘုရားပုထိုးတွေ အများကြီး မြင်ပါသတဲ့။   မလေးရှားကလည်း ငါတို့  အညာလို ပါဘဲလား လို့  တွေးကောင်းနေတုန်းမှာဘဲ  -  လေယာဉ်မယ်က ကြေငြာပါတယ်။ မကြာမီ “ညောင်ဦး လေဆိပ်”ကို ဆင်းသက်ပါတော့မယ်ရှင် - တဲ့။

 သြော် သူတို့က မျိုးနဲ့  ရိုးနဲ့   “အ” တာကိုး ..............

မိုးစက်ပွင့်

ကိုယ်တွေ့ နာဂစ် (နှစ်နှစ်ပြည့် အမှတ်တရ)

နာဂစ်ဆိုတဲ့ ပန်းအမည်ခံထားတဲ့ နတ်မိစ္ဆာမယ်က သူ့ရဲ့ လက်ကြမ်းကြီးနဲ့   လူသိန်းသောင်းများစွာတို့ရဲ့ အသက်တွေ အိုးအိမ်တွေ ပိုင်ဆိုင်မှုတွေကို ဖဲ့ခြွေဖျက်ဆီးခဲ့တာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ.....။  ဒီနေ့မှာပဲ မှတ်မှတ်ရရ တစ်စွန်းတစ်စ ပါတ်သက် ပါဝင်ခဲ့ရတဲ့ နာဂစ်ကိုယ်တွေ့လေးကို မှတ်တမ်းလေး တို့ထားမိပါတယ်။ 

ဧပရယ်လကုန်ထဲက မုန်တိုင်း သတိပေးချက်တွေကို အင်တာနက် စာမျက်နှာတွေပေါ်မှာ ဟိုတစ်စ ဒီတစ်စ မြင်နေရပေမဲ့ ဒီလိုကြီး ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့  မထင်ခဲ့တဲ့အထဲမှာ ကိုယ်လဲပါတယ်။  ပေါ့ပေါ့လျော့လျော့နဲ့ ခရီးထွက်နေလိုက်တာ မေလ ၂ရက်မှာတောင် ပုဂံမှာ ရောက်နေခဲ့ပေါ့။  ညနေခင်းမှာ လေပွေလေး တစ်ချက် ခပ်ပြင်းပြင်း သုတ်သွားတာကိုကြည့်ပြီး ရယ်လို့တောင် နေခဲ့ကြသေးတာ။ သေသေချာချာသိရတာက မနက်ပိုင်း လေယာဉ်တွေ  ဖျက်သိမ်းလိုက်ပြီဆိုမှပါ။  ရန်ကုန် ဖုံးလိုင်းတွေလည်း တော်တော်များများ ပြတ်နေတာကိုး....။  နောက်ပိုင်းတော့ အသေအပျောက်နဲ့  အပျက်အစီးသတင်းတွေ  အချိန်နှင့်အမျှ ထွက်ပေါ်လာခဲ့တော့တယ်။

ပုဂံမှာ တစ်ရက် နှစ်ရက် သောင်တင်ပြီးမှ ရုံးပြန်ရောက်ပါတယ်။  ရုံးက ကိုယ့်ကို မြစ်ဝကျွန်းပေါ်ဒေသ သွားဖို့ အကြံပြုတယ်။  လိုလိုလားလား ထွက်လာခဲ့တယ်။  တလမ်းလုံးလည်း အိုးအိမ် ဆိုင်းဘုတ် လမ်းတံတား အပျက်အစီးတွေက မြင်မကောင်းအောင် ပါပဲ။  မေလ ၇ရက်နေ့မှာတော့ ဖျာပုံ နဲ့  ဘိုကလေးကို ကိုယ်ရောက်ခဲ့ပါပြီ။ မြို့ပေါ်မှာ ဒုက္ခသည်တွေရယ်၊ အေဂျင်စီ ကယ်ဆယ်ရေးဝန်ထမ်းတွေရယ်၊ အာဏာပိုင်တွေရယ်၊ ပုဂ္ဂလိကအလှူရှင်တွေရယ် ရှုပ်ရှက်ခပ် လို့ နေတယ်။


Saturday, 1 May 2010

ငယ်ကချစ် အနှစ်တရာ

ကံကုန်းရွာက လယ်ပိုင်ရှင်ကြီး ဦးထွန်းလှမှာ သမီးသုံးယောက် ရှိတယ် ။ မအေးကြွယ်၊ မအေးမယ်၊ မအေးမျှင် တဲ့။   အစ်မကြီး မအေးကြွယ်က ညိုညို ထောင်ထောင်မောင်းမောင်း၊  အချက်အပြုတ်မှာ လူသုံးလေးဆယ်စာ တစ်ယောက်တည်း နိုင်နင်းသည်။ ၀တ်တာစားတာ ရိုးလွန်းတော့  ရှိရင်းစွဲ အသက်ထက်ဆယ်နှစ်လောက် ပိုကြီးတယ် ထင်ရသည်။ မအေးမယ် က ညီအစ်မသုံးယောက်ထဲမှာ အသားအဖြူဆုံး၊ အရပ်ပုပု နှာတံပြားပြားလေးနဲ့  လှသည်လို့ မဆိုနိုင်ပေမဲ့ မျက်နှာချိုပြီး လေသံအေးအေးလေးနဲ့ စကားပြော တတ်တာမို့   ရွာနီးချူပ်စပ်က သဘောကျကြသည်။  အငယ်ဆုံး မအေးမျှင် ကျတော့ အသားညိုညို ပိန်ပိန်ပါးပါးလေးနဲ့  နှုတ်သီးကောင်း လျှာပါး၊ စိတ်ထက်သူ၊ လယ်ထဲယာထဲ အလုပ်မှာ ယောက်ျားများနဲ့ တန်းတူလုပ်ပြီး အားလုံးကို သူက လက်ညှိုးထိုးခိုင်းနိုင်သူဖြစ်သည်။ သူဆိုးပုံကပြောမကုန်။ သူ့ကို လာပြီး လက်ထပ်ဖို့အရေး ဆွယ်စပ်သူ အောင်သွယ်တွေကို နောက်တစ်ခါလာရင် အကြောင်းသိစေရမယ် ဆိုပြီး ဒါးကြိမ်း ကြိမ်းသည်။   ဒါကြောင့်လည်း “အမျှင်လေး”ကို လူရှိန်သည်။

ကိုဖေတင်က ပန်းတောရိုးရွာသား။ မအေးမယ်တို့ရွာနဲ့ ကိုဖေတင်တို့ရွာက တော်တော်လည်းဝေးပါသည်။ လှည်းနဲ့တောင် နှစ်ရက်လောက်သွားရမှာ။ ဒါပေမဲ့ နီးစပ်ရာဆွေမျိုးတွေက ဆက်စပ် လှော်လှဲပြီး မအေးမယ်နဲ့ ချိတ်မိခြင်းဖြစ်သည်။ ဒီလိုမှ မလှော်ရင်လည်း ကိုဖေတင်က အိမ်ထောင်ကျဖို့ လမ်းမမြင်။  လယ်ထဲယာထဲအလုပ်ကို ရွပ်ရွပ်ချွံချွံ လုပ်သလောက် မိန်းကလေးတွေနဲ့  စကားပြောရမှာ ရှက်သည်။  ညီဖြစ်သူ စံတင့် က မျက်နှာချိုပြီး ချစ်သူခင်သူ ပေါသလောက်  သူကတော့ မျက်မှောင်ကြီး အမြဲကြုံ့ ထားတတ်သည်။  ပါဠိစာကို နွားကျောင်းရင်း ကျက်ပြီး အဘိဓမ္မာစာမေးပွဲ အဆင့်ဆင့် အောင်လာသူ လည်းဖြစ်သည်။  အဲဒီလိုနဲ့ ဘုန်းကြီးမကျ လူမကျ နေလာလိုက်တာ အသက်အစိတ်ကျော်လို့  သုံးဆယ်နားနီးတော့ မိဘတွေ ဆွေမျိုးတွေက မအေးမယ်နဲ့   အောင်သွယ်ပေးကြတာဖြစ်သည်။

နှစ်ယောက်လုံးက လူချင်းမမြင်ဘူးပေမယ့်  မိဘတွေစီမံတာနာခံမည်ပဲပေါ့။  ခေတ်အခါကလည်း အားလုံးက  ဒီလိုပဲ ရှိကြသည်မို့လား။ လူကြီးစုံရာနဲ့   မြန်းတဲ့အချိန်ကျမှ မထမဆုံး တွေ့ဖူးကြတာလေ။ ဘာပဲပြောပြော မအေးမယ်ကိုတော့ သဘောကျသည်။  ကိုယ့်ရွာက မိန်းကလေးတွေထက်တော့ လှသည်ဟု ထင်တာကိုး။ ပြီးတော့ ပဒုမ္မာအကျီင်္ လက်ရှည်လေးနဲ့   မျက်လွှာချထာလေးက သိမ်သိမ်မွေ့မွေ့ လေးဆိုတော့ ခဏခဏ ခိုး ခိုး ကြည့်ရသည်။  မအေးမယ်ကတော့ ဧည့်ခံလို့သာ နေရတယ် ရှက်ရှက်နဲ့ ခေါင်းကြီးငုံ့ထားတော့ ကိုဖေတင့်ကို ဖြူသလား မဲသလား တောင်မပြောနိုင်။ ညေ့်သည်တွေစားဖို့ ချက်ပြုတ်နေတဲ့ မီးဖိုချောင်ထဲက အစ်မကြီး မအေးကြွယ်က ချောင်းချောင်းကြည့်ပြီး အသေးစိတ် ပြန်ပြောပြမှ ကိုဖေတင်ပုံပန်းကို သိရတော့တာ။

 *****************

လက်ထပ်ပြီးတော့ ဟိုဖက်ဒီဖက် မိဘတွေလက်ဖွဲ့   လယ်တွေနွားတွေ နဲ့  လုပ်ကိုင်စားရတာ အစပိုင်းမှာတော့ စီးပွားကလေးက သင့်တော့သင့်ပါရဲ့။ တိုင်းရေး ပြည်ရေး မငြိမ်မသက် ကြောင့်  ကျီးလန့်စာစားနေရတာက တစ်ဒုက္ခ၊ စပါးဈေးပဲဈေး မငြိမ်တာက တစ်မျိုး၊ ည ည ဆို သူခိုးဓါးပြတွေက ဇရပ်လို တကျီကျီ ၀င်ထွက်နေတာက အဆိုးဆုံးပါကလား။ ရွှေကုန်တော့ ငွေ၊ ငွေမရှိတော့ အသုံးအဆောင် နှင့် ခြုံထားတဲ့စောင်တွေအထိ ခွာယူတတ်ကြတာမျိုးဆိုတော့ စားဝတ်နေရေးက ပိုလို့ ကြပ်တည်းလာသည်။