ချင်းပြည်မြောက်ပိုင်းက အသည်းပုံရှိတဲ့ ရိဒ် (RIH ) ရေကန်က နာမည်ကြီးပါတယ်..။ သွားချင်ခဲ့တာက စ စချင်း ကြားဖူးတဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းကပါ။ ရောက်မယ့်ရောက်တော့ ချမ်းလှအေးလှတဲ့ ဒီဇင်ဘာရဲ့ ရက်တစ်ရက်မှာ..။
ရိဒ်ကန်က ရိခေါဒါမြို့လို့ခေါ်တဲ့ အိန္ဒိယနယ်စပ်မြို့ကလေးနဲ့ နှစ်မိုင်လောက်သာဝေးပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်၊ဖလမ်းတို့နဲံ နာရီအနည်းငယ်သာ ကားမောင်းရတဲ့ ခရီးမှာပါ။ ကျွန်မတို့ကတော့ တီးတိန်ကနေ သွားခဲ့တာမို့ ၃၆မိုင်ခရီးကို နှစ်နာရီလောက် မောင်းခဲ့ရပါတယ်။ လမ်းက ချဲ့ထွင်ဖေါက်လုပ်ဆဲ မြေသားလမ်းဖြစ်ပါတယ်။ လမ်းဘေးက သစ်ပင်တွေကလည်း ကားတစ်စီးဖြတ်သွားတိုင်း ပေါင်ဒါမှုန့်ဖြူးသလို ဖုန်တစ်ထောင်းထောင်း ထနေတာမို့ အဖိုးကြီးအိုမုတ်ဆိတ်လို ဖွေးဖွေးဖြူလို့ရယ်..။ တီးတိန်လို တောင်ကုန်းမြင့်တဲ့နေရာကနေ ကွေ့ကာပတ်ကာမောင်းပြီး တော်တော်နက်နက်ဆင်းတဲ့အခါ ချောင်းတစ်ခုကို ရောက်ပါတယ်။ အဲဒီတံတားကိုကျော်ပြီးတဲ့အခါမှာတော့ ရိခေါဒါမြို့က နာရီဝက်မရှိတရှိလောက်သာ ဝေးပါတော့တယ်..။ ရိခေါဒါ မြို့လေးကိုရောက်လာတော့ တော်တော် မှောင်နေပါပြီ..။ ခရစ်စမတ်နီးပြီမို့ ကယ်ရိုဆင်းဂင်း သီချင်းအဖွဲ့တွေ မြို့ထဲမှာ လှည့်လည်နေတာ တွေ့ရပါတယ်။
ရိခေါဒါမြို့ထဲမှာ တည်းခိုခန်းတွေ ရှိပေမယ့် ကျွန်မတို့အဖွဲ့က မနက်စောစော ရိဒ်ကို မြင်ချင်တာမို့ ကန်ရှိရာမှာ ညအိပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နာရီဝက်လောက် ဆက်မောင်းလာတော့ ကန်နားကိုရောက်ပါတယ်။ ကန်စပ်မှာ နှစ်ခန်းတွဲ ဘန်ဂလိုအိမ်ကလေးတွေ ရှိပါတယ်။ (ပုံကတော့ မနက်မှ ရိုက်ထားတာပါ) တည်းခိုသူမရှိလို့ ကျမတို့ စိတ်တိုင်းကျ နေရာယူကြပါတယ်။