Saturday, 29 August 2009
မင်းဂံရွာသူလေးရဲ့ပုံပြင်
(၁)
ကျွန်မ က ရေမရောတဲ့ အညာသူစစ်စစ်ပါ။ ကျွန်မကို အညာမြေက မကွေးတိုင်း ချောက်မြို့နယ် မင်းဂံရွာကလေးမှာ မွေးပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်းရဲ့ နယ်စပ် ညောင်ဦး-မကွေး လမ်းမကြီးရဲ့ မနီးမဝေးမှာ ရှိပါတယ်။ တစ်ချို့ကတော့ မကွေးတိုင်းက အညာမဟုတ်ပါဘူး..... မြေလတ် လို့လည်း ပြောကြပါသရှင့်။ ကျွန်မလဲ စာမသင်ခဲ့ရတဲ့ တောသူဆိုတော့ သိပ်တော့ ခွဲခွဲခြားခြား မပြောတတ်ပါဘူးရှင်။ အညာဘဲပြောပြော မြေလတ်ဘဲဆိုဆို ကျွန်မဇာတိ ချောက်မြို့နယ်ဒေသကတော့ အတော့်ကို ပူပြင်းချောက်သွေ့တာပါရှင်။ ရေဆိုတာလည်း ရှားမှရှားပဲရှင့်။ ပညတ်သွားရာ ဓါတ်သက်ပါ ဆိုသလိုများဖြစ်နေရော့သလားလို့ ထင်မိပါတယ်။ သြော် - ”ရေကြည်သောက်ရင် .... မြင်ရမလောက်ပင်... လည်တိုင်သေးကျဉ်.... နဘေးကြည့်ကသာလို့ယဉ်.....” ဆိုတဲ့သီချင်းထဲက မန္တလေးနယ်တစ်ဝိုက်က မင်းဂံဘုတ်ရွာ မဟုတ်ရပေါင်ရှင်။ အဲဒီ မင်းဂံဘုတ်နဲ့ ကွဲပြားအောင်ဆိုပြီး ကျွန်မတို့ရွာကို မင်းဂံစု လို့လည်း ခေါ်ပါသေးတယ်။
(၂)
ကျွန်မက အဖေအမေတို့ရဲ့ သားသမီးအရင်းတော့ မဟုတ်ခဲ့ပါဘူး။ ကျွန်မမှတ်မိတတ်စအရွယ်မှာ ရွာနဲ့မနီးမဝေးက မင်းဂံတောင်ပေါ်မှာ အလုပ်လုပ်ရင်း အဖေက တွေ့ပြီး ခေါ်ယူခဲ့တာပါ။ ကျွန်မအဖေရဲ့ ပခုံးပေါ်က ညွှတ်ပဲ့ပဲ့ ဆိုင်းထမ်းထဲမှာ လိုက်ပါလာရာကနေ ကျွန်မ အမေ့အိမ်ကို ရောက်ခဲ့ပါတယ်။ အမေ့လက်ထဲကို စရောက်ချိန်မှာတော့ ကျွန်မဟာ ပုံမကျ ပန်းမကျ ရုပ်ဆိုးမလေးတစ်ယောက်သာ ဖြစ်နေဆဲပါ။ အမေ့ရဲ့ နူးညံ့သိမ်မွေ့ ကျွမ်းကျင်တဲ့ လက်အောက်မှာ ပြုပြင်သွန်သင်မှုကိုခံယူရင်း ကျွန်မဟာ အချိန်နဲ့အမျှ သိမ်မွေ့ လှပ လာခဲ့တယ်။ ကျွန်မရဲ့ဘေးမှာလည်း မမကြီး မမလတ် မမငယ်တွေ ၀ိုင်းနေတာပါပဲ။ မွေးလဲ မွေးနိုင်တဲ့ အဖေနဲ့အမေပါ။ တစ်ညနေမှာတော့ အမေက သူ့လက် ကြမ်းကြမ်း နွေးနွေး ထွေးထွေးလေးနဲ့ ကျွန်မတို့ညီအမ တစ်တွေကို တစ်ယောက်စီ ပွတ်သပ်တယ်။ ပွေ့ပိုက်တယ်။ နှုတ်ကလည်း တစ်ဖွဖွပြောနေလေရဲ့။ ကဲ ငါ့သမီးတို့ကို အဖေနဲ့အမေက မချစ်လို့မဟုတ်ပါဘူးကွယ်။ အမေတို့ တစ်နေ့လုပ်မှ တစ်နေ့စားရတာ သိတယ်မဟုတ်လား။ တို့နဲ့နေလို့ နင်တို့လဲဘာမှဖြစ်လာမှာမဟုတ်ဘူး ။ ငါ့သမီးတို့ လောကကောင်းကျိုးကို တတ်နိုင်သမျှ သယ်ပိုးကြတော့လို့ ပြောရင်း အဖေ့လက်ထဲကို မမသုံးယောက် ထည့်လိုက်တယ်။ ကျွန်မနဲ့ ညီမထွေးလေးကို အမေက ပိုက်ပြီး ရွာစွန်က အိမ်ကြီးကြီးကို သွားကြတယ်။ ရေနံဝနေတဲ့ သစ်သားအိမ်အကြီးကြီးရဲ့ ၀ရံတာမှာ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာနေတဲ့ မိန်းမ၀၀ကြီးက အမေ့ကို လှမ်းနှုတ်ဆက်တယ်။ မိစိန်တို့ လာကြပြီလား- နောက်ကျလိုက်တာအေ လို့ အသံမာမာနဲ့ နှူတ်ဆက်ပါတယ်။ အမေက ဟုတ်ကဲ့ မမကြည်၊ ကိုငွေ တောင်ပေါ်ကပြန်လာတာ နဲနဲနောက်ကျသွားလို့ ဆိုပြီး အမေက လေပြေထိုးပါတယ်။ အဲဒီတော့မှ အဒေါ်၀၀က စိတ်ပြေသွားပြီး ကျွန်မတို့ဘက်ကိုလှည့်ကြည့်ပါတယ်။ သူတို့အတွက်ရတဲ့ငွေကို အကြွေးစာရင်းထဲက နှုတ်လိုက်မယ်နော်လို့ ပြောလဲပြော၊ စာရင်းမှတ်လဲမှတ်ပါတယ်။ ပြီးတော့ အမေ့လက်ထဲကို ဆန်ထုပ်သေးသေးတစ်ခု၊ ဆီ၊ဆား၊ကြက်သွန် တစ်ချို့ပေးပါတယ်။ ပြီးတော့ အဖေတောင်ပေါ်တက်ရင် မပါမဖြစ်တဲ့ ၀ါဆို ဖယောင်းတိုင်ထုပ်။ ဟဲ့ ကျောက်ကျင်းဆင်းတာ မိုးရိပ်လေရိပ်ကြည့်အုံးနော်- ဖိုးငွေ၊ ဟိုတစ်လောက သံချောင်းကိစ္စ ငါ့ဖြင့် ခုထိစိတ်မကောင်းဘူး၊ ကောင်လေးနှယ် ရှင်တောင်မပြုရသေးဘူးတဲ့။ အဖေက ဟုတ်ကဲ့ ကျွန်တော်လဲ သတိပေးပါတယ်။ သူ့ကျင်းက အတောင်၁၀၀လောက် နက်နေပြီ။ ကျောက်တွေကလည်း ခပ်မွမွဆိုတော့....။ အဖေက စိတ်မကောင်းဟန်နဲ့ စကား ဆက်မပြောတော့ပါဘူး။ သူ့အကြွေးတွေ အဒေါ်၀၀ဆီမှာ များများလာတာကိုလည်း သိချင်ကြားချင်ပုံမပေါ်ပါဘူး။ ကျွန်မတို့ ညီအစ်မကိုတစ်ချက်စောင်းကြည့်ပြီး အိမ်ပေါ်ကဆင်းသွားပါတယ်။ အဖေနဲ့အမေ ညစာ မချက်ရသေးတာ ကျွန်မတို့သိပါတယ်။ ညစာနဲ့ အဖေ တောင်ပေါ်မတက်ခင်စားဖို့ မနက်ထမင်းကြမ်းကို ပေါင်းချက်လေ့ရှိပါတယ်။ အဖေအမေတို့မှာ နာမည်မှာသာ စိန်တွေ ငွေတွေ ပါနေပေမယ့် စားဖို့ ၀တ်ဖို့တောင် အနိုင်နိုင်ရယ်ပါ။ တစ်ရွာလုံးမှာ ဒေါ်ဒေါ်ကြည်တို့လို ပြေလည်တာ ၄-၅ဦးသာရှိပြီး အများစုက ကျွန်မတို့မိဘတွေလို မင်းဂန်တောင်ရိုးကို မှီခိုစားသောက်ရတဲ့ ကျောက်လုပ်သားတွေချည်းပါပဲ။
Labels:
ဝတ္တုတို
Friday, 21 August 2009
Bottle Art
Bottle art ဆိုတဲ့ ပုလင်းပန်းချီကို မနှစ်က ညောင်ဦး ရောက်မှမြင်ဖူးတာပါ။ အဖြူရောင် ပုလင်းအလွတ်ကလေးရဲ့အထဲကို စုတ်တံ ရှည်ရှည်ကောက်ကောက်လေးတွေထည့်ပြီး အတွင်းကနေ ပုံဖေါ်ရတာပါ။ ဘေးလိုင်း ( frame ) အရင်ဖေါ်ရတယ်၊ ပြီးမှ ဆေးရောင်ဖြည့်ရတယ်။ တစ်ရက်နှစ်ရက်လောက် အခြောက်ခံရသေးတယ်။ ပြီးရင်တော့ ရေတောင်ထည့်ထားလို့ရပါတယ် လို့ ညောင်ဦးမြို့က ပန်းချီဆရာ ယောနသံညိုက ရှင်းပြပါတယ်။ မြင်နေကျ ကင်းဗတ်ပေါ်က ပန်းချီကားတွေနဲ့ယှဉ်ရင် ပုလင်းလုံးလုံးလေးထဲက ပန်းချီကားလေးက အမြင်ဆန်းလို့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
ဒီဇိုင်းလေးတွေက မျိုးစုံရှိပါတယ်။ Life ....Life လို့အမည်ပေးထားတဲ့ (မောင်တစ်ထမ်းမယ်တစ်ရွက်)က လူကြိုက်အများဆုံးပါ။ နောက်ပြီး (ဦးရွှေရိုးနဲ့ဒေါ်မိုး) ( ထန်းတက်သမား မိသားစု) (အုန်းသီးသည်၊ ဇီးဖျော်ရည်သည်) ( သီတင်းကျွတ်မီးပုံးလေးတွေ) (ခရစ်စမတ်ဘိုးဘိုး) (ပုဂံဘုရား မြင်ကွင်း) (ဆင်သားအမိ) စသဖြင့် စုံလင်ပါတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ် စဉ်းစားပြီးမှာလို့လည်းရပါတယ်။ ပုံတူတွေရော မဆွဲဘူးလားလို့ ကျွန်မကမေးတော့နာမည်ကြီးဆရာတော်ကြီးတွေရဲ့ပုံတွေနဲ့၊ ဒေးဗစ်ကော့ပါးဖီး တို့လို မြင်နေကျပုံတွေပဲ ဆွဲနိုင်သေးတယ်လို့ ဖြေပါတယ်။ ဟိုတစ်လောကတော့ ရမ်ပုလင်းပြားတွေထဲမှာ ဗန်ဂိုးရဲ့ပန်းချီကားတွေကို ဆွဲနေတာတွေ့ရပါတယ်။ ပြင်သစ်က ပြတိုက်ကို လှူမလို့တဲ့။ ပန်းချီကုန်ကြမ်းဖြစ်တဲ့ ပုလင်းခွံတွေကိုတော့ ဆေးရုံကြီးက ၀န်ထမ်းတွေဆီက ရယူပါတယ်တဲ့။ ကိုယ့်ဘာသာကိုယ် ကြိုက်တဲ့ပုလင်းခွံရှာလာရင်လည်း ရပါတယ်လို့ ပန်းချီဆရာက ပြောပါတယ်။ သဘောအကျဆုံးက ဆရာရွှေစိုးဟန် လက်ရာပန်းချီကားလေးတွေထဲကလို အားရပါးရရယ်နေတဲ့ ပါးစပ်ပြဲပြဲလှလှလေးတွေကိုပါ။ မျက်နှာတစ်ခုလုံးမှာ ပါးစပ်လေးတွေကို အသားပေးဆွဲထားတယ်လို့ ထင်ရသလို ကြည့်မိသူပါ ရယ်ချင် ပြုံးချင်စိတ်ဖြစ်လာမယ်လို့ထင်ပါတယ်။ ကျွန်မ ၀ယ်ထားတဲ့ (မောင်တစ်ထမ်း မယ်တစ်ရွက်) ဒီဇိုင်းလေး ကြည့်ပါဦး။

မျှဝေခြင်း
Thursday, 20 August 2009
အိမ်သစ်ကလေး
Wordpress မှာ ဒီမှာ ရေးရာကနေ Blogspot ကိုအိမ်ပြောင်းလာတယ်ဆိုတော့ ဒီဘလော့လေးက ကျွန်မရဲ့ အိမ်သစ်ကလေးပေါ့ရှင်။ အိမ်အဟောင်းက ပို့စ်လေးတွေလည်း သယ်လာပါတယ်။ ခင်မင်စွာ အလည်လာသူများကို ကော်ဖီတွေ၊ မုန့်တွေနဲ့ ဧည့်ခံပါရစေဦး။ အားရပါးရ သုံးဆောင်ကြပါနော်.......
မိုးစက်ပွင့်
Labels:
နှုတ်ဆက်ခြင်း
World Humanitarian Day
ကမ္ဘာ့အထိမ်းအမှတ်နေ့တွေဟာ ပြက္ခဒိန်မှာ တစ်ရက်ပြီးတစ်ရက် တိုးလာလိုက်တာ နေရာလွတ် မကျန်တော့ပါဘူး။ ဒါပေမဲ့ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမယ်၊ အဲဒါဟာ မင်္ဂလာတစ်ပါး မဟုတ်ပါလား။ အဲဒီလိုနဲ့ မကြာသေးခင်ကမှ ဂုဏ်ပြုသတ်မှတ်လိုက်တဲ့ နေ့ကတော့ ဒီနေ့ သြဂုတ်လ ၁၉ရက်နေ့ ” World Humanitarian Day ” ဖြစ်လာပါတယ်။
သြဂုတ်လ ၁၉ရက်နေ့ကို ရွေးချယ်ရခြင်းအကြောင်းကတော့ လွန်ခဲ့တဲ့ခြောက်နှစ် ၂၀၀၃ခုနှစ် သြဂုတ်လ ၁၉ရက်နေ့မှာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ ထရပ်ကားတစ်စီးနဲ့ဗုံးတွေတင်လာပြီး ပေါက်ကွဲစေခဲ့လို့ ကုလသမဂ္ဂရုံးစိုက်တဲ့ Canal Hotel အဆောက်အဦကြီး ပြိုကျပျက်စီးတာနဲ့အတူ လူ ၂၂ဦး သေဆုံးခဲ့တာကြောင့်ပါ။ အဲဒီအထဲက တစ်ယောက်ကတော့ High Commissioner for Human Right and Special Representative of Secretary General for Iraq ဖြစ်တဲ့ Mr. Sergio Viera de Mello ပါ။ တစ်ကမ္ဘာလုံးသိမ့်သိမ့်တုန်ခါသွားစေတဲ့ အဲဒီဖြစ်ရပ်ဟာ Humanitarian Worker တွေရဲ့ နေ့တစ်ဓူဝ ရင်ဆိုင်နေရတဲ့ အသက်အန္တရာယ်ဘေးတွေကို ကိုယ်စားပြု မီးမောင်းထိုးပြနေပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂအထွေထွေညီလာခံက resolution A/RES/63/139 ကို ၂၀၀၈ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ပြီး သြဂုတ်လ ၁၉ရက်နေ့ကို ” World Humanitarian Day ” အနေနဲ့ သတ်မှတ်ခဲ့တာပါ။ Key mesage ထဲမှာလဲ "............ the dedication of the many thousands of aid workers who have devoted their lives to humanitarian work, matching idealism with action, and principles with practice. Their selfless and non-political endeavours are vital for the necessary acceptance by all concerned that assistance to the needy should be provided impartially and neutrally, without reference to religion, gender, or race." လို့ဖေါ်ပြထားပါတယ်။
Labels:
အထိမ်းအမှတ်နေ့
Tuesday, 18 August 2009
ခဲခြစ်ပန်းချီဆွဲခြင်း
ကျွန်မက ဘာမှမည်မည်ရရမတတ်တဲ့ Jack of all Trade သမား ဆိုတော့ ပန်းချီဆိုလည်း ၀ါသနာက နည်းနည်းပါလိုက်သေးတာ... အွန်လိုင်းပေါ်က ပန်းချီသမားတွေရဲ့ လက်ရာတွေများဆို ကြိုက်လိုက်တာ .... အဖြစ်မရှိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ အားငယ်မိပါရဲ့.....။
ဟိုတစ်လောကတော့ အင်းဝစာအုပ်တိုက်မှာ ရေဆေးပန်းချီဆွဲနည်း စာအုပ်လေးတွေ တွေ့တာနဲ့ ဗဟုသုတဖြစ်အောင်ဝယ်လိုက်မိပါတယ်။ ကံကောင်းချင်တော့ ဒါကိုတွေ့တဲ့သူငယ်ချင်း မမ K က သူ့မှာရှိတဲ့ အိန္ဒိယ ပန်းချီဆရာ Aditya N. Chari ပြုစုထားတဲ့ ပန်းချီဆွဲနည်းစာအုပ်လေးနဲ့ တခြားပန်းချီ စာအုပ်တွေကို လက်ဆောင် ပေးလာပါတယ်။
တစ်နေ့တစ်နေ့ ပျင်းနေတာနဲ့ ပန်းချီစာအုပ်လေးကို ဖတ်ရုံသာဖတ်ပြီး တော်တော်နဲ့ အသုံးမချ ဖြစ်ပါဘူး။ ၀န်ခံရမယ်ဆိုရင် ငယ်ငယ်ထဲက ယောက်ျားပုံ မဆွဲတတ်ပါဘူး။ ကြိုးစားပြီး ဆွဲလိုက်ရင်လည်း အခြောက်ပုံပဲထွက်ထွက်လာတာ။ ကျကျနန ဆရာနဲ့သင်ချင်ပေမယ့် ဘ၀ပေးအခြေအနေအရ ဘယ်လိုမှ သင်ယူခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် အသက်ကြီးလို့ အနားယူရင် ပန်းချီဆွဲဖို့ဆိုတာ ကိုယ့်အိမ်မက် တစ်ခုဖြစ်နေဆဲ။ လူများကိုမပြရဲရင်တောင် ပန်းချီဆွဲတာက စိတ်ချမ်းမြေ့စေတယ်လို့ ကျွန်မယုံကြည်တယ်။
မနေ့ကတော့ ကိုယ့်ကိုယ်ကို အသိကြိမ်ဆော်ပြီး စာအုပ်ထဲက ခေါင်းပုံစံ၊ မျက်နှာပုံစံတွေ နည်းနည်းဆွဲကျင့်ပါတယ်။ ဦးခေါင်းဖွဲ့စည်းပုံ၊ ကြွက်သား အရိုး တို့ရဲ့အနေအထား၊ မျက်လုံး နှာခေါင်း ပါးစပ်ပုံစံ မျိုးစုံနဲ့ အခန်း(၁)ကိုစထားပါတယ်။ တစ်ပိုင်းချင်းဆွဲကြည့်နေရင်း ခဏလောက်ကြာတော့ ခဲခြစ်ပုံတူကို စ ကိုင်ပါတယ်။ စိတ်မရှည်တတ်တဲ့ အားနည်းချက်က ပေါ်လာတာလေ။ 2B ခဲတံနဲ့ A4 စက္ကူအဖြူ အချော ကိုပဲသုံးပါတယ်။

ပန်းချီ
Sunday, 16 August 2009
ပြုံး၍လည်း…..
စာရေးဆရာ နုနုရည်(အင်းဝ)
ထုတ်ဝေ ခုနှစ် ၂၀၀၇ မေ (ဒုတိယအကြိမ်)
ဆရာမနုနုရည် (အင်းဝ)ရဲ့ ”ြံပုံး၍လည်း …..” စာအုပ်လေးကို စာအုပ်အငှားဆိုင်လေးမှာ အမှတ်မထင် ငှားဖတ်မိခဲ့တာပါ။ နေ့ဘက်ရုံးတက်ရပြီး ညဖက်မှာ မီးမလာတာများနေတာမို့ စာဖတ်စရာ အချိန်ရှားပါးလွန်းလို့ စာဖတ်ကျဲနေတဲ့ကိုယ့်ကို ဒီစာအုပ်လေးက ကောင်းကောင်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။
တောင်ပြုန်းပွဲကို နောက်ခံထားပြီး နတ်ကတော်တွေရဲ့ဘ၀တွေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာတင်ပြထားတဲ့ ဒီဝတ္တုလေးမှာ အဓိကမီးမောင်းထိုးပြထားတဲ့ ဇာတ်ကောင်တွေ ကတော့ နတ်ကတော်ကြီး ဒေစီဂျိန်း သူ့ရဲ့ အဖေါ်ကောင်လေး မင်းမင်း နဲ့ သူတောင်းစားမလေး ပန်းညို တို့ဖြစ်ပါတယ်။
ဒေစီဂျိန်းက အသက်၅၀ကျော် နံမည်ကြီး နတ်ကတော်။ တစ်ခေါတ်တစ်ခါက နတ်ကတော်လောကမှာ လျှမ်းလျှမ်းတောက်ခဲ့သလို လက်ရှိမှာလည်း အဲဒီအရှိန်အ၀ါကို ထိမ်းသိမ်းထားနိုင်ဆဲ။ သူ့ထက်အသက်အများကြီးငယ်တဲ့ ကောင်လေး မင်းမင်းကို လွန်ခဲ့တဲ့ ၇နှစ် (မင်းမင်း ၁၆ နှစ်)မှာ မိဘများထံက ငွေကြေးပေးပြီး အပိုင်ခေါ်ခဲ့တာ။ သူ့စကားနဲ့ပြောရရင် ”၀ယ်”ခဲ့တာပေါ့။ နတ်ပွဲမှာကူဖို့ လက်တိုလက်တောင်းဆိုပေမယ့် တကယ်ကတော့ ”ကောက်စား”လိုက်တာပါ။
Labels:
စာအုပ်စာပေ
Saturday, 15 August 2009
ဲကြံကြံဖန်ဖန် ကြော်ငြာတွေ
စိတ်တင်းကြပ်မှုတွေ ပြေလျော့ဖို့ အီးမေးထဲက ရောက်လာတဲ့ ဟာသလေးတွေ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။
မမဆူဇီမေ
- ဆိုင်တစ်ဆိုင်တွင်ကြော်ငြာထားပုံမှာ ”ဂစ်တာများလျှော့ဈေးဖြင့် သက်သက်သာသာရောင်းချပေးနေသည်။ ဂစ်တာကြိုးတပ်ဆင်မထား” ဟူလို-
- ဆေးရုံဧည့်ခန်းမမှကြော်ငြာ - ”ဆေးလိပ်သောက်ခြင်းသည် ခန္ဒာကိုယ်အလေးချိန်လျှော့ရာတွင် အထောက်အကူဖြစ်စေသည်။ အဆုတ်တစ်ဖက်လျော့သွားသောကြောင့်”
- အရက်သောက်ခြင်း၏ အပြစ်များကို စာထဲတွင်ဖတ်လိုက်ရသောအခါ ….. စာဖတ်ခြင်းကို စွန့်လွှတ်လိုက်တော့သည်။
- အရက်ဘားတစ်ခု၏ ဆိုင်းဘုတ်တွင် ရေးထားသောစာ – ” မေ့မေ့ပျောက်ပျောက် ဖြစ်စေခြင်းအလို့ငှာ အရက်သောက်ကြကုန်သော ပုဂ္ဂိုလ်တို့သည် အရက်ဖိုးကို အရင်ကြိုရှင်းထားပါရန်”
- သင်ရယ်မောနေချိန်တွင် တစ်လောကလုံးသင်နှင့်အတူ လိုက်ရယ်ကြလိမ့်မည်။ သင်ဟောက်နေချိန်တွင်မူ တစ်ယောက်ထဲအိပ်ရလိမ့်မည်။
- ဒက်ထရွိုက်မြို့က ဆံသဆိုင်ကြော်ငြာ – ”ကျွန်ုပ်တို့ စီးပွားရေးအလို့ငှာ သင့်ဦးခေါင်းကိုအလိုရှိသည်”
- ကားလမ်းပေါ်မှ ဆိုင်းဘုတ်တစ်ခု- ”(အသက်မပြည့်သော)သင့်သားသမီးငယ်များကို ကားမမောင်းပါစေနှင့်။ ဒါမှမဟုတ်ရင် သူတို့ဘယ်တော့မှအသက်ပြည့်ခွင့်ရတော့မှာမဟုတ်”
- နံမည်ကြီး အလှပြင်ဆိုင်တစ်ခု၏ မှန်ပြူတင်းပေါက်မှစာ - ”ဒီဆိုင်ကထွက်လာတဲ့ မိန်းကလေးတွေကို လေချွန်ပြီး စတာ နောက်တာ တွေမလုပ်ပါနဲ့…. သူက မင်းအိမ်ကအဖွား ဖြစ်ရင်ဖြစ်နေမှာ..”
မမဆူဇီမေ
Labels:
ဟာသ
Friday, 14 August 2009
ထိခြင်းခြောက်ပါး (ကြိုက်တဲ့ကဗျာ)
နှလုံးသားနဲ့ပါ
ညွှတ်ညွှတ်နူးနူး ဦးချမိ
အာဇာနည်သရဏံ ဂစ္ဆာမိ ။ ။
ညိုထက်ညို
(http://smsy.mmwordpress.com/?p=1082 မှ)
Labels:
ကဗျာ
ဂျူး ရဲ့ အမှတ်တရ
August 14, 2009
အင်ကြင်းမြိုင်စာပေ
၁၉၈၇ စက်တင်ဘာလ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်ကစာအုပ်ကလေး၊ ပထမဆုံးထုတ်ဝေတဲ့ အချိန် ကျောင်းသူဘ၀က ဖတ်ပြီး သိပ်ကြိုက်ခဲ့ ခံစားခဲ့ မျက်ရည်ကျခဲ့ရသလို အခု လုပ်ငန်းခွင်ထဲမှာ အနေကြာပြီး ရင့်ကျက်နေတဲ့အရွယ်မှာ ပြန်ဖတ်တော့လဲ ထိထိခိုက်ခိုက် ခံစားရဆဲ မျက်ရည်ကျရဆဲပင်။ ကိုယ်ကိုယ်တိုင်က သိပ်ကို အရေပြားပါးလွန်းတာလားလို့ အပြစ်တင်ချင်စရာပေ….။
စာအုပ်ကပါးပါးသေးသေးလေး။ ဇာတ်လမ်းက ဘာမှထူးထူးခြားခြားမရှိ။ စုစုထွေးဆိုသော ဆေးကျောင်းသူလေးနဲ့ သူ့ချစ်သူ ဆေးကျောင်းသား”မောင်” တို့ရဲ့ ကြေကွဲဇာတ်လမ်း။ မန္တလေးဆေးတက္ကသိုလ်နောက်ခံမြင်ကွင်းမှာ ရုပ်ရည်သိပ်မလှတဲ့ ဆေးကျောင်းသူမလေးနဲ့ သှူုမရဲ့မောင်တို့ စတင်ဆုံစည်းခဲ့ကြသည်။ မောင့်ရဲ့မြို့မှာ လှပတဲ့ ငယ်ချစ်မိန်းကလေး တစ်ယောက် ကျန်နေခဲ့တာ မသိပါဘဲ ရူးရူးမူးမူးချစ်ခဲ့မိသည်။ နောက်ပိုင်း တဆင့်စကားနဲ့သိလာရချိန်မှာ တော့ သူမနှလုံးသားက မောင့်ကို ဖယ်ထုတ်မရအောင် စွဲလမ်းနေမိခဲ့ပြီ။
Labels:
စာအုပ်စာပေ
လိပ်ပြာလူဆိုး
ပန်းကလေးရှိရာ၊ ရွှေလိပ်ပြာ ၊ ၀ဲတာ သဘာဝ..။
နားတော့မလိုလို၊ လိပ်ပြာအကို၊ ပွင့်ပျိုရင်ဖိုလှ….။
လေပြေညွှတ်သယ်၊ ခေါင်းခါဖယ်၊ ရှောင်လည်းမလွယ်လှ….။
နားပြီးပျံသွား၊ ပြန်လာမလား၊ ပွင့်ပျိုမျှော်ခဲ့ရ…။
ဝတ်မှူန်တောလည်၊ လိပ်ပြာငယ်၊ စိတ်ဝယ်မှတ်ရ ရှိပါစ…။
Labels:
ကဗျာ
Sunday, 9 August 2009
My Photos(4)- ပန်းတို့ရဲ့အလှ
သဘာဝမှာ အလှတရားရှိသတဲ့.......ဒါကတော့ ပန်းကလေးတွေကို အနီးကပ်ရိုက်ကြည့်ထားတာပါ။ ကျမ က ပန်းကိုချစ်သူမို့ပါ... ပန်းချစ်သူအားလုံးအတွက်လည်းရည်ရွယ်ပါတယ်....
မမဆူဇီမေ
Labels:
ဓါတ်ပုံ
My Photos (3) အညာမြေအလှ-၂
တစ်လောက ခရီးသွားရင်းရိုက်လာတဲ့ ပုံလေးတွေပါ။ ခံစားကြည့်ဖို့ပါနော် :-)
မမဆူဇီဗမ
Labels:
ဓါတ်ပုံ
ချင်းမြေသို့ နောက်ထပ် အလည်တစ်ခေါက်
ချင်းပြည်နယ်ကို ပထမဆုံးရောက်ခဲ့တဲ့ အကြောင်း ဒီမှာ ရေးခဲ့ပြီးပါပြီ။ အခု တတိယအကြိမ်သွားဖြစ်ခဲ့တော့ ချင်းပြည်နယ် ခရီးသွားပို့စ်တစ်ခု နောက်ထပ်ရေးချင်လာမိပါတယ်။
ညောင်ဦးကနေ မနက်၆နာရီ ထွက်လာတော့ နေ့လည်၁နာရီကျော်မှာ ဂန့်ဂေါရောက်ပါတယ်။ မောင်းချိန် ၇နာရီကြာပါတယ်။ လမ်းတောက်လျောက်မှာ ပွင့်နေတဲ့ ၀ါးပင်တွေ တွေ့ခဲ့ရတယ်။ လဒငှက်ကြီးတကောင်လဲ တွေ့ခဲ့တယ်။ ဂန့်ဂေါမှာ ထမင်းစားပြီး သိပ်မနားနိုင်ပဲ ခရီးဆက်ကြရတယ်။ ဟားခါးကို နေ့ချင်းအမီ ရောက်ချင်တာကိုး။
ဂန့်ဂေါ ကနေ မိနစ်အနည်းငယ်မောင်းပြီးတာနဲ့ ချင်းပြည်နယ်မှ ကြိုဆိုပါ၏ ဆိုတဲ့ အောက်ချင်းငှက်နဲ့ ဆိုင်းဘုတ်ကို တွေ့ကြရတော့တယ်။ ဟားခါးသို့ ( --) မိုင်ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကလေးကိုလဲ စိုက်ထားတယ်။ ထူးခြားတာက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ရေးထားတာမှာ မိုင်အရှည်နှစ်ခုက တမျိုးစီ ကွာခြားနေတာပါပဲ၊ ပေကြိုးမတူလို့ နေမှာပေါ့နော် :-)
ဟားခါး တောင်ပေါ်လမ်းပိုင်းမှာတော့ တောအုပ်စိမ်းစိမ်းနဲ့ ချစ်စရာ တောပန်းလှလှလေးတွေကို မြင်ခဲ့ရပါသေးတယ်။ တခါတရံ ရေတံခွန် အသေးစားလေးတွေကိုလည်း တွေ့နိုင်ပါတယ်။ ၀ါဂွမ်းစိုင်လို တိမ်ဖြူဖြူတွေ၊ မီးခိုးရောင် သိုးမွေးချည်ပုံလို တိမ်စိုင် အလိပ်လိပ်တွေက တောင်တွေရဲ့ ခါးပန်းကို ရစ်သီဖွဲ့သိုင်းလို့။ တောင်ကိုပတ်ပြီး ဖေါက်ထားတဲ့ မြွေလိမ်မြွေကောက် လမ်းလေးမှာ ကိုယ်တို့ကားလေးက တရိပ်ရိပ်ပြေးလို့။ တစ်ဖက်ကတောင်၊ တစ်ဖက်က ချောက်ကမ်းပါး၊ ငုံ့ကြည့်ရင်အသည်းယားစရာ။ ကားလမ်း ကျဉ်းကျဉ်းလေးမှာ အကွေ့ကနေ ကားတို့ ဆိုင်ကယ်တို့ ဘွားကနဲ ပေါ်မလာတတ်လွန်းလို့ ယာဉ်တိုက်မှုမဖြစ်ရအောင် ကားဟွန်းကို တတီတီ ပေးလို့ မောင်းကြရတယ်။ ဒါပေမယ့် ရှူခင်းလှလှတွေရယ်၊ ကားပေါ်က ရောင်းရင်းတွေရဲ့ ဟာသ စကားတွေရယ်က ကြောက်ရမှန်း မသိအောင် ဖန်တိးပြီး ဒီခရီးမှာ ကိုယ်တို့အားလုံးကို အတိုင်းမသိ ပျော်ရွှင်စေခဲ့တယ်။
ညောင်ဦး- ဂန့်ဂေါ- ဟားခါး

Chin State,
ခရီးသွားခြင်း
Subscribe to:
Posts (Atom)