အန်တီစုရဲ့ ၆၄ နှစ်မြောက်မွေးနေ့မှာ အကျဉ်းကျနေရတာ စိတ်မကောင်းပါဘူး။့
အန်တီစု ကျမ်းမာပါစေ.....မကြာခင်အချူပ်အနှောင် လွတ်မြောက်ပါစေလို့ .....
မိုးစက်ပွင့်
Friday, 19 June 2009
Monday, 8 June 2009
သနပ်ခါးလေး လိမ်းပါမယ်
မြန်မာမလေးတွေ အားလုံးနီးပါး သနပ်ခါးကြိုက်ကြပါတယ်။ ခြွင်းချက်အနေနဲ့ မကြိုက်တဲ့ မလိမ်းတဲ့သူတော့ရှိမှာပေါ့လေ။ မှတ်မှတ်ရရ အလုပ်ထဲက သူငယ်ချင်းတစ်ယောက်က ဘယ်တော့မှ သနပ်ခါးလိမ်းလေ့မရှိဘူး။ ယောက်ျားလေးလို မျက်နှာပြောင်နဲ့နေတာ။ ရုံးလာရင်တော့ စနိုးလေး၊ ပေါင်ဒါလေးလိမ်းလာတာပေါ့။ တစ်ခါက ရုံးပိတ်ရက်မှာ မျက်နှာအေးအောင်ဆိုပြီး သနပ်ခါးအထူကြီးလိမ်းလိုက်တာ သူမွေးထားတဲ့ကြောင်က သူ့ကြည့်ပြီး တစ်ခွီးခွီးမာန်ဖီပြီး ကုတ်ပြေးတယ်ဆိုပဲ။ သူ့အကြောင်းပြောပြတော့ ကျွန်မမှာ ရီလိုက်ရတာ။ သနပ်ခါးထူထူက အဲဒီလောက်ရုပ်ပြောင်းစေတာနော်။
ကျွန်မကတော့ သနပ်ခါးသိပ်ကြိုက်ပါတယ်။ ငယ်ငယ်ထဲက သနပ်ခါးလိမ်းပေးရင် ငြိမ်ပြီး မျက်နှာလေးမော့မော့ပေးတတ်တယ် ဆိုပဲ။ အမေတို့က ကျွန်မတို့မောင်နှမကို သနပ်ခါးကို လိမ်းပေးရင် သနပ်ခါးကို လက်ညှိုးလေးနဲ့ ကော်ကော်ပြီး လျှာပေါ်တင်ပေးပါသတဲ့။ ကလေးတွေ ၀မ်းကောင်းတယ်တဲ့။ တစ်ခါကတော့ သနပ်ခါး အလိမ်းလွန်သွားလို့ ကျွန်မမျက်နှာကြီး ဗုံတိုသားရေကျက်လို့ တင်းတင်းဆွဲခံရသလို ဖြစ်နေတယ်ထင်ပါရဲ့။ တက်မတတ် ချက်မတတ် ငိုတော့တာ။ အမေတို့က ကျောစမ်းခေါင်းစမ်းနဲ့ ရောဂါရှာမရ၊ နောက်ဆုံးတော့ မျက်နှာသစ်ပေးလိုက်တော့မှ အငိုတိတ်သွား ဆိုပဲ။ အဲဒါလည်း သနပ်ခါးနဲ့ကျွန်မရဲ့ဇာတ်လမ်းလေးအစပါ။
ကိုးတန်းမှာ မြို့ကျောင်းကိုသွားတက်တော့ သနပ်ခါးကြိုက်တဲ့ ကျွန်မတို့သူငယ်ချင်းတစ်သိုက်က ပါးကွက်ဝိုင်းဝိုင်းတွေနဲ့မို့ ကောင်လေးတွေက တောပါးကွက်တွေ လို့မကြားတကြားလှောင်ကြတယ်။ အရွဲ့တိုက်တတ်တဲ့ ကျွန်မတို့က သနပ်ခါးကို ထူသထက်ထူအောင် လိမ်းကြတာ ပါးပေါ်မှာ သနပ်ခါး ပပ်ကြားအက်ပြီး အဖတ်လိုက် အဖတ်လိုက်ကွာကျတဲ့ အထိပဲ။ နောက်ဆုံး ကျောင်းအုပ်ဆရာမကြီးက မြင်ပြင်းကပ်လာပုံပဲ။ အပါတ်စဉ်ကျင်းတဲ့ အက်ဆမ်ဘလီမှာ သနပ်ခါးပါးကွက်မချရ၊ နှူတ်ခမ်းနီမဆိုးရလို့ အမိန့်ထုတ်တော့မှ ရပ်တော့တယ်။
မြကျွန်းသာကိုရောက်တော့ မိတ်ကပ်ပါးပါးလိမ်းတတ်လာပြီ။ ဒါပေမဲ့အပေါ်က ပေါင်ဒါမဖို့ခင် သနပ်ခါးလေး ကြားခံလိုက်ရမှ အေးချမ်းကြည်လင်သွားသလိုခံစားရတာ။ ခြင်္သေ့ကျွန်းကို တစ်နှစ်စာခရီးထွက်ရပြန်တော့ သနပ်ခါးကျောက်ပျဉ်ကို ပခုံးသိုင်းအိတ်ထဲထည့်ခဲ့သေးတယ်။ ကျောက်ပျဉ်အရွယ်က မသေးလှသမို့ လေဆိပ်မှာ လမ်းလျှောက်တော့ ကိုယ့်ပခုံးတစ်ဖက်တောင် စောင်းငန်းငန်းဖြစ်နေခဲ့သေးတယ်။ နိုင်ငံခြားသူလေးတွေက ကိုယ့်လက်က သနပ်ခါးစင်းရာလေးတွေကို တအံ့တသြစပ်စုကြတော့ ပီတိတွေတစ်ဝေေ၀နဲ့ ရှင်းပြခဲ့ရသေးတာပေါ့။ အိမ်လိုက်လည်တော့လည်း ကျောက်ပျဉ်နဲ့သနပ်ခါးကို ထုတ်ပြရ သွေးပြရ လိမ်းပြရနဲ့ မမောနိုင်ခဲ့ပါဘူး။ ဖတ်ဖူးတဲ့ စာတစ်ပုဒ်ထဲမှာ ရေးထားတဲ့ မြန်မာ့ကျောက်ခေတ် အသုံးအဆောင်နှစ်ခုက ကျောက်ပျဉ်နဲ့ ငရုတ်ဆုံ ဖြစ် ပါတယ်တဲ့။ ဘာပဲပြောပြော အဲဒီကျောက်ခေတ်အသုံးအဆောင်တွေကို ကိုယ်ကမြတ်နိုးနေမိတာ။
ကျွန်မက ရေမွှေးဆိုရင်တောင် သနပ်ခါးဆန်တဲ့ အနံ့ခါးခါးလေးတွေကိုပဲ ကြိုက်တယ်။ အနီးအနားက သနပ်ခါးနံ့လေးရရင် စိတ်သိပ်ကြည်လင်လန်း သွားတာပါပဲ။ ခရီးရှည်ထွက်လို့ သနပ်ခါးမလိမ်းရရင် အသားအရေတွေ ပူလောင်ယားယံနေသလို ခံစားရမြဲ။ ဒီလောက်မပျင်းသေးတဲ့ ငယ်ငယ်တုန်းကတော့ ရေကျက်အေးနဲ့ သနပ်ခါးပျစ်ပျစ်သွေးပြီး ပုလင်းပုလေးနဲ့ ခရီးသွားတိုင်းဆောင်ဆောင်သွားတတ်တယ်။ သနပ်ခါးက အကြိုက်ဆုံးလက်ဆောင်ထဲက တစ်ခုပါ။
သနပ်ခါးတုံးဝယ်ရတာ ရင်ခုန်စရာကောင်းပါတယ်။ မျက်စေ့၊ နှာခေါင်း၊ အတွေ့အထိ အားလုံးနဲ့ ဆန်းစစ်ရတာပါ။ သနပ်ခါးနဲ့ဆင်ဆင်တူတဲ့ သီးပင်ဆိုတာ ရှိသေးတယ်။ နားမလည်ဘဲဝယ်ရင် ခံရတာပါပဲ။ အပွေးမြင် အပင်သိဘို့က အတွေ့အကြုံနဲ့ ထိုးထွင်းဥာဏ် လိုတယ်လေ။ သနပ်ခါးကို အရောင်လှအောင် အနီဆိုးဆေးသုတ်တာတို့ အမွှေးရည်ဆွတ်တာတို့ဆိုတာ ပုံပြင်မဟုတ်တော့ပါ။ ဈေးရောင်းဈေးဝယ်မှာ အ တဲ့သူခံစတမ်းဖြစ်နေပါပြီ။
ပြီးခဲ့တဲ့လကတော့ အညာဒေသက ရှင်မတောင်သနပ်ခါးမြေကို ရောက်ခဲ့သေးတယ်။ ပေါက်နဲ့ ရေစကြိုနယ်တစ်ဝိုက်မှာ အခုဆိုရင် စီးပွားဖြစ် သနပ်ခါးခြံတွေ ပေါမှပေါ။ ကျွန်မလဲ ဟေမာနေ၀င်းလက်မောင်းလောက်ရှိမဲ့ သနပ်ခါးပင်တစ်ပင်ကို ၀ယ်ခဲ့သေးတယ်။ နှစ်သောင်း တဲ့။ သူတို့က အပိုင်းပိုင်းဖြတ်ပေးတယ်လေ။ အံမယ် ၈လက်မလောက် အပိုင်း၁၀ ပိုင်းလား ၁၁ပိုင်းလား ရတယ်သိလား။ တစ်ဝကြီးလိမ်း တစ်ပျော်ကြီးပေးလို့ ရပြီပေါ့။
သနပ်ခါးစီးပွားရေးအကြောင်း ပြောပြချင်သေးတယ်။ သနပ်ခါးက ဘာမှကရိကထမများတဲ့ အပင်။ ရေမကြိုက်တဲ့ အညာပင်စစ်စစ်။ ဟိုး လွန်ခဲ့တဲ့ အနှစ် သုံးလေးဆယ်ကဆိုရင် သနပ်ခါး ဈေးကွက်ကလည်း မကျယ်ပြန့်သေးတော့ ပဲနှမ်းစိုက်ဖို့အတွက် မြေရိုင်းထွင်တဲ့အနေနဲ့ သဘာဝအတိုင်းပေါက်နေတဲ့ သနပ်ခါးပင်တွေကို အလုပ်သမားငှားပြီး ဒီအတိုင်း တူးထုတ်ကြတာတဲ့။ နှမြောစရာ။ အခုမှ လိုချင်သူတွေပေါလာပြီး ပျိုတိုင်းကြိုက်တဲ့ သနပ်ခါးပင်ဖြစ်လာတာ။ သန်း၅၀ လူဦးရေမှာ သနပ်ခါးလိမ်းတဲ့ အမျိုးသမီးဦးရေက ငါးသန်းပဲထားဦး။ မနည်းမနောပါပဲလား။ အခုဆိုရင် သနပ်ခါးခြံကို သော့ခတ်ထားရတာ။ ခြံတစ်ဧကကို အပင် ၆၀၀ ပဲစိုက်ဦး။ ကြိတ်နှုန်း ၂၀၀၀၀ နဲ့တွက်ရင် သိန်း ၁၂၀ ပါပဲ။ သနပ်ခါးပင်ပေါက်က တစ်ပင်ကို ၇၀-၈၀နဲ့ ၀ယ်လို့ရနိုင်ပါတယ်။ သာမာန်အားဖြင့် ၁၅ နှစ် နဲ့ နှစ် ၂၀ လောက်ကြာမှ ခုတ်ရတယ်ဆိုတော့ အကြာကြီးစောင့်ရတာပေါ့နော်။ တောင်သူတစ်ယောက်ကတော့ ပြုပြုပြင်ပြင် လုပ်ပေးရင် ၇နှစ် ၈နှစ်နဲ့ခုတ်သိမ်းရဖွယ်ရှိတယ်လို့ ပြောပြပါတယ်။ စိပ်စိပ်စိုက်မှ အပင်လုံးပိုဖြောင့်မှာ လို့လဲ စိုက်ပျိုးရေးသမားတစ်ယောက်က တွက်ပြပါတယ်။ သနပ်ခါးက နှစ်ချင်းစားရတဲ့ သီးနှံပင်မဟုတ်တော့ စီးပွားရေးကျပ်တည်းသူများက တစ်ဧက ကို လေးငါးသောင်း မရင်းနိုင်သလို ရေရှည်ရင်းနှီးမြှူပ်နှံမှူအသွင်နဲ့ မစိုက်နိုင်ကြပါဘူး။ သူတို့က ရာသီပေါ်သီးနှံက ၀င်ငွေကိုပဲအားထားနေကြရတာမို့ပါ။ ကျွန်မကတော့ သူတို့အနေနဲ့ သနပ်ခါးကို ရာသီပေါ်နဲ့ ရောညှပ်စိုက်ရင်ကော၊ ခြံစည်းရိုးလို ပါတ်ပါတ်လည်စိုက်ရင်ကောလို့ ကိုယ့်ဟာကိုယ် မေးခွန်းထုတ်ပြီး အတွေးနယ်ချဲ့နေမိပါတယ်။ လက်တွေ့နယ်ချဲ့တဲ့ လုပ်ငန်းရှင်တွေ တရုတ်စီးပွားရေးသမားတွေကတော့ ဒီဒေသကို ဆင်းလာပြီး မြေတွေဝယ်နေပါပြီ။ သနပ်ခါးခြံတွေစိုက်နေပါပြီ။ မရှိဆင်းရဲလို့ မြေထိုးရောင်းရတဲ့သူက အဲဒီမြေပေါ်မှာ အငှားသမားပြန်လုပ်ပြီး သနပ်ခါးစိုက်ရတာပေါ့။ သြော် ငွေ ငွေ ငွေ။
သနပ်ခါးခြံနေ့စားအလုပ်သမားရဲ့မိန်းမဟာ သူကိုယ်တိုင်သနပ်ခါးဖွေးဖွေးမှ ပါးပေါ်တင်နိုင်ပါရဲ့လားလို့လည်း တွေးနေမိပါတော့တယ်။

Labels:
မျှဝေခြင်း
Subscribe to:
Posts (Atom)