Wednesday, 31 March 2010

လွမ်းပါဘိ အမိတက္ကသိုလ်

လွမ်းစရာအတိတ်ဆိုတာ လူတိုင်းကိုယ်စီ ရှိကြစမြဲပါ။
တက္ကသိုလ်၊ တက္ကသီလာ၊ မြကျွန်းသာ၊ စိန်ပန်းမြေ၊ ကံ့ကော်မြေ၊ စတဲ့ အမည်အမျိုးမျိုးတွေ ပိုင်ဆိုင်ထားတဲ့ လှပတဲ့ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညာရင်နို့ သောက်စို့ခဲ့ကြသူတိုင်း ဘယ်တော့မှမမေ့နိုင်တဲ့ အတိတ်ကလေးတွေ ရှိကြစမြဲ။  ချစ်သူရှိသူဖြစ်စေ ချစ်သူမရှိသည်ဖြစ်စေ အနည်းနည်းအဖုံဖုံ ပျော်ရွှင်စရာ ကာလလေးတွေကို မျှဝေ ပေးတတ်စမြဲ။  မိခင်ဟာ သူ့သားသမီးတွေကို ဆိုးဆိုးကောင်းကောင်း  တော်တော်ညံ့ညံ့ ဆင်းရဲချမ်းသာမရွေး မေတ္တာဓါတ်အပြည့်ပေးနေသလို အမိတက္ကသိုလ်မြေကလည်း နွေးထွေးသော မေတ္တာဓါတ်တွေကို အစဉ် ထုတ်လွှတ်ဖြန့်ကျက်ပေးနေသလိုပါဘဲ။  ဒါကြောင့်လည်း အတောင်အလက်စုံလို့ အမေ့ရင်ခွင်က ထွက်ခွာသွားခဲ့တဲ့သားသမီးတွေရဲ့ လွမ်းချင်း တမ်းချင်း ကဗျာတွေ စာတွေ သီချင်းတွေက အနုညာ ပန်းစုံတောမှာ ရေတွက်မကုန်အောင် များပြားလှသည်လေ....။
                       ရန်ကုန်တက္ကသိုလ်ဆိုတာ ခန့်ထည်တဲ့ ဗိသုကာလက်ရာမွန်တွေနဲ့   ရင့်ကျက်တည်ငြိမ်တဲ့နေရာ၊  ရှည်ကြာတဲ့ သမိုင်းကြောင်းနဲ့    အမှတ်တရဖြစ်စရာ၊ ပျော်စရာ၊လွမ်းစရာ၊ ကြေကွဲစရာ၊ ဂုဏ်ယူစရာ၊ တမ်းတစရာ အတိတ်ပေါင်းများစွာကို သူ့ရင်ဘတ်ထဲမှာ သိုမှီးသိမ်းဆည်းထားတဲ့နေရာ။  လှတဲ့ပန်း၊ မွှေးတဲ့ပန်း၊ အညတြပန်း၊ ပင်မြင့်စံပန်း၊ အရိုင်းပန်း အားလုံးတို့ စုစည်းခုံလှုံရာ ဥယျာဉ်သာ။  ကိုယ်လဲ အဲဒီပန်းတွေထဲက မလှမပ အညတြပန်းကလေး တစ်ပွင့်ရယ်ပါ။
                        ပထမဦးဆုံး အမိတက္ကသိုလ်ကို ခြေချတာနဲ့  ကျွန်မအာရုံကိုဖမ်းစားလိုက်တာက သစ်ပုတ်ပင်ကြီးပါ။  သက်တမ်းဘယ်လောက်ရှိမှန်းမသိပေမဲ့ တော်တော်ကို ရင့်ကျက်အိုမင်းနေတာ သေချာပါတယ်။  တက္ကသိုလ်နယ်မြေကြီးတစ်ခုလုံးကို သူ့လက်တံ ရှည်မားမားကြီးတွေ ဖြန့်မိုးပြီး စီးကြည့်နေသလား ထင်ရပါတယ်။  သူ့ရဲ့   ရင်ကွဲမြစ်ဆုံကြီးနားကိုသွားပြီး ဓါတ်ပုံမရိုက်ဖူးတဲ့ ကျောင်းသူ မရှိလောက်ဘူးထင်ပါရဲ့။  သူက ဇွဲသတ္တိ အားမာန်တွေရဲ့ သင်္ကေတ ထင်ပါရဲ့။ နာဂစ်တိုက်တုန်းကတောင် သူကြံ့ကြံ့ခံနိုင်ခဲ့တယ်။  ဒီမှာလေ - သူ့အကြောင်း ရေးဖွဲ့ထားတဲ့ ကဗျာလေး...။


သစ်ပုတ်ပင်


နှစ်ကာလများစွာက
ရင်ကွဲဒဏ်ရာတွေ သစ်နေဆဲ
သူ့လက်သီးကို ကျစ်ကျစ်ဆုတ်ထားဆဲ


တင်မင်းထက်
၂ဝဝ၉


                                နောက်ထပ် အထင်ကရနေရာတစ်ခုက ဘွဲ့နှင်းသဘင်ခန်းမကြီးပါ။  သူ့ရှေ့က အဓိပတိလမ်းမကြီးကို ခပ်တည်တည် ငေးစိုက်လို့  ။ သူ့ရှေ့က ခြင်္သေ့ကြီးနှစ်ကောင်ကလည်း ၀င့်ဝင့်ကြွားကြွား၊ လက်ရာမြောက်လှပါဘိတယ်။  ကိုယ်မြင်ခါစက ဘာကြောင့် ဒီခန်းမကြီးကို သစ်သစ်လွင်လွင် ဆေးမသုတ်သလဲလို့  မေးကြည့်ဘူးတယ်။  ကိုယ့်ထက် နှစ်တန်းကြီးတဲ့ အစ်ကိုဝမ်းကွဲက သူကြားဖူးတာကို ဖေါက်သည်ချပါတယ်။  “ဘွဲ့နှင်းသဘင်တို့၊  ဂျပ်ဆင်တို့ ၊ ကို ဆေးမသုတ်ရဘူး၊  ဟိုးခေတ်ကဆောက်ထားတဲ့ အင်းဝ၊ ပဲခူး၊ ရွှေဘို စတဲ့အဆောင်တွေကို အနီရောင်ကလွဲလို့ တခြားအရောင် မသုတ်ရဘူး၊  အဓိပတိလမ်းမအ၀င်က တံခါးကို ဘယ်တော့မှ မပိတ်ရဘူး၊ ခိုက်တတ်တယ်၊ သွေးထွက်သံယို ဖြစ်တတ်တယ်” တဲ့။  သူပြောတာ သိပ္ပံနည်းကျမဟုတ်ပေမယ့် နာခံတတ်တဲ့ ကျွန်မက ခေါင်းတညိတ်ညိတ်ပေါ့။ တကယ်တော့ သမိုင်းဝင် နေရာတွေကို ရှေးလက်ရာမပျက် ထိမ်းသိမ်း စောင့်ရှောက် ထားသင့်တယ်ဆိုတာ တော်တော်ကြီးလာမှ သိတာပါ။
                 ဘွဲ့နှင်းသဘင်ရှေ့က  တရုတ်စကားပင်ကြီးကလည်းသူ့ပန်းပွင့် ဖြူလွလွလေးတွေကို မြက်ခင်းစိမ်းပေါ် ခြွေချလို့။   ကချင်လွယ်အိတ်နဲ့  ဆံပင်ရှည်ကောင်မလေးတွေ၊  လွယ်အိတ် အမွေးဖွားဖွားနဲ့    ခေတ်ဆန်ဆန် မိန်းမပျိုလေးတွေက  မြက်ခင်းပေါ်မှာ အလှဆုံးပို့စ်တွေပေးလို့ ။  ရယ်သံလွင်လွင်လေးတွေက ပေါ့ပေါ့ပါးပါး။  ရန်ကုန်တက္ကသိုလ်ရဲ့ နာမည်ကြီးဓါတ်ပုံဆရာ ဦးစိန်ဝင်းကလည်း မချောလေးတွေကို လှသထက်လှအောင် လက်စွမ်းပြနေလေရဲ့...။  မနီးမဝေး အုတ်ခုံပေါ်မှာတော့  သမာဓိပိုးလှမ်းလှမ်းပိုးနေတဲ့ ကောင်ကလေး တစ်သိုက်။   သူတို့က တရုတ်စကားပင်ကြီးအနားကနေ ထင်းရူးတောလမ်းကလေးဆီ ဖြတ်သွားတဲ့ ကျောင်းသူလေးတွေကိုလည်း နောက်နောက်ပြောင်ပြောင် စကားလုံးလေးတွေနဲ့  မနာမကျင် ပစ်ပေါက်တတ်သေးတယ်။
                   ပြည်လမ်းကိုမျက်နှာမူထားတဲ့ ဂျပ်ဆင်အဆောက်အဦကြီးကတော့ လူနှစ်ယောက်လျှောက်သာရုံသာရှိတဲ့ ချစ်သူလမ်းကြားကလေးကို သူ့ကျောမှာ ၀ှက်ထားတတ်တယ်။  ဂျပ်ဆင်ကြီးရဲ့ ရှေ့တူရူက ရေတမာပင်တွေရဲ့ မြရွက်ချွန်တွေကလည်း သူတကာတွေထက် ပိုစိမ်းနေကြသလိုပါဘဲ။  ဂျပ်ဆင်ဟောကြီးရဲ့  မုခ်ဦးအ၀င်ပေါက်က တိုင်ကွယ်ကလေးတွေမှာ တွတ်ထိုးနေကြတဲ့အတွဲကလေးတွေ အနည်းဆုံး နှစ်တွဲ သုံးတွဲတော့ အမြဲရှိတတ်တာပေါ့။  ကိုယ်တို့  သူငယ်ချင်းတစ်သိုက် စိတ်ဝင်စားတာကတော့ အတွဲတွေ မဟုတ်ပါ။ ဂျပ်ဆင်ဘေးက နီနီရဲရဲ ချဉ်ချဉ်စပ်စပ် ဇီးသီး၊ ဂွေးပြား၊ ရှောက်သီးကွင်း အသုပ်တွေပါ။
                ဂျပ်ဆင် ဘုရားကျောင်းရဲ့ မျက်စောင်းထိုးက ဘင်တန်ဟောလ်လို့ အရင်က နာမည်ကြီးခဲ့တဲ့ သီရိဆောင်ကြီးကတော့ အနီရင့်ရောင်ဝတ်စုံနဲ့  ကံ့ကော်ပန်းတွေ ၀န်းရံခလို့  ရင့်ကျက်တဲ့အလှတစ်ပါးပါဘဲ။  ဥပဒေကျောင်းသူမမတွေရဲ့ ကွန်းခိုရာပေါ့။ 
                 ကျွန်မတို့ ခြေရာချင်းထပ်ခဲ့တဲ့ ဂျပ်ဆင်မှသည် အမရဆောင်သွားရာလမ်းမှာတော့ ရွှေဘိုဆောင်ကို မဖြစ်မနေဖြတ်ရသေးတာ။  ရွှေဘိုဆောင်သားတွေကလည်း ကဲမှကဲ။  အပေါ်ကနေ ညောင်နာနာရော စွာတာတာရော အသံမျိုးစုံနဲ့   ခြေလှမ်းမှားအောင် အော်ဟစ်နောက်ပြောင် တတ်ကြပါသေးတယ်။  “ဘူမိဗေဒ အရာရှိလောင်းကတော် ဖြစ်ချင်သူများ စာရင်းပေးသွင်းနိုင်ပါပြီခင်မျာ..” တို့ ဘာတို့ အော်တတ်သေးတာ။ အဲဒီနားကိုဖြတ်တော့မယ်ဆိုရင်  အသက်မှန်မှန်ရှု၊ ခြေလှမ်းမမှားနဲ့ ၊ ခလုတ်မတိုက်မိစေနဲ့   .....။ တစ်ချို့တွေဆို ကြံကြံဖန်ဖန် ရယ်စရာ ပြောတတ်လွန်းလို့ မရယ်မိအောင် ကိုယ့်လျှာကိုယ်ကိုက်ထားရတယ်။
                အမရဆောင်ဘေးက ၀ိဇ္ဇာကင်တင်းန်ကလည်း ကျွန်မတို့အတွက် အိုအေစစ်လေးတစ်ခုပါ။  ဆိုင်တွေက မိသားစုလို ဖြစ်နေပြီမို့  အကြွေးစားရင်တောင်ရသေး။   ကျွန်မတို့  ထိုင်နေကျကတော့ “အန်တီမြ” ဆိုင်ပါ။  ဌာနစုံက ဆရာတွေ သူငယ်ချင်းတွေနဲ့ တစ်ဟေးဟေး တစ်ဟားဟား ၊ ရယ်စရာတွေလည်းပါရဲ့၊ ဗဟုသုတ ရစရာတွေလည်းပါရဲ့။  ဘယ်အချိန်ကြည့်ကြည့် ပွဲတက်ဆံထုံးကို သေသေသပ်သပ် ထုံးဖွဲ့ထားတတ်တဲ့ အန်တီမြကြီးကတော့ ကျွန်မတို့တစ်ယောက်ယောက်ကို မြင်တာနဲ့   “လာပါ လာပါ...ဘယ်ဆရာကတော့ ပြန်သွားပြီ...ဘယ်ဆရာမ ဘယ်ကျောင်းသားကတော့ မရောက်သေးဘူး” နဲ့    ခရီးဦးကြို ပြုတတ်ပါသေးတယ်။  ဒါကြောင့်ဘဲ အန်တီမြ လက်ဘက်ရည်ကို ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သောက်ကြ ၊ စားကြ၊ လေကန်ကြနဲ့ အချိန်တွေ ကုန်လို့ ကုန်မှန်းမသိ...။
                ကျောင်းလခသွင်းဖို့   ငွေစာရင်းဌာနကို ချီတက်ရတော့မယ်ဆိုရင်တော့ တော်တော်ကို ခြေညောင်းပါတယ်။  သူက သိပ္ပံဖက်ခြမ်းနဲ့  ပိုနီးတာ မို့ပါ။  ဟိုရောက်ရင်လည်း တော်တော် စိတ်ရှည်စွာ ငွေပေးသွင်းရပါတယ်။  ကိုယ်တို့က မိန်းကလေးတွေမို့   နာမည်ပျက်မခံချင်။  နယ်ကျောင်းသား အစ်ကိုတွေကတော့ တစ်နှစ်လုံးကျောင်းလခ မသွင်းဘဲ သုံးစားပစ်ကြပါတယ်။   စာမေးပွဲပြီးလို့ အောင်စာရင်းထွက်ခါနီး reminder လာမှ သွင်းကြပါတယ်။  ဒါတောင် အဆောင်ကို သူတို့မို့လာပြီဆိုရင် ဘုရားတ နေရပါတယ်။  သုံးခေါက်မှာ နှစ်ခေါက်က ပိုက်ဆံချေးဖို့လာတာ ဖြစ်နေလို့ပါ။  ညက အဆောင်မှာ“၀ိုင်းကောင်း“ သွားလို့ပါ တဲ့။
                  အမိတက္ကသိုယ်ရဲ့ စာကြည့်တိုက်အဆောက်အဦကြီးကလည်း အလွန်ခံ့ညားတာပါ။  အထဲရောက်ရင် အေး စိမ့်နေသလို ခံစားရတယ်။  စာအုပ်တော်တော်များများကတော့ ပျောက်ဆုံးနေတယ်ထင်ပါရဲ့။  ကျွန်မတို့က ကက်တလောက်တွေထဲမှာ ကြိုးစားပမ်းစားရှာပြီး စာရွက်လေးတွေမှာ ရေးမှတ်၊ ကောင်တာစာရေးမက ပုံးကြီးတစ်ခုထဲထည့်ပြီး အောက်ထပ်အထိ ကြိုးနဲ့ ချပေးတယ်လို့မှတ်မိတယ်။  မျှော်လင့်ချက်နဲ့ မိနစ်ပေါင်းများစွာ ရပ်စောင့်ခဲ့ရသမျှ ကိုယ်ငှားတဲ့ စာအုပ်ကလေးထွက်လာရင်တော့ ၀မ်းသာရပါတယ်။  ခြေလှမ်းတွေတောင် မြောက်ကြွကြွဖြစ်လို့  ပေါ့။   ဒါမှမဟုတ်လို့   “မရှိပါ” ဆိုရင်တော့ နွမ်းလျအိမ်ပြန် ပဲပေါ့။  နှစ်ပေါင်းများစွာက သတင်းစာတွေတော့ ဖတ်လို့ရပါတယ်။  သူများ တွေမှာ ကွန်ပြူတာနဲ့ စာအုပ်ရှာ၊ ကိုယ့်ဘာသာကိုယ်ဆွဲယူ၊ ငှားထားရင်လည်း ဘယ်တော့ပြန်ရမယ်ဆိုတာပါ ပြထားတဲ့ အချက်အလက်တွေမြင်ရတော့ အမိတက္ကသိုလ်အတွက် စိတ်မကောင်းခြင်းနဲ့ သတိရမိပြန်တယ်။
                  အမှတ်တရ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်မြောက် စိန်ရတုသဘင်မှာ ကျွန်မတို့တွေ ပါဝင်ခွင့်ရခဲ့ပါတယ်။  စိန်ရတုခန်းမကြီးကလည်း ဖွင့်ကာစ။  မော်ဒယ်ရှိုးလျောက်တဲ့သူကလျှောက်။ က တဲ့သူက က။  ကျွန်မတို့က အနုပညာဆိုလို့  ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်မရှိတာ။ ဒါတောင် ခွဲတမ်းကျအနေနဲ့   အုပ်စု သီချင်းဆိုတဲ့အထဲမှာ ပါခဲ့ရပါသေးတယ်။  ကျွန်မက “သီချင်း”ဆိုလို့ ကမ္ဘာမကြေလောက်သာဆိုဖူးပေမဲ့၊ ပတ္တလားပေါ် ကြောင်ပြေးသလောက်တောင် ကီးမ၀င်တဲ့ အသံပေမဲ့ အုပ်စုလိုက်ဆိုတော့ မဆိုးဘူးပေါ့။  မှေးလိုက်ရုံဘဲလေ။  မဆိုချင်ဘူး မရိုက်ချင်ဘူး။ ငြင်းလို့လဲ မရနိုင်ပါဘူး။  မေဂျာတိုင်းက သီချင်းတစ်ပုဒ်တော့ ထွက်ကိုထွက်ရမယ်လို့ သတ်မှတ်ထားတယ်မို့လား။ တကယ်တမ်းအဆိုကျင့်ကြတော့လည်း ကောင်းကောင်းလေးဖြစ်ချင်လို့ အသံဝင်တဲ့အထိ သီချင်းတိုက်ကြပါတယ်။  ဒါပေမဲ့ ရင်နာစရာကောင်းလှပါတယ်။  ကျွန်မတို့ရဲ့ ကြိုးစားပမ်းစား အာပေါက်မတတ်ဆိုထားတဲ့ အသံကလေးတွေကို  မသုံးဘဲ  စတူဒီယိုမှာ တခြားမိန်းကလေးတွေနဲ့ သွင်းထားတဲ့အသံကို dubbing လုပ်မယ်တဲ့။ လုပ်ကြပေါ့လေ။  ဒါနဲ့ပဲ  မြန်မာ့အသံမှာရော မြ၀တီမှာပါ ဗီဒီယို ရိုက်ရပါတယ်။  လိမ်းခြယ်ထားတဲ့ မိတ်ကပ်ထူထူတွေရယ်၊ ၀တ်စားထားတဲ့ ချိတ်လုံချည် မာတောင့်တောင့်တွေရယ်၊ ၀ိုင်း ထိုးထားတဲ့ မီးရောင်စူးစူးတွေရယ်ကို စိတ်ကုန်လိုက်တာ။  သီချင်းက ပါးစပ်လှုပ်ရုံလေး ဆိုရတာပါ။  နောက်ပိုင်းမှာ သူများအသံလွှင့်မှာမို့ ဖီးလ်ကလည်း ငုပ်နေတာရော၊ ကိုယ်တိုင်က မနေတတ် မစားတတ်တာရော ဖြစ်နေခဲ့တာပါ။  ရိုက်ပြီး ပြန်ပြတဲ့အချိန်မှာ လူကိုယ် မြေခွဲပြီး အမျိုခံချင်စိတ် ပေါက်မိပါတယ်။  အားလုံးထဲမှာ ကိုယ့်ရုပ်က အဆိုးဆုံး၊ နောက်ပြီး တောင့်တောင့်ကြီးရပ်လို့၊ ကင်မရာချိန်လိုက်တိုင်း မျက်လွှာကြီးချပြီး ပါးစပ်ကလည်း ဆီမန်းမန်းသလိုလုပ်နေတာမို့   ဘယ်လိုမှ ကြည့်မကောင်းပါ။  တစ်ယောက်ချင်း အနီးကပ်ဆွဲရိုက်ထားတဲ့ ရိုက်ချက်ကိုမြင်ရချိန်မှာတော့ ဘုရား ဘုရား လို့  တ မိပါရဲ့။  တစ်ချို့သူတွေလည်း အမှားမကင်းဘူးပေါ့။  သုံးခါလောက် ပြန်ရိုက်ပြီးတော့ ကင်မရာမင်းက ရပြီလို့ပြောတယ်။  ကိုယ်ကတော့ မရွှင်သောနှလုံးသားနဲ့  ရုပ်သံခန်းမက ခွာခဲ့ပါတယ်။  အဲဒီနေ့က ရိုက်ထားတဲ့ သီချင်းကို ( ကိုယ့်ရုပ်နဲ့  သူများအသံ) နောက်ရက်တွေမှ အလှည့်ကျ ပြန်ပြန်ပြီး လွှင့်ပေးတယ် ပြောပါတယ်။  အဲဒီသီချင်းလာချိန်မှာ ကိုယ်သိတဲ့လူတွေ မတော်တဆ မကြည့်မိပါစေနဲ့လို့ ဆုတောင်းရတာ အမောပါဘဲ။ နောက်ပိုင်းမှာ တစ်ချို့သော ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက “တီဗီထဲမှာ သီချင်းဆိုတာ တွေ့တယ် ”လို့ ပြုံးစစနဲ့ ပြောကြလေတိုင်း ပါးတွေနားတွေ ပူထူရှိန်းပြီး ထွက်ပြေးချင်စိတ် ပေါက်မိပါတယ်။
                       သြော် တက္ကသိုလ်ဘ၀ကို လွမ်းလိုက်ပါဘိခြင်း..............။


မိုးစက်ပွင့်


(အဆောင်သူဘ၀ နဲ့ တက္ကသိုလ်မှသူငယ်ချင်းတွေအကြောင်း နောက်မှ ရေးပါဦးမယ်)
ကံ့ကော်ပန်းပုံကို ဒီက ယူပါတယ်။

Monday, 29 March 2010

ပန်းကြိုက်သူ


                  ခုတလော ကိုယ့်အကြောင်းတွေပဲ ရေးဖြစ်နေတယ်။  အေးလေ- ကိုယ့်အကြောင်းပဲ ကိုယ်အသိဆုံးဆိုတော့။ မျှဝေစရာ ဘာပညာမှ မည်မည်ရရ မရှိတဲ့သူဆိုတော့ ကိုယ့်အကြောင်းတွေပဲ ကိုယ်ရေးတော့မယ်- အဟား။ “ပန်းကြိုက်သူ“ ရေးရမလား “ပန်းချစ်သူ” ရေးရမလား။  ချစ်တာနဲ့ကြိုက်တာ ဘာကွာသလဲ...။ ခေါင်းထဲမှာ အတွေးတွေ ပွစိတက်။  အို- ရှုပ်ပါတယ်လေ။  ပန်းချစ်သူဆိုတာ သီချင်းတွေ ကဗျာတွေအများကြီး ရှိပြီးသား။ ဒီတော့ ပန်းကြိုက်သူပဲ ရေးတော့မယ် ..........  ။  
                         ပန်းကတော့ ငယ်ငယ်ထဲက ကြိုက်တာပါ။ 
              ခရေ-  ငယ်ငယ်က ရွာဦး ရွာထိပ် ဘုရားဝင်းကြီးထဲမှာ ခရေပင်အကြီးကြီးရှိတယ်။  ပင်စည်လုံးပတ်က လူတစ်ဖက်လောက်ရှိမယ်ထင်ရဲ့။ အပွင့်တွေကလည်း လတ်ဆတ်ဖွံ့ထွားလိုက်တာ။  မနက်စောစော သူငယ်ချင်းတွေနဲ့အတူ ခရေပန်းသွားကောက်ရတာလည်း အရသာတစ်ခုပါပဲ။ ခရေရွက်ခြောက်ညိုညိုတွေပေါ်မှာ နှင်းပွင့်လေးတွေ စိုနေတဲ့ ခရေပန်းကလေးတွေ ပြန့်ကျဲလို့။  ဟိုနားတစ်ပွင့် ဒီနားတစ်ပွင့် လောဘတကြီး ကောက်ရင်း တဖြည်းဖြည်း မိုးလင်းလာပါရော။   အိမ်ကယူလာတဲ့ နှီးဗန်းကလေးထဲမှာလည်း ခရေပန်းကလေးတွေက အပြည့်အမောက်။ ရွရွကလေးအုပ်ကိုင်လိုက်ရင် နူးညံ့တဲ့ ပွင့်ဖတ်ချွန်လေးတွေရဲ့ အထိအတွေ့။  အိမ်ကိုရောက်တာနဲ့  နှီးပင်သေးသေးကလေးနဲ့သီ၊ တစ်ချို့ကို ဘုရားတင်၊ တစ်ချို့က ဆရာမဖို့၊   နောက်ဆုံးတစ်ကုံးက ကိုယ်ပန်ဖို့ပါလေ။ အဲဒီအပင်ကြီး အခု ရှိသေးလား မသိတော့ပါ။
                ဆိတ်ဖလူး - “ဆိတ်ဖလူးနံ့၊ ရွာလုံးပျံ့၏....” ဆိုတဲ့ကဗျာထဲကလို အရမ်းမွှေးပျံ့တဲ့ ပန်းကလေးတွေပါ။  အိမ်ခေါင်းရင်းမှာကို ရှိတယ်။  တချို့က သူ့အနံ့ကို မွှေးလွန်း စူးလွန်းလို့  မကြိုက်ဘူး။  ကျွန်မကတော့ ပွင့်ဖတ်ဖြူဆွတ်ဆွတ်ကလေးရယ်။ အရိုးတံ လိမ္မော်ရောင်တောက်တောက် ရိုးတံလေးတွေကို ချစ်လို့။  အရိုးတံလေးကို ညှစ်ခြေလိုက်ရင် လက်ထိပ်လေးတွေ လိမ္မော်ရောင်စွန်းကုန်ပါတယ်။  သူလဲ ခရေလို မြေပေါ်ကို ကြွေကျပေးပါတယ်။
                    စံပယ်- ငယ်ငယ်ကတော့ အကြိုက်ဆုံးပန်းပါ။  ဘာလို့လဲ- ဟုတ်လား။  ဖြူစင်တယ် ရိုးသားတယ် ဘာညာ စာတွေဖတ်ပြီး ကြိုက်တာ။ သူ့အနံ့ကလည်း ယဉ်တယ်လေ။ အဖြူဆွတ်ဆွတ် စံပယ်ပွင့် အသေးလေးတွေကို  အ၀ါနုရောင်သန်းတဲ့ အိုးပုတ်စံပယ် လုံးလုံးကြီး  ၀၀ကြီး တွေထက်ကြိုက်ပါတယ်။  စံပယ်ပန်း ပုံရှာတော့ “ယုဇန” တို့  ”ဇွန်ပန်း၊” တို့ တခြား အပွင့်ဖြူချပ်လေးတွေပါတဲ့ ပန်းပွင့်လေးတွေကို  jasmine အုပ်စုထဲမှာ တွေ့ရတယ်။  ကိုယ်ပြောချင်တဲ့ စံပယ်နဲ့  အနီးစပ်ဆုံးပုံကိုပဲ ယူလိုက်ပါတယ်။
                 နှင်းဆီ-  ငယ်ငယ်က မုန်းခဲ့တယ်။  ဒါလည်း ကဗျာတွေ စာတွေ မတောက်တခေါက်ဖတ်ပြီး ဆူးတွေပါတယ်၊ မာနကြီးတယ် ဆိုတာတွေရဲ့ အစွဲကြောင့်ထင်ပါရဲ့။  အလုပ်တွေ ဘာတွေဝင်ပြီး နောက်ပိုင်းကျတော့ နှင်းဆီပန်းလေးတွေကို နှစ်သက် မြတ်နိုးတတ်လာတယ်။  ဘာကြောင့်ရယ်မသိ။ နှင်းဆီဝါကို ပိုပြီး နှစ်သက်မိပါတယ်။  ကျောက်နှင်းဆီ သေးသေးကလေးတွေကိုလည်း ကြိုက်တယ်။  ဒီတစ်ပုံပဲ ကိုယ်တိုင်ရိုက်ထားတဲ့ ပုံပါ။
                 ပိတောက် -  အမျိုးသားပန်း လည်းဖြစ်လို့။  ဆွဲဆောင်နိုင်တဲ့ အရောင်နဲ့ အနံ့ကြောင့် ကြိုက်တာ။  ကြွေလွယ်တဲ့ သူ့သဘာဝကိုတော့ မကြိုက်ချင်။  အိမ်ရှေ့က ပိတောက်ပင်ကြီးက သင်္ကြန်အကြိုနေ့ဆို အမြဲပွင့်တယ်။  သူက အပွင့်ပွင့်ချိန်မှာ သနားစရာကောင်းလောက်အောင် အကိုင်းတွေအများကြီး အချိုးခံရတဲ့အပင်လေ။  တစ်နှစ်မှာ ပိတောက် သုံးခါပွင့်တယ်လို့ ပြောကြတယ်။  မှတ်မှတ်ရရ စင်္ကာပူမှာ  ပိတောက်နံ့ကလေး ရတော့ ဟိုဟိုသည်သည် ရှာလိုက်ရတာ။  တွေ့ပါပြီ- လမ်းဘေးနားမှာ ပွင့်နေတဲ့ ပိတောက်ပင်ကြီး။  နိုင်ငံရပ်ခြားမှာ ကိုယ့်အမျိုးတွေ့သလို ပျော်သွားတယ်။ 
           ကံ့ကော်-  တက္ကသိုလ်ပညာရေးရဲ့ အမှတ်အသားတစ်ခု ဖြစ်နေတဲ့ပန်း။ သူက ၀တ်ဆံဝါ၀ါ၊ ပွင့်ဖတ် ဖြူဝိုင်းဝိုင်းလေးတွေနဲ့  အိနြေ္ဒရှင် ပန်းကလေးပါ။  ရန်ကုန်တက္ကသိုလ်ပင်မထဲမှာ ရှေးကလူတွေ စိတ်ကူးကောင်းကောင်းနဲ့ စိုက်ခဲ့တဲ့ ကံ့ကော်ပင်ကြီးတွေ အများကြီး ရှိတယ်။  ကံ့ကော်တွေကိုမြင်ရင် ချစ်သောကျောင်းကြီးကို သတိရတယ်။  ကျောင်းဝန်းထဲမှာ ဗန်းကလေးနဲ့  ကံ့ကော်ပန်းကလေးတွေ ထိုင်ရောင်းနေတဲ့ သူကလေးတွေပါ သတိရတယ်။   အစည်းလိုက်လေးဝယ်ပြီး သူများတွေနဲ့မျှပန်တာ သူငယ်ချင်းလေးတွေ ၀ယ်လာရင်လည်း ၀မ်းသာအားရ မျှယူခဲ့ရတာ။ ၀တ်ဆံခြောက်ကလေးတွေက သနပ်ခါးထဲ ထည့်သွေးရင် မွှေးမွှေးချောချောလေး။
           သဇင်- ကြီးမှကြိုက်တဲ့ ပန်းပါ။ ငယ်ငယ်ကတော့ သူများတွေ တယုတယပန်နေတာ၊ ပြန်လာရင် ရေစပ်စပ်လေးနဲ့ တရိုတသေ သိမ်းထားကြတာ၊ ပန်းပန်ပါတယ်ဆိုမှ ဥကြီးတွဲလျက်ဖြစ်နေတာတွေကို  မျက်မုန်းကျိုးခဲ့သပေါ့။  သိပ်လဲ မလှဘူးလို့ထင်တာလေ။  နောက်တော့လည်း သူ့ရဲ့ ယဉ်စစအလှနဲ့ သင်းရနံ့ကလေးတွေက ကိုယ့်ကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။
                 ကြာပန်း-  ကြီးလာတဲ့အခါ သိပ်မကြိုက်ပေမဲ့ ငယ်ငယ်ကတော့ အဖေါ်ပါ။  ဖြူနီပြာ ရောင်စုံရှိတတ်ပေမဲ့ အများဆုံးတွေ့ရတာက နီလဲ့လဲ့ကြာကလေးတွေပါ။ ကြာဆစ်ချိုး ဆွဲကြိုးလေးရဲ့ လည်ကုပ်ပေါ်က အေးမြလတ်ဆတ်တဲ့ အထိအတွေ့ကို မှတ်မိနေတုန်းပဲ။ ကြာပန်းနံ့သင်းသင်းကလေးကို ခံစားရတိုင်း ဟိုးငယ်ငယ်ဘ၀ကို အမှတ်ရမိတယ်။
               ဒါတွေကတော့ ကိုယ် အမှတ်အရဆုံး ပန်းကလေးတွေပါ။ အနံ့မမွှေးတဲ့ နေကြာတို့၊ စက္ကူပန်းတို့၊  ရွက်လှ၊ ဒေလီယာ၊ သစ်ခွတို့တော့ သိပ် စိတ်မ၀င်စားလှဘူး။ ကိုယ်လက်လှမ်းမမီဘဲ ပုံကြည့်ပြီး စိတ်ဝင်စားတာတွေလည်း ရှိသေးတာပေါ့။    ဥပမာ- Tulip တို့   Deffodil တို့  ပေါ့။ 
                 ငယ်ငယ်က ကစားလို့ ကိုယ်နိုင်ခြေရှိလာရင် ပန်းပေးပြီလား ပန်းပေးပြီလား လို့ တစ်ဖက်ကို မေးရတာလေ။  သူက ပန်းပေးတယ်ဆိုရင် သူအရှုံး ကိုယ်အနိုင်နဲ့ ပွဲရပ်ခဲ့ကြတာပေါ့။  ဘာကြောင့် အရှုံးပေးတာကို ပန်းပေးတယ် ခေါ်သလဲဆိုတာ ကိုယ်မသိပါ။
                   ဒီလိုနဲ့  နည်းနည်းကြီးလာတော့ ချစ်သူတွေပန်းပေးကြတယ်ဆိုတာ သိလာတယ်။ အဲဒီလိုနဲ့ ပန်းပေးမဲ့ မင်းသားလေးကို စောင့်လိုက်တာ ဗာလင်တိုင်းနေ့တွေသာ အလီလီကျော်ဖြတ်သွားတယ်။ တစ်ယောက်တစ်လေမှ မတွေ့ရဘူး။ ၀မ်းနည်းပါဘိ။ အနားကို ပူးကလေးရောက်လာတော့လည်း (ပန်းကြိုက်သူပီပီ) အမှတ်တရ ပန်းပေးစေချင်ခဲ့တယ်။  သူက လုံးဝ အလိုက်မသိဘူး။  သူက လက်တွေ့သမား၊  သူပေးဖူးတာက သဇင်ပန်းတုံးတစ်တုံး။  (ကိုယ့်ဘာသာ ရေလောင်း၊ ကိုယ့်ဘာသာ ခူးပန် လို့  ဆိုလိုချင်တာလားမသိ)။ 
             ပန်းပန်တဲ့ အလေ့အထဟာ မြန်မာဓလေ့လို့ ပြောရင် မှန်မလားဘဲ။  တွေ့ဖူးသလောက် နိုင်ငံခြားသူတွေ ပန်းပန်လေ့မှမရှိတာ။  တီဟီတီကျွန်းရဲ့  အမှတ်အသား ခေါင်ရမ်းပန်းတွေကို နားရွက်ကြားညှပ်တာတို့၊  ဘာလီ ကျွန်းသူလေးတွေ ပန်းကုံးခေါင်းစွပ်တာတို့  လောက်ပဲ မြင်ဖူးပါတယ်။  မြန်မာအမျိုးသမီးလေးတွေကတော့ ပွဲတက်ပြီဆို ဆံထုံးနဲ့ ပန်းနဲ့ပုဝါနဲ့မှ အင်္ဂါစုံပြီး တင့်တယ်တာ မဟုတ်လား။  (ဒီနေ့ခေတ်ကတော့ ပန်းပန်တာနည်းပြီး ရတနာဆံထိုးလေးတွေ ပိုသုံးလာသလိုပဲ) ပန်းပန်နည်းတောင် အမျိုးမျိုးရှိပါသေးတယ်။  မှတ်မိသလောက် ဆံထုံးနဲ့ နားရွက်ကြားမှာ ပန်းပွင့်လေးကို အလိုက်သင့်ကပ်ပြီး၊ အပွင့်ကလေးတွေဘေးကိုပြူထွက်နေအောင် ပန်တာကို “ခင်ယုမေ ပန်းပန်နည်း“ တဲ့။
                    သြော် ပြောရင်းနဲ့  မြန်မာဆန်ဆန် ပန်းပန်လေ့ရှိတဲ့ ဂုဏ်သရေရှိ အမျိုးသမီးကြီးတစ်ယောက်ကို သတိရမိသေးတော့-။

မိုးစက်ပွင့်
photo credit:  fotosearch.com

Sunday, 28 March 2010

မျောက်သွေး

 " မျောက်သွေး "ဆိုလို့   ဆေးလောကက ရီးဆပ်စ်  RH+ /-  အကြာင်း မဟုတ်သလို   ကြည်အောင် ကဗျာထဲက "အင်ဖက်ခွက်ထိုး ....မုဆိုးသွေးသောက်.... ” ဆိုတဲ့ တောထဲကမျောက်ရဲ့ သွေးအကြောင်းလည်း မဟုတ်ရပါ။ မျောက်တွေနဲ့  ကျွန်မရဲ့ ပါတ်သက်မှု  အကြောင်းလေးပါ။ ( ရှင်းပြမှ ပိုဆိုးသွားတယ် )
                             အရင်ဦးဆုံး မျောက်ဋ္ဋီကာလေး အဖွင့်လေးပေါ့။ မျောက်တွေက လူတွေနဲ့ ရုပ်ချင်းကလည်း အတော်တူရှာပါတယ်။ ဒါကြောင့်လည်း “မျောက်သားစားချင်ရင် မျောက်မျက်နှာမကြည့်နဲ့“ ဆိုတဲ့ စကားပုံ ပေါ်လာတာ မဟုတ်လား။  ဒါဝင်ကလည်း “လူသည် မျောက်က ဆင်းသက်သည်“ ဆိုပြီး ကမ္ဘာကျော် သီအိုရီကြီးတောင် ထုတ်ခဲ့သေးမဟုတ်လား။  ဒါတောင်မှ မျောက်တွေဟာ (သူတို့ရဲ့ သားမြေးတီကျွတ်ဖြစ်တဲ့)  လူလုပ်သမျှကိုလည်း အတုခိုး တတ်ပါသေး တယ်။ မှတ်မိတာလေးတစ်ခုပါ။ အဖွားတို့ တောရွာတွေမှာ စပါးကောက်လှိုင်းပုံကြီးတွေကို ပြန့်ပြန့်ပြူးပြူး စီခင်းပြီး လူက နွားအုပ်ကို မောင်းပြီး စပါးသီးကြွေအောင် ၀ိုင်းကြီးပတ်ပတ် တက်နင်းတာကို “တလင်းနယ်“တယ် လို့ ခေါ်ပါတယ်။  အဖိုး တလင်းနယ်နေတာကို သစ်ပင်ပေါ်က မျောက်တွေက ကြည့်နေပါသတဲ့။  ၁နာရီ ၂နာရီလောက်ကြာတော့ နွားလဲမော၊ လူလဲမော၊ တစ်ရေးတစ်မော အနားယူပြီး အဖိုးအိပ်ပျော်သွားလိုက်တာ နိုးလာတော့ မျောက်တွေက နှင်တံကိုင်ပြီး နွားတွေနဲ့  တလင်းနယ်နေပါသတဲ့။  မယုံရင် ပုံပြင်မှတ်။ အဲ- အမေ့အလှည့်ကျတော့ တစ်မျိုး။  သူ ရုံးသွားခါနီး နှုတ်ခမ်းနီဆိုးနေတာကို မှန်ထဲမှာ မည်းမည်းမြင်လို့ လှည့်ကြည့်လိုက်တော့ လားလား တစ်ဖက်အိမ်က မျောက်မကြီးက  ထိုင်ကြည့်နေတာပါတဲ့။  အမေ့ခမျာ နဂိုရ်ကကြောက်က ကြောက်တတ်ဆိုတော့ ငယ်သံပါအောင်အော်ပြီး ပြေးလိုက်တာတန်းနေတာပဲ- တဲ့။ အဲဒီခေတ်က မျောက်တွေ သိပ်ပေါတယ်ထင်ပါရဲ့။ အခုတော့ မျောက်ချေးခါးဟင်း စားသူတွေ များလာလို့လားမသိ။ မျောက်တွေလည်း တောင်ကုန်းတွေ ဘုရားတွေမှာပဲ ရှိတော့တယ်။
                       ကျွန်မ နဲ့မျောက်တစ်ချို့ ရဲ့ ပါတ်သက်မှုကလည်း သိပ်တော့ ပျော်စရာမကောင်းခဲ့ဘူး။  မေမြို့ ဓါတ်တော်ချိုင့် ရေတံခွန်မှာ ကျွန်မမျက်မှန်ကို မျောက်လုပြေးဘူးတယ်။  ရှမ်းပြည်မြို့တစ်မြို့ရဲ့ တောင်ပေါ်ဘုရားမှာ ဘုန်းကြီးမွေးထားတဲ့မျောက်က ခုန်တက်ပြီး ကျွန်မလက်မောင်းကို ကိုက်ဖူးတယ် ( ကူးစက်ရောဂါ ကြောက်လို့ သွေးတောင် ဖေါက်စစ်လိုက်သေးတယ်)၊  မကြာမတင်ကမှ အလည်ရောက်ခဲ့တဲ့ ပုပ္ပါးတောင်အတက်မှာ မျောက်က ကိုယ့်လက်ထဲကဦးထုပ်ကို အတင်းလုသေးတာ။  တော်တော်ဆိုးတဲ့ သတ္တ၀ါလေးတွေ။  သူတို့က ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ   တစ်ခုခု လုပ်နေရင် လုပ်နေရမှ ၊  ဘယ်လိုမှ အငြိမ်မနေနိုင်ကြဘူး မို့လား။
                        ကျွန်မကိုယ်ထဲမှာ မျောက်သွေးပါတာကိုလည်း ဘလော့ရေးတော့မှ သိလိုက်ရတာပါ။
                        “ဘာ“  မအံ့သြပါနှင့် မိတ်ဆွေ။  “မျောက်အုန်းသီးရ” ဆိုတဲ့စကားပုံကိုတော့ ကြားဖူးမှာပါ။  အဲဒီစကားပုံကို ဆန်းသစ်ရရင် ကောင်းမလားလို့တွေးမိပါတယ်။  နေ့စဉ်နဲ့အမျှ  ကိုယ့်ဘလော့ဂ်လေးကို တသသ တပြင်ပြင်။  မအယ်ဇီရဲ့  “ကြောင်အီးဘလော်ဂါ” ထက် ဆိုးတဲ့ ကိုယ်လို  “မျောက်ချေး ဘလော်ဂါ”လေးက ကိုယ်ပြောချင်တာ ရေးချင်တာတွေကို ဆင်ဆာမရှိတဲ့ ဘလော့စာမျက်နှာပေါ်ကို  တစ်ဖတ်ဖတ် ပစ်တင်နေတာ မို့လား။  လူမိုက်အားပေး ဘလော့သူငယ်ချင်းလေးတစ်ချို့ တော့ ရှိတာပေါ့။  ရုံးကလူတွေကိုတော့ မပြောရဲပါဘူး။  တော်ကြာ ကိုယ်အလုပ်လုပ်ချင်ယောင်ဆောင်နေတာ ဘော့စ်တွေသိသွားမှာစိုးလို့ ::-) ။  ကိုယ်က လက်လှုပ်မှ ပါးစပ်လှုပ်ရသူပါ။   ခပ်ကြမ်းကြမ်းပြောရရင်တော့ “ မျောက်ပြ ဆန်တောင်း“ ပေါ့။ ဒါတောင် ဟိုတစ်လောက ဘော့စ်က ငါတို့ရုံးမှာ  Monkey Business ရှိတယ်- တဲ့။  ထိတ်ခနဲဖြစ်မိတာက ကိုယ်။  ငါ့များ စောင်းပြောနေသလားပေါ့။  နောက်ပိုင်း စုံစမ်းစစ်ဆေးရေးတွေ ၀င်တော့မှ Monkey Business ဆိုတာ“ တစ်ယောက်ယောက်က မဟုတ်တာလုပ်ထားတာ“ ကို ဆိုလိုမှန်းသိတော့တယ်  :-)
                              မျောက်သွေး ပါပုံများကတော့ ကမ်းကုန်ပဲ။  ဒါတောင် အိုင်တီဗဟုသုတ ဇီးရိုးမို့လို့။  ဘလော့လုပ်နည်း ပြင်နည်းတွေကို ဖတ်ပေမဲ့လည်း နားမလည်တာတွေက ခပ်များများ။  CSS code တို့   HTML codeတို့  ဆိုရင် လုံးဝ မသိလို့။   သိများသိရင်မလွယ်ပါ။  တမ်းပလိတ်တစ်ခုဆိုရင် ကိုယ့်ဆီမှာ ကြာကြာမခံ။  ကြာလာတာနဲ့  အကျီင်္ဟောင်းကြီး ၀တ်ထားရသလို ခံစားရတာ။  သူများဘလော့လေးတွေဆို တည်တည်ငြိမ်ငြိမ်။ စိတ်ကြိုက် အရောင်၊ ဒီဇိုင်းရွေးပြီးတာနဲ့  နှစ်နဲ့ချီပြီး သုံးကြတာ။  သူ့ရဲ့   ကိုယ်ပိုင် Theme လေးပေါ့။  ကိုယ်အဲလို အားကျပေမဲ့ လိုက်လုပ်လို့မရဘူး။  Google ကပေးထားတဲ့ တမ်းပလိတ် မျိုးစုံကို အရောင်တွေပြောင်းပြောင်းပြီး သုံးကြည့်နေတာ။  စစ ပြောင်းချင်းဆိုရင် စိတ်ထဲမှာ သိပ်လှသလိုဘဲ။  တစ်လ လောက်ဆိုရင် ပြောင်းချင်ပြီ။
                           ပို့စ်တွေဆိုရင်လည်း ပြီးတာနဲ့ ကောက်တင်ပစ်ချင်တာ။  အလုပ်နားတဲ့ရက်မို့လို့  ၂ခု ၃ခုရေးဖြစ်ရင်လည်း အစကတော့ စာမရေးနိုင်မဲ့ နောက်ရက်တွေအတွက် scheduleလေး လုပ်ထားမိတယ်။  ခဏနေရင် စိတ်ထနဲမှာ မရိုးမရွနဲ့    schedule  ဖျက်ပြီး ချက်ခြင်းပြန်တင်မိတာ။  အဲဒါ မျောက်သဘာဝပဲလေ။  ပြီးတော့ စာတွေကို တစ်ရောင်တည်း မရေးချင်ဘူး။  အရင်ကဆို တော်တော် အရောင်စုံစုံရေးပါတယ်။  အခုတော့ မနူးတနူးကိုယ့်စာကို လာလာဖတ်တဲ့  မိတ်ဆွေတွေရဲ့ မျက်စေ့ကို အားနာလို့   အပြာနုလေးနဲ့   ပြောင်းရေးထားတာပါ။
              ဆက်စပ်မှူရှိမရှိမသိပေမဲ့ တစ်ဆက်ထဲ ပြောရဦးမယ်။   ကျွန်မက အလုပ်ထဲမှာ ယူနီဖောင်းမ၀တ်ချင်ဘူး၊  ဘုရားတောင်မှ နေရာတိုင်းမှာ ပုံစံတူတွေ အရမ်းများလာရင်မကြိုက်ဘူး။  ရွှေတိဂုံဟာ အလွန်လက်ရာမြောက်ပေမဲ့ ရှမ်းဘုရား ရှည်သွယ်သွယ်လေးတွေ၊ ပုဂံဘုရား လေးထောင့်စပ်စပ်လေးတွေကိုလည်း အစုံ ဖူးချင်တယ်။  ကိုယ့်တိုင်းပြည်ထဲမှာ အရောင်စုံတဲ့ တိုင်းရင်းသားတိုင်းရင်းသူ ဓလေ့လေးတွေရှိနေတာ ကြိုက်တယ်။ ဂုဏ်ယူတယ်။  သူတို့တွေ ဗမာလိုပြောင်းဝတ်မှာ၊ ဗမာစကား ပြောကြရင်း ကိုယ့်ဘာသာစကားကို မေ့သွားမှာ လုံးဝ မလိုလားဘူး။  Unity in Diversity ဆိုတာ ကျွန်မအကြိုက်ဆုံးဆောင်ပုဒ်တစ်ခု။
                     ကိုယ့်စိတ်က  အပေါ်က ပြောခဲ့သလို “မျောက်” ဆန်ပေမဲ့  သူငယ်ချင်းတွေ၊  ချစ်ခင်သူတွေအပေါ်တော့ မပြောင်းတတ်ပါဘူးနော်။  မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ကျောင်းသား၊ တက္ကသိုလ်ဆရာ ဘ၀က သူငယ်ချင်းတွေကို အခုထိ ချစ်တုန်းပါ။ အဟုတ်။
                         ကဲ အခုလို ဘာမဟုတ်ညာမဟုတ်တွေကို စာတစ်စောင်ပေတစ်ဖွဲ့လုပ်နေလို့  မငြိုငြင်ကြပါနဲ့ဦးနော်။  ကိုယ့်ထက် ပိုသိပိုတတ်တဲ့သူတွေကို မိန့်မိန့်ကြီး ဆရာလုပ် ဖို့ကြိုးစားနေတာကိုက “ ဘုရားကားအောက် မျောက်ကားအထက်“ ဆိုတဲ့ စကားပုံ အရှိသားမို့လား။


မျောက်စက်ပွင့် (အဲ- ဟုတ်ပေါင် )

Saturday, 27 March 2010

ကာရံလွဲသော ဆိုင်းဘုတ်များ

ခရီးသွားတိုင်း ပျင်းပျင်းရှိရင် ဆိုင်းဘုတ်တွေကို ငေးမော ဖတ်ရှူမိပါတယ်...။
ဆိုင်နံမည် လှလှလေးတွေ၊ စိတ်ကူး ကောင်းကောင်းလေးတွေ  မြင်ရင်လည်း သြော်- တွေးတတ်လိုက်တာ ဆိုပြီး ချီးကျူးမိပါရဲ့။ တစ်ချို့က ရိုးရိုးလေးနဲ့ယဉ်ပြီး တစ်ချို့က ဆန်းဆန်းလေးနဲ့လှပါရဲ့။ တစ်ချို့က တုံးတိတိကြီးတွေ။  တစ်ချို့က နေရာတိုင်းမှာ မြင်နေကျ ဆီသည်မလက်သုတ် အမည်တွေ။ တချို့ကတော့ ချစ်စရာ ဟာသလေးတွေစွက်လို့။   ဥပမာ- “ဒေါ်ရိတ်ကြီး“ “ဒေါ်ရမ်းချက်” ”နောက်တစ်ပွဲဗျို့” ဆိုတဲ့ စားသောက်ဆိုင် အမည်တွေ။

ကျွန်မကတော့ ဆိုင်းဘုတ်တွေကို ဖတ်ရင်း ဆိုင်ရှင်ရဲ့ စိတ်နေသဘောထား၊  ဗဟုသုတ ရှိမရှိ၊  အသက်ဘယ်လောက်ရှိမလဲ စသဖြင့် ခန့်မှန်းတွေတောရင်း အပျင်းဖြေတတ်ပါတယ်။  ဗေဒင်ဆရာတို့ သူငယ်ချင်းတို့က ပေးထားတာလည်း ဖြစ်နိုင်တာပဲဆိုပေမဲ့  mind game တစ်ခုအနေနဲ့ပါ။  ကျွန်မအမြင်ကတော့ လူမြင်ကွင်းမှာထားမဲ့ ဆိုင်းဘုတ်တစ်ခုဟာ  အမည်လှသည်ဖြစ်စေ မလှသည်ဖြစ်စေ အနိမ့်ဆုံးအနေနဲ့   အဓိပ္ပါယ်၊ သတ်ပုံကာရံ မှန်ကန်တည့်မတ်ဖို့  ဂရုစိုက်သင့်တယ် လို့ ထင်ပါတယ်။

သတ်ပုံလွဲတာကို ပထမဦးဆုံးပြောချင်ပါတယ် ။ မြို့လည်ခေါင်ကြီးမှာတောင် ပြူးပြူးပြဲပြဲ အမှားတွေက တွေ့ရတတ်သေး။  ”အပ်ခြုပ်ဆိုင်” တဲ့။ ကဲ- ခြုပ် တာလား၊ ချုပ်တာလား။  နောက်ပြီး ဘိုဆန်ဆန် ” Tupid"  တဲ့ ("Cupid" ကို ဆိုလိုချင်တာ ထင်ပါရဲ့ )။ ကျွန်မကတော့ "S" တစ်လုံးတိုးပြီး  "Stupid" လို့ ရေးစေချင်တာ :-) သွားလည်းမပြောရဲဘူး။  "ငါ့ဟာငါ တမင်ရေးထားတာ နင်နဲ့ဘာဆိုင်လဲ" ဆိုရင် ပြန်ကောရင် မခက်ပါလား။ (ကျွန်မရဲ့ ဘလော့ပို့စ်တွေမှာ  သတ်ပုံ သိပ်မှန်တယ်လို့  မပြောလိုပါ။  တဖြည်းဖြည်း အမှားနည်းအောင်တော့ ကြိုးစားနေပါတယ်။  ဆိုင်းဘုတ်တစ်ခု တပ်ရတော့မယ်ဆိုရင်တော့ ကျိန်းသေ ပိုဂရုစိုက်မှာပါ - CYA :-) )
တချို့ဆိုင်းဘုတ်တွေကတော့ မှားမှားယွင်းယွင်း ရယ်ချင်စရာလေးတွေ။ ဥပမာ-  တမြန်မနှစ်က “၀”နယ်ဖက်ကို ခရီးသွားတုန်းက ဖတ်ခဲ့ရတဲ့ ဆိုင်းဘုတ်တွေပါ။  သူတို့က ဗမာစာကို လုံးလုံးမသိသူတွေပါ။ အခွန်တစ်ဝက်သက်သာချင်ရင် ဗမာလို ဆိုင်းဘုတ်ထောင်ရမယ်ဆိုလို့   မတတ်တတတ် လူတစ်ယောက်ကို ဘာသာပြန်ခိုင်း ရေးခိုင်းထားပုံပေါ်တယ်။ တရုတ်စာလုံးတွေကို တစ်လုံးချင်း ဘာသာပြန်ပြီး  အပေါ်ကတော့ ကျွန်မ မဖတ်တတ်တဲ့ တရုတ်စာပေါ့။  အောက်က ရေးထားတာကို ကြည့်ပါဦး....။
-  ကား မှတ်တိုင်ကို  ”ကားစောင့်စီး တိုက်ကြီး”
- ငါးအကင်ဆိုင်ကို  ”ငါး ဖုတ် ရောင်း ဆိုင်”
- ထမင်းဆိုင်ကို ” ဆိုင် ထမင်း”
ဝေ ဟင် ယံ လူသား အနှိပ်ခန်း”  ( လူပျံတော် အနှိပ်ခန်း )
အနီ အနီ နှိပ်သည်”  ( နီနီ အနှီပ်ခန်း )
” ရေစုန် ရေဆန် အနှိပ်ခန်းမ” ( မြစ်ဧရာ အနှိပ်ခန်း )
ဘာကိုဆိုလိုသလဲဆိုတာ ဘေးက တရုတ်စာဖတ်မှဘဲ သဘောပေါက်နိုင်မှာပါ။ အနီးစပ်ဆုံး ဖြစ်နိုင်ခြေတွေကို လက်သဲကွင်း ထဲမှာ ပြထားပါတယ်။ ဒီကြားထဲ သတ်ပုံတွေကလည်း ခွက်ခွက်လန်အောင် မှားလိုက်သေးတယ်။  ကြာပြီဆိုတော့ အကုန်မမှတ်မိတော့ဘူး။ မှတ်တမ်းတင် ဓါတ်ပုံရိုက်မထားလိုက်ရတာ နာတာပဲ။  သူငယ်ချင်းတရုတ်မလေးကို နင်ကမှားနေတယ်လို့ပြောပြီး ပြင်ပေးလိုက်ပါလား လို့အကြံပေးမိသေးတယ်။  သူက နေပေလေ့စေ- ဒါ ဒေသဆိုင်ရာ အမှတ်လက္ခဏာတစ်ခုဘဲ  တဲ့။  အင်း- ဒါလဲ ဟုတ်တုတ်တုတ်ပါပဲ။  အပြန်ကျတော့လည်း နှုတ်ဆက်ဆိုင်းဘုတ်ကလေးက  ”ခရီးလမ်းမှာ မောပါစေ” တဲ့။  ချောမောပါစေလို့ ပြောချင်တာထင်ပါရဲ့ ။ ဟူး မောလိုက်တာ :-)

ကာရံလွဲတဲ့အကြောင်းနဲ့ပါတ်သက်လို့   နယ်စပ်တစ်နေရာရဲ့ ဖြစ်ရပ်မှန် ဟာသလေးတစ်ခု ပြောပြချင်ပါတယ်။  ဈေးနားမှာ ဖွင့်ထားတဲ့ NGO အဖွဲ့တစ်ခုထဲကို လူ သုံးလေးယောက် ၀င်လာပြီး “အနှိပ်ခံချင်တယ်” လို့ပြောပါသတဲ့။  ၀န်ထမ်းတွေလည်း မျက်လုံးမျက်ဆံ ပြူးကုန်တာပေါ့နော်။  သေသေချာချာ မေးကြည့်တာ့မှ သူတို့က စာမဖတ်တတ်ပါဘူးတဲ့။ ဈေး အရောင်းအ၀ယ်လာရင်း ရုံးရှေ့ ဆိုင်းဘုတ်က လက်တွေအများကြီးတွဲယှက်ထားတဲ့ Logo ကို ကြည့်ပြီး အနှိပ်ခန်းလို့  ယူဆမိပါသတဲ့။  ဒီဖြစ်ရပ်လေးရဲ့ သင်ခန်းစာကတော့ ဆိုင်းဘုတ်တွေမှာ ဘာပဲရေးထားထား ဖတ်တဲ့သူရဲ့ အခြေအနေနဲ့ ယူဆချက်ပေါ်မှာ အခြေခံပြီး အဓိပ္ပါယ်ကွဲသွားနိုင်တာပါပဲ။  ကာရံလွဲသွားတယ်လို့  ကျွန်မက အမည်ပေးချင်ပါတယ်။

အများကြီးရှိသေးတယ်။  မြို့လည်ခေါင်တွေ၊ လမ်းဘုတ်တွေမှာ ကာရန်လွဲသော ဆိုင်းဘုတ်အကြီးကြီးတွေ။  အရောင်တောက်တောက်တွေနဲ့။  သတ်ပုံမှန်ပေမဲ့ ကာရံလွဲနေတာတော့ အမှန်ဘဲ.....။ အဲဒါတွေအကြောင်းတော့ အသေးစိတ် ဆက်မပြောပါရစေနဲ့တော့။  တော်တော်ကြာမှဖြင့် -------------@@@@-----------။

မိုးစက်ပွင့်
photo credit:  fotosearch.com

အလွမ်းပြေ (၃)

                  “ဘီအမ်ဟာ သူ့ကလေးဘ၀အကြောင်း ငါ့ကိုပြောပြတယ်။  သူ့အမေဟာ သူများအိမ်တွေမှာ သန့်ရှင်းရေးလိုက်လုပ်ပေးရတဲ့ အိမ်ဖေါ်တဲ့။  ဒီအကြောင်းတွေသိလာရတော့ ငါ့အနေနဲ့ ဇိမ်ခံသုံးဖြုံးပြီး နေနေရတာကို ရှက်လာမိသလိုပဲ။  ငါဆိုရင် ဦးထုပ်ကလေးတစ်လုံး ရွှေဒင်္ဂါးသုံးပြားဆိုလည်း ၀ယ်ပစ်လိုက်တာပဲ။”
                    သူမ နားလည်ရန်ခက်ခဲသည့် ပုစ္ဆာများကို သူမ၏ ခေါင်းသေးသေးလေးနှင့် တတ်ယောင်ကား အဖြေရှာနေမည့်အစား ထိုစဉ်တုန်းကသာ သူ့ကို မေးလိုက်စမ်းလျှင် မည်မျှကောင်းလိမ့်မည်နည်း။   ဘီအမ် ဆိုသည့် “ငတ” ပေးဖတ်သည့် စာအုပ်များကလည်း “ကားလ်မတ်စ်”တို့၊  “ဖြစ်ပွားတော့မည့် တော်လှန်ရေး” တို့ ဖြစ်သည်လေ။  ဘီအမ်၊ ဘီအမ် ဟု အတိုကောက်ပဲရေးသွားသည်။  အဘယ်ကြောင့် အမည်ကို အပြည့်အစုံ မရေးရသနည်း။  သွေးရိုးသားရိုးတော့မဟုတ်တန်ရာ။ အင်ဂျလာမှာ သည်လို နံမည် အတိုကောက် ရေးရလောက်အောင် ရင်းနှီးကျွမ်းဝင်သော အရေးအသားမျိုး ရေးတတ်သူမဟုတ်။  သည်ကောင့်မျက်နှာကို ကြည့်ပြီးတော့လည်း ဘီအမ်လို့ပဲ သူမ ခေါ်နေခဲ့သလား မသိနိုင်ချေ။  သူ ဆက်ဖတ်ရပြန်သည်။
                        “ညစာစားပြီး မမျှော်လင့်ဘဲ ဘီအမ်ရောက်လာသည်။  ကံကောင်းလို့ပေါ့။  အိမ်မှာ ငါတစ်ယောက်တည်း ရှိနေခိုက်မို့လို့”   ယင်းမှာ လွန်ခဲ့သော တစ်နှစ်ခန့်က ရေးထားခြင်းဖြစ်၏။  “ကံကောင်းလို့” တဲ့။  မည်သည့်အတွက်ကြောင့် ကံကောင်းရသနည်း။  မည်သို့သောအကြောင်းကြောင့် “ငါတစ်ယောက်တည်း ရှိနေခိုက်မို့” ရေးထားရသနည်း။  သူကော ထိုညက မည်သည့်နေရာ  ရောက်နေပါလိမ့်။  အလုပ်မှတ်တမ်းစာအုပ်ကိုယူပြီး ပြန်ကြည့်ရပြန်သည်။   မြို့တော်ဝန်တည်ခင်းသည့် ညစာစားပွဲည။  သည်လိုဆိုလျှင် အင်ဂျလာနှင့် ဘီအမ် တို့ ထိုတစ်ညနေခင်းလုံး နှစ်ယောက်ထဲ ရှိနေခဲ့ကြသည်။  သူပြန်လာချိန်တွင် သူမ သူ့ကို စောင့်မျှော်နေခဲ့သလား၊ ထမင်းသားပွဲပေါ်မှာ ဖန်ခွက်နှစ်လုံး အတူရှိနေခဲ့သလား၊ ကုလားထိုင်နှစ်လုံးကို ကော  နီးနီးကပ်ကပ် ဆွဲထိုင်ထားခဲ့သေးလား။  သူ ဘာကိုမှ မမှတ်မိတော့ပါ။  ညစာစားပွဲတွင် သူပြောခဲ့သော မိန့်ခွန်းကိုတော့ သူမှတ်မိသည်။  အခြေအနေအရပ်ရပ်သည် သူ့စိတ်ကို ပို၍ ရှူပ်ထွေးလာစေပြီး  ရှင်းမပြတတ်အောင် ဖြစ်လာသည်။  သူမရှိခိုက် သူ့ဇနီးသည် သူတစ်စိမ်းတစ်ယောက်ကို အိမ်မှာ တညနေလုံး ဧည့်ခံနေခဲ့သည်။     
                            နောက်စာအုပ်တစ်အုပ်တွင်တော့ အဖြေ ပေါ်မည်မှာ မလွဲ။  နောက်ဆုံး မှတ်တမ်းစာအုပ်ကို သူလှမ်းယူသည်။  အင်ဂျလာ မကွယ်လွန်မီ နောက်ဆုံးရေးခဲ့သော စာအုပ်ဖြစ်သည်။  ပထမဦးဆုံးစာမျက်နှာ၌ပင် သည် သေချင်းဆိုးနံမည်ကို တွေ့ရပြန်ပြီ။ 
                          “ဘီအမ် နှင့် နှစ်ယောက်ထဲ ညနေစာစား။  သူ အတော် စိတ်တိုနေပုံရသည်။  တစ်ယောက်နှင့်တစ်ယောက် နားလည်ဖို့ အချိန်ကျပြီဟု သူကပြောသည်။  ရှင်းပြတာကိုလည်း သူလုံးဝ နားမထောင်ပါ။  ငါသူ့ကို လက်မခံရင် လုပ်ပြမည်ဟု ခြိမ်းခြောက်သည်။” စာမျက်နှာပေါ်ရှိ ကျန်စာကြောင်းအားလုံးကို ခြစ်ပစ်ထားသည်။  အပေါ်မှနေ၍  “....အီဂျစ်၊ အီဂျစ်..” ဟူသောစာလုံးများကို လိုက်ထပ်၍ရေးထားသည်။  သူ ကြိုးစားဖတ်ကြည့်သော်လည်း တစ်လုံးမျှ ဖတ်၍မရပါ။  ဖြစ်နိုင်သည်က တစ်ခုတည်းသာရှိသည်။  သည် ငမိုက်သားသည် သူမရှိခိုက် သှူုဇနီးကို ကြောင်တောင်နှိုက်ဖို့ ကြိုးစားခြင်းပင်။  ဂီးလ်ဘတ်၏မျက်နှာမှာ ရှက်ဒေါသဖြင့် ထူပူပြီး နီမြန်းလာသည်။  စိတ်မရှည်စွာပင် သူဆက်ဖတ်လိုက်သည်။  အင်ဂျလာတစ်ယောက် မည်သို့ တုန့်ပြန်ခဲ့လေသနည်း၊ လက်ခံလိုက်သလား။  ဘီအမ်ဟု အတိုကောက်ရေးထားသည်ကို မတွေ့ရတော့ဘဲ “သူ“ ဟူသော နာမ်စားကို သုံးလာသည်။  “သူ ထပ်လာပြန်သည်။  ငါ မဆုံးဖြတ်သေးပါဟု သူ့ကို ပြောလိုက်သည်။  သူ့ကို အိမ်ထဲက ထွက်သွားဖို့  မောင်းထုတ်မိသည်။”  ရာရာစစ သည်ကောင်က သူ့အိမ်ထဲဝင်ပြီး သူ့ဇနီးကို အကြပ်ကိုင်နေခြင်းပင်။  သူမက မည်သည့်အတွက်ကြောင့် သူ့ကို ပြန်မတိုင်ရပါသနည်း။  ဘာကြောင့်များ တုန့်ဆိုင်းတွေဝေ နေရပါသနည်း။  
                     “ငါ သူ့ဆီကို စာတစ်စောင် ရေးလိုက်တယ်”
                     နောက်စာမျက်နှာများတွင် ဘာမှ ဆက်မရေးထားဘဲ ဗလာများသာ ဖြစ်နေသည်။  စာမျက်နှာ အတန်ခြားသွားပြီးမှ “သူ ငါ့ကို စာမပြန်ဘူး”  ကွက်လပ်များ ဖြစ်သွားပြန်သည်။  သည့်နောက်ကော ဘာများ ဖြစ်သေးသနည်း။  “ခြိမ်းခြောက်တဲ့အတိုင်း သူ လုပ်ပြသွားပြီ”။  သည့်နောက်ကော သည့်နောက်ကော ဘာများဖြစ်သေးသနည်း။  စာရွက်များကို သူ စိတ်စောလှစွာဖြင့် အလျင်စလို လှန်ဖတ်လိုက်သည်။  အကုန်လုံး ဗလာချည်းများသာ။  သူမ မကွယ်လွန်မီတစ်ရက်အလိုမှာ ဤသို့ ရေးထားသည်။
                      “ငါရော သူ့လို လိုက်လုပ်ဖို့  သတ္တိမရှိဘူးလား”
                      နေ့စဉ်မှတ်တမ်းက ဤနေရာတွင် ပြီးဆုံးသွားသည်။  စာအုပ်သည် ဂီးလ်ဘတ်လက်ထဲမှ ကြမ်းပြင်ပေါ်သို့ လျှောကျသွားတော့သည်။  
                      သူမ၏ နောက်ဆုံးလှုပ်ရှားမှုများကို သူ့အာရုံထဲတွင် မြင်လာသည်။  “ပစ်ကက်ဒလီ” လမ်းမကြီးဘေး ပလက်ဖေါင်းပေါ်တွင် သူမ ရပ်နေသည်။  မျက်လုံးများက ရှေ့တည့်တည့်ကို စိုက်ကြည့်လျက်။  လက်နှစ်ဖက်က လက်သီးတင်းတင်းဆုပ်လျက်၊  ကားတစ်စီးက အရှိန်ပြင်းပြင်း မောင်း၍လာနေသည်။
                     သူ ဆက်လက် သည်းခံနိုင်စွမ်းမရှိတော့ပါ။  အဖြစ်အပျက်အမှန်ကို သိရမှ ဖြစ်တော့မည်။  တယ်လီဖုန်းရှိရာသို့  မပြေးရုံတမည် လျှောက်လှမ်းသွားသည်။
                    “မစ္စ မေလာနဲ့ စကားပြောချင်လို့ပါ”
                     ဖုန်းတစ်ဖက်တွင် အသံတိတ်ဆိတ်သွားပြီး အတန်ကြာမှ တစ်စုံတစ်ဦးလျှောက်လာသံကို ကြားရသည်။  “စီစီမေလာ စကားပြောနေပါတယ်ရှင်”
                    သူ တယ်လီဖုန်းထဲသို့ ထစ်ချူံးသံကြီးဖြင့် မေးလိုက်သည်။
                    “ဘီအမ် ဆိုတာ ဘယ်သူလဲ”   တစ်ဖက်ရှိ ဖုန်းတင်စင်ပေါ်မှ အပေါစား နာရီစက်သံ တတစ်တစ်ကို ကြားနေရသည်အထိ ဖုန်းထဲတွင် တိတ်ဆိတ်သွားသည်။  သက်ပြင်းရှည်ရှည်ချသံကို ကြားရပြီးမှ စီစီမေလာက ပြန်ဖြေသည်။
                     “သူဟာ ကျွန်မ အစ်ကိုပါ”
                     ဘီအမ်သည် စီစီမေလာ၏ အစ်ကိုဖြစ်နေပါလား။  သူ့ကိုယ်သူ သတ်သေသွားခဲ့သူ၊ သူမ၏ အစ်ကိုပါပဲလား။  စီစီမေလာက ဆက်မေးသံကိုကြားရသည်။
                     “ကျွန်မ ရှင်းပြဖို့ လိုမလားမသိဘူး”
                     “မလိုဘူး၊ လုံးဝ မလိုဘူး” သူအော်ပြောရင် ဖုန်းကို ပစ်ချလိုက်သည်။
                      အင်ဂျလာ ပေးခဲ့သော အမှတ်တရအမွေကို သူရလိုက်ပြီးပါပြီ။  ဖြစ်ခဲ့သည်များကို သူမက အမှန်အတိုင်း ပြောပြခဲ့သည်ပဲ။  ပလက်ဖေါင်းပေါ်က လှမ်း၍ဆင်းလိုက်သော ခြေတစ်လှမ်းသည် သူမ၏ချစ်သူနှင့် ပြန်လည်ပေါင်းဆုံရန် လှမ်းလိုက်သော ခြေလှမ်းဖြစ်သည်။  ထိုခြေလှမ်းသည်ပင် သူ့ထံမှ ထွက်ပြေးတိမ်းရှောင်သွားသော ခြေလှမ်းတစ်လှမ်းလည်း ဖြစ်ချေသည်။

မိုးစက်ပွင့်
(ရေးသူ- ဗာဂျီးနီးယားဝုဖ်)  (The Legacy) ဘာသာပြန်- လူချို  { ဟန်သစ်၊ အမှတ်(၉၇) ဧပြီ ၂၀၀၂)
(စဖတ်တုန်းက ဂီလ်ဘတ်နဲ့ စီစီမေလာတို့ရဲ့ဇာတ်လမ်းများလား ထင်ခဲ့ပေမဲ့ တစ်ခြားသူနှစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်နေပါတယ်။  ကွယ်လွန်သွားတဲ့ ဇာတ်ကောင်နှစ်ယောက်ရဲ့ အကြောင်းကို ဒိုင်ယာရီကနေတစ်ဆင့် ပီပီပြင်ပြင် သရုပ်ဖေါ်ထားတာ၊  နောက်ဆုံးအဆင့် မှာလည်း အံ့သြမှု တစ်စုံတစ်ရာပေးပြီး ဇာတ်လမ်းရဲ့ climax ကို ခေါ်ဆောင်သွားပုံက သေသပ်လွန်းလို့  နှစ်သက်စွာ မျှဝေလိုက်ပါသည်။ ) - စာကြွင်း- အနုပညာ ပေတံဖြင့်သာ တိုင်းတာပါသည်။  ဇာတ်ကောင်စရိုက်အပေါ် အမှား၊ အမှန် မဆွေးနွေးလိုပါ။

Friday, 26 March 2010

အလွမ်းပြေ (၂)

သူ့အတွေးများက ဒိုင်ယာရီထံသို့ အလိုလျောက် ရောက်သွားသည်။  သို့ဖြင့် အပေါ်ဆုံးမှ တစ်အုပ်ကို ယူပြီးနောက် ဟိုလှန် သည်လှန် လိုက်ဖတ်မိသည်။  စ ဖတ်မိသည်က ဂီးလ်ဘတ်ဟာ အတော်ကို ခန့်ချော ချောတာပဲ ကြည့်စမ်းပါဦး။  သူ့စိတ်ထဲမှအတွေးကို သူမက ပြန်ဖြေလိုက် သလိုပါပဲ။  မိမိသည် ဆန့်ကျင်ဖက်လိင်များအပေါ် အတော်ဆွဲဆောင်မှုရှိသည်ဟု သူမ ပြောလိုက်ခြင်းဖြစ်မည်။  စီစီမေလာ၏ စိတ်ထဲ၌လည်း ထိုသို့တွေးမိမည်မှာ မလွဲ။  သူ ဆက်ဖတ်သည်။  သူ့ရဲ့  ကြင်ဖက်သက်ထားဖြစ်ရတာ ငါ အရမ်းဂုဏ်ယူတယ်”  သူ့စိတ်ထဲမှာလည်း သူမ၏ ခင်ပွန်းဖြစ်ရသည်ကို အမြဲဂုဏ်ယူ ၀င့်ကြွားနေမိသည်။  သူတို့ ဇနီးမောင်နှံနှစ်ဦးသား ရံဖန်ရံခါ ညနေစာကို အပြင်ဆိုင်များတွင် ထွက်စားကြသည့်အခါမျိုးတွင် စားပွဲတစ်ဖက်တွင် ထိုင်နေသော သူမကို ရွှန်းရွှန်းစားစား ကြည့်မိရင်း သည်ဆိုင်ထဲရှိသမျှ မိန်းမတွေထဲမှာ သှူုဇနီးဟာ အလှဆုံးပဲဟု မှတ်ချက်ချမိသည်မှာ မကြာခဏပင်။
                           စာအုပ်ကို သူဆက်ဖတ်သည်။  သူ ပါလီမန်အမတ်အဖြစ် အရွေးခံရသော ပထမဦးနှစ်။  သူ၏ မဲဆန္ဒနယ် တနံတလျား သူတို့နှစ်ဦး အတူလှည့်လည်ခဲ့စဉ်ကဖြစ်သည်။  မိန့် ခွန်းပြောပြီးလို့  ဂီးလ်ဘတ်လည်းထိုင်လိုက်ရော လက်ခုပ်သံတွေဟာ အကျယ်ကြီးပဲ။  တော်တော်နဲ့  မစဲတော့ဘူး။  ပရိသတ်အားလုံး မတ်တပ်ထရပ်ကြပြီ လူချွန်လူကောင်းသီချင်းကို ဆိုကြတော့ ငါ့စိတ်ထဲမှာ ကတုန်ကယင်ကြီးဖြစ်လို့”  ထိုစဉ်ကအဖြစ်ကို သူမှတ်မိသည်။   မိန့်ခွန်းပြော စင်မြင့်ပေါ်၌ သူတို့ အတူယှဉ်တွဲနေခဲ့ကြသည်။  သူ့ကို ရုတ်တရက် လှမ်းကြည့်လိုက်သော သူမ။အကြည့်။ မျက်လုံးထောင့်ဝယ် ပီတိမျက်ရည်ဥတို့  တွဲလွဲခိုနေခဲ့သည်။  အဲသည်နောက်မှာရော  - သူစာရွက်များကို ဆက်လှန်သည်။  ဗင်းနစ်မြို့သို့  သူတို့ သွားလည်ခဲ့ကြသည်။  ရွေးကောက်ပွဲအပြီး ပျော်ရွှင်စရာအတိပြီးသည့် ထိုအားလပ်ရက်ကို သူ ကောင်းကောင်း မှတ်မိသည်။
               “ဖလောရင့်မှာ ငါတို့  ရေခဲမုန့် စားကြတယ်” သည်စာလေးဖတ်ရတော့ သူပြဲုံးမိသည်။ သူမသည် ကလေးတစ်ယောက်လိုပါပေ။  ရေခဲမုန့်ကို အငမ်းမရကြိုက်သည်။
               “ဂီးလ်ဘတ်က ငါ့ကို နားထောင်ဖူးသမျှထဲမှာ အကောင်းဆုံး ဗင်းနစ်မြို့ရဲ့  ရာဇ၀င်ကို ပြောပြတယ်။  ဗင်းနစ်မြို့ကို အုပ်ချူပ်ခဲ့တဲ့ မြို့ဝန်တွေအကြောင်းပါ ပါသေးတယ်”
                ထိုစဉ်က ကြုံတွေ့ခဲ့သမျှကို ကျောင်းသူမလေးတစ်ယောက်၏ လက်ရေးမျိုးဖြင့် သူမ ရေးမှတ်ထားခဲ့သည်။  အင်ဂျလာနှင့်အတူ ခရီးသွားရလျှင် ပျော်စရာကောင်းသော အချက်တစ်ခုမှာ သူမသည် အရာရာကို အလွန် သိလိုစိတ် ပြင်းပြခြင်း ပင်ဖြစ်သည်။  ဘာကိုမှ မသိနားမလည်သည်မှာလည်း လွန်ပါရော။  သူမ၏ ချစ်စရာကောင်းသည့် အချက်များထဲတွင် ယင်းအချက်မပါဝင်ဟု သူမက ပြောလေ့ရှိသည်။
                       နောက်စာအုပ်တစ်အုပ်ကို ယူ၍ဖတ်သည်။  သူတို့ လန်ဒန်မြို့သို့ ပြန်လာသောကာလ။  “အိမ်အပြန်ခရီးမှာ ငါတို့စုံတွဲကို သူများတွေ အရမ်းအထင်ကြီး အားကျစေချင်မိတယ်။  လက်ထပ်တုန်းက ၀တ်တဲ့ ၀တ်စုံကို ၀တ်ပြန်လာတဲ့အထိပဲ”   သူ့အထက်အရာရှိ အဖိုးကြီး ဆာအက်ဒ၀ပ်၏နဘေးမှာ သူမ ထိုင်နေခဲ့သည်ကို ယခုပင် သူပြန်မြင်ယောင်မိသေးသည်။  ပေါင်းသင်းရခက်သော လူကြီးကို သူမက အဆင်ပြေပြေ ဆက်ဆံနိုင်ခဲ့သည်။
                           စာမျက်နှာများကို မြန်မြန်ထက်ထက်လှန်ကာ သူဆက်ဖတ်သည်။  ဟိုတစ်ပိုင်း သည်တစ်စနှင့် ပြန့်ကျဲနေသော သူမ၏ ရေးမှတ်ထားမှုများကို ဖြည့်စွက်တွေးတော စဉ်းစားရင်း အတိတ်ဖြစ်ရပ်များကို ပြန်အောက်မေ့မိသည်။  “လွှတ်တော်ခန်းမထဲမှာ ညနေစားပွဲ တက်ရောက်” ၊  ”လပ်ဗ်ဂရုဗ် တွင် ညနေခင်းဧည့်ခံပွဲတက်”“အမတ်ကတော် လေဒီ အယ်လ်က ဂီးလ်ဘတ်၏ ဇနီးတစ်ယောက်အနေနှင့် ဂုဏ်သိက္ခာထိန်းသိမ်းရန် လိုသည်ဟုပြော”၊ နောက်တစ်နှစ် ဒိုင်ယာရီတစ်အုပ် ကုန်သွားပြန်သည်။
                                စားပွဲပေါ်က စာအုပ်တစ်အုပ်ထပ်ယူသည်။  ထိုကာလများတွင် တဖြည်းဖြည်း သူအလုပ်တာဝန်များပိုပိလာပြီး အလုပ်ပိုရှုပ်လာရာ သူမတစ်ယောက်တည်း အိမ်မှာကျန်နေရသော အချိန်များက ပိုများလာသည်။  သူတို့နှစ်ဦးတွင် သားသမီး မထွန်းကားနိုင်ခဲ့ခြင်းအတွက် ၀မ်းနည်းကြေကွဲရကြောင်း သူမ ရေးထားသည်။
                                    “ဂီးလ်ဘတ်နဲ့  ငါ့မှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် လိုချင်လိုက်ပါဘိတော့”  သူ့အဖို့တော့ ကလေးမရသည်ကို နောင်တ မရပါ။  ထူးဆန်းချင် ထူးဆန်းနေမည်။  သူ့ဘ၀တွင် မတောင့်မတ၊ မကြောင့်မကြလည်း နေရ၊ ပျင်းချိန်မရှိအောင် အလုပ်တာဝန်တွေ များပြားစွာလည်း ထမ်းဆောင်နေရမှတော့ ကလေးမရှိလည်း အရေးမကြီးဟု သူမှတ်ယူထားသည်။  ထိုနှစ်အတွင်း အစိုးရအဖွဲ့ ၌ အရေးမပါလှသော ရာထူးနေရာတစ်ခုတွင် သူ့ကိုခန့်ထားသည်။  ဘာမှမဟုတ်သည့် ရာထူးလေးမျှသာ ဖြစ်သော်လည်း သူမ ရေးထားခဲ့ပုံကဖြင့်-
                            “ တစ်နေ့နေ့မှာ သူ ၀န်ကြီးချူပ်ဖြစ်မယ်ဆိုတာ အခုဆို သေချာသလောက် ဖြစ်သွားပြီ” ဟူ၏။  ပြီးခဲ့သည့်အဖြစ်အပျက်များသာ ယခုနှင့်အတူ တစ်မျိုးတစ်ဖုံဖြစ်ခဲ့ပါက သူ ၀န်ကြီးချူပ် ဖြစ်နေလိမ့်မည်။  ဒိုင်ယာရီဖတ်ခြင်းကို ခေတ္တရပ်တန့်၍ မည်သို့မည်ပုံ ဖြစ်နိုင်ချေရှိမည်ကို သူ တွက်ဆမိသည်။  နိုင်ငံရေး ဆိုသည်မှာလည်း တကယ်တော့ လောင်းကစားနည်း တစ်မျိုးပင်ဖြစ်သည်။ ကစားပွဲမှာလည်း ပြီးဆုံးခြင်းမရှိသေးပါ။  အသက်ငါးဆယ်အရွယ်မျှနှင့် သည်ကစားပွဲမှ သူ မထွက်နိုင်သေးပါ။  နောက်ထပ် စာမျက်နှာများကို သူ မြန်မြန် ဖတ်ပစ်သည်။  သူမ နေ့စဉ်ကြုံတွေ့ နေရသည့် အသေးအဖွဲကိစ္စလေးများ၊ အရေးမပါလှသည့် အကြောင်းအရာလေးများ၊  ပျော်ရွှင်စရာ ကြုံနေကျ ကိစ္စလေးများကိုသာ ရေးသားထားလေသည်။
                             စာအုပ် နောက်ထပ်တစ်အုပ် ထပ်ယူ၍ သူ ဟိုလှန်သည်လှန် ဖတ်ပြန်သည်။  “ငါတော်တော် သတ္တိနည်းသေးတာပဲ။ အခွင့်အရေးတစ်ခုကို ငါ လက်လွှတ်လိုက်ရပြန်ပြီ။ သူ့မှာ အလုပ်ဒီလောက်များတာ၊ ငါ့ကိုယ်ရေးကိုယ်တာ ကိစ္စလေးနဲ့  သူ့ကို အနှောင့်အယှက်ပေးရမှာ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်နေမလား။  ဒီလို နှစ်ယောက်ချင်း အေးအေးဆေးဆေး စကားပြောရတဲ့ ညနေခင်းမျိုးကလည်း ကြုံရခဲတယ်”  သည်ဟာက ဘာကို ဆိုလိုပါလိမ့်မလဲ။  ဟော သည်နေရာမှာ အဖြေတွေ့ပါပြီ။  လန်ဒန်အရှေ့ပိုင်း လက်လုပ်လက်စား ဆင်းရဲသားရပ်ကွက်ဖြစ်သော အရှေ့ရွာတွင် သူလုပ်သည့်အလုပ်ကို ဆိုလိုခြင်းပင်။ “ နောက်ဆုံးမှာတော့ ငါအရဲစွန့်ပြီး  ဂီးလ်ဘတ်ကို ဖွင့်ပြောလိုက်တယ်။  သူဟာလည်း သနားညှာတာတတ်တဲ့သူပဲလေ။  ငါ့တောင်းဆိုချက်ကို သူ မကန့်ကွက်ပါဘူး”  ထိုစဉ်က သူမ တောင်းဆိုခဲ့သည်များကို သူမှတ်မိသည်။  အိမ်၌ သူမတစ်ယောက်တည်း ကျန်နေခဲ့ရသည်မှာ အလွန်ငြီးငွေ့စရာကောင်းကြောင်း၊ လောကကြီးအတွက်လည်း ဘာမှ အသုံးမ၀င်ကြောင်း၊ ထို့ကြောင့် သူမ ကိုယ်ပိုင်အလုပ်တစ်ခုကို လုပ်ချင်ကြောင်းများကို ပြောခဲ့သည်။  ပြောနေရင်း ရှက်သွေးဖြာကာ မျက်နှာလေးနီရဲသွားပုံမှာ လှပဲလှသေးတော့။  မရှိဆင်းရဲသားများကို ကူညီမည့် စေတနာ့ဝန်ထမ်း အလုပ်တစ်ခု လုပ်လိုကြောင်း စသဖြင့် ထို ဆိုဖာထိုင်ခုံပေါ်တွင် ထိုင်နေလျက် သူမ ပြောနေခဲ့သည်။  အိမ်ထောင်ထိမ်းသိမ်းရသောအလုပ်၊  သူ့ကိုကူညီ၍ လုပ်ကိုင်ပြုစုရသောအလုပ်တို့နှင့် မလုံလောက်သေးဘူးလားဟု သူက အနည်းငယ် ငေါ့တော့တော့နှင့် ပြန်ပြောခဲ့သေးသည်။ သို့သော် သူမ စိတ်ချမ်းသာမည်ဆိုလျှင် ကန့်ကွက်ရန်အကြောင်းမရှိကြောင်း သူ ပြောခဲ့သည်။  မည်သည့် အလုပ်မျိုးနည်း။  ရပ်ကွက် တစ်ခုခုမှာလား၊ အဖွဲ့အစည်း တစ်ရပ်ရပ်မှာလား၊ သူမသိပါ။  သူမ၏ ကျန်းမာရေးကို ထိခိုက်သည်အထိ အလွန်အကျွံမလုပ်ရန်ကိုသာ သူ ကတိတောင်းခဲ့သည်။
                         ထိုမှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ၀ှိုက်ချက်ပဲလ် ရပ်ကွက်သို့  သူမ အလုပ်ဆင်းတော့သည်။  ထိုရက်များတွင် သူမ ၀တ်ဆင်သွားလေ့ရှိသော အ၀တ်အစားများကို သူ အတော် မနှစ်မြို့မိခြင်းကို သာ မှတ်မိနေသည်။  သူမကမူ ယင်းအလုပ်ကို အတော် အလေးအနက်ထားပုံရသည်။  စာအုပ်ထဲတွင် အောက်ပါအရေးအသားမျိုးနှင့် ပြည့်နေ၍ဖြစ်သည်။
                           “ဒေါ်ဂျူံး နှင့် တွေ့၊ သူမမှာ ကလေး ဆယ်ယောက်ရှိ၊  မတော်တဆ ထိခိုက်မှု တစ်ခုမှာ သူမခင်ပွန်းဟာ လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်”
                           “လီလီ အလုပ်ရဖို့ကို အတတ်နိုင်ဆုံး ငါ ကြိုးစားခဲ့တယ်။”
                           ဆက်မဖတ်ချင်တော့၍ သူ ကျော်လွှား ဖတ်ပစ်သည်။  နောက်ပိုင်းစာမျက်နှာများတွင် သူ့နာမည်ကို မတွေ့ရသလောက် ဖြစ်လာသည်။  ထို့ကြောင့် ဆက်ဖတ်ချင်စိတ်ပင် မရှိတော့ချေ။  အချို့ ရေးသားထားချက်များဆိုလျှင် သူ့အဖို့  ဘာမှ အဓိပ္ပါယ်မရှိပေ။  ဥပမာ-  “ဆိုရှယ်လစ်ဝါဒနှင့် ပါတ်သက်၍ ဘီအမ် (BM ) နှင့် ငြင်းခုန်ခဲ့ရသည်”  ဘီအမ် ဆိုတာ ဘယ်သူပါလိမ့်။  သည် အတိုကောက်နာမည်ကို သူ အမည်မဖေါ်နိုင်ပေ။  သူမ အလုပ်လုပ်သော အဖွဲ့ဝင် အမျိုးသမီးတစ်ဦး ဖြစ်မည်မှာ မလွဲ။
                             “ အထက်တန်းလွှာတွေအပေါ် ဘီအမ်က အပြင်းအထန်ဝေဖန်ခဲ့သည်။  အစည်းအဝေးအပြီးမှာ ဘီအမ်နှင့်အတူ လမ်းလျောက်ပြန်လာတုန်း ငါက သူ့ကို ဖြောင်းဖျဖို့  ကြိုးစားခဲ့သည်။  ဒါပေမဲ့ သူဟာ အတော် အမြင်ကျဉ်းမြောင်းတဲ့ ယောက်ျား တစ်ယောက်ပဲ...။”
                         သည်လိုဆိုတော့ ဘီအမ်ဆိုတာ ယောက်ျားတစ်ဦးဖြစ်သည်။  သူတို့သည် တိုးတက်သော ပညာတတ်များဟု ခေါ်သည့် အုပ်စုများထဲမှ တစ်ယောက်ဖြစ်မည်မလွဲ။  အင်ဂျလာ ရေးထားသကဲ့သို့ဆိုလျှင် အနိုင်ကျင့်တတ်သူ၊ စိတ်သဘောထားကျဉ်းမြောင်းသူတစ်ဦး ဖြစ်မည်။  အိမ်သို့လာလည်ပြီး သူမနှင့် တွေ့ဆုံနိုင်ကြောင်း ဖိတ်ခေါ်ထားသည်ကိုလည်း ဖတ်ရသည်။
            “ ဘီအမ် ညနေစာလာစား။ အလို သူ မင်နီ(အိမ်ဖေါ်)နဲ့တောင် တန်းတူထားပြီး လက်ဆွဲနှုတ်ဆက်တယ်” အင်ဂျလာ ထိုသို့ တအံ့တသြရေးသားထားပုံက ဘီအမ်ဆိုသူ၏ အတွင်းစိတ်ကို တစ်ပိုင်းတစ်စ ဖေါ်ပြနေသည်။  သည်လူဟာ အိမ်ဖော်တွေကို ဘယ်လို ဆက်ဆံရမည် ဆိုသည်ကို သိပုံမရပေ။  သို့မို့ကြောင့်သာ မင်နီကို လက်ဆွဲနှုတ်ဆက်တာပေါ့။  ဧကန္တ သည်ကောင်ဟာ အမျိုးသမီးတွေအိမ် နားနေခန်းထဲလိုက်ပြီး သူတို့အမြင်ကို အာပေါင်အာရင်းသန်သန် ပြောတတ်သည့် ယဉ်ကျေးသော အလုပ်သမားလူတန်းစား ဆိုသူတွေထဲက တစ်ယောက်ဖြစ်ရမည်။  သည်လို လူစားမျိုးတွေအကြောင်း ဂီးလ်ဘတ် ကောင်းကောင်း သိပါသည်။  ထို့ကြောင့် ဘီအမ်သည် ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်နေပစေ၊ သူ မနှစ်မြို့နိုင်တော့ပါ။  သည်နေရာတွင်လည်း တွေ့ပြန်ပြီ။
                 “လန်ဒန်မျှော်စင်သို့  ဘီအမ်နှင့်အတူသွား၊ လူမှုတော်လှန်ရေးကြီး မလွဲမသွေ ဖြစ်တော့မည်။  ငါတို့ ယခုနေသော လူ့အဖွဲ့အစည်းကြီးသည် အရူးများ၏ ကောင်းကင်ဘုံဟု သူက ရှင်းပြသည်။” ဘီအမ် ပြောသမျှ အကြောင်းအရာများမှာ ဤသို့ချည်းပင်ဖြစ်သည်။  သှူုအသံကိုပင် ဂီးလ်ဘတ် နားထဲ ကြားယောင်လာသည်။  သူ့ပုံစံကိုလည်း မျက်စေ့ထဲ ထင်ထင်ရှားရှား ပုံဖေါ်၍ ရသည်။  လူပုံက ပုကွကွ ဂင်တိုတို၊ မုတ်ဆိတ်မွေးက တိုနံ့နံ့ ၊ ဂျင်းဖျင်ကြမ်း ၀တ်စုံတွေဝတ်၊ လည်စည်းအနီရောင်ဆွဲ နှင့် ၊ သူတို့တစ်သက် တစ်နေ့စာအလုပ်ကိုပင် မည်မည်ရရ လုပ်ဖူးမည်မဟုတ်သော ကောင်စားမျိုးတွေ ဖြစ်မည်။  အင်ဂျလာဟာ ဘာလို့ များ သည်ကောင့်အတွင်းစိတ်ကို နားမလည်ရပါသလဲ။  သူဆက်ဖတ်သည်။  
                 “ ..............နှင့် ပတ်သက်၍ ဘီအမ်က ငါ လုံးဝ သဘောမတူနိုင်တဲ့ အချက်တွေ ပြောပြတယ်”   ............နာမည်ကို ရေ့းပြီးမှ သေသေချာချာ ပြန်ဖျက်ထားသည်။  “............... အကြောင်း သားပုပ်လေလွင့် ပြောတာတွေ ငါ လုံးဝ နားမထောင်နိုင်ဘူးလို့  သူ့ကိုပြောခဲ့တယ်။”  သည်တစ်ခါမှာလည်း ထိုနံမည်ကို မင်ဖြင့်ခြစ်ပြီး ဖျက်ထားပြန်သည်။  သည်ဟာ သူ့နံမည်များဖြစ်နေမလား။  ထိုအကြောင်းကြောင့် အခန်းထဲသို့ သူဝင်လာလျှင် အင်ဂျလာက ရေးလက်စစာအုပ်ကို ကမန်းကတန်း လက်နှင့် ဖုံးကွယ်လိုက်တာလား။  ဒီလို တွေးမိလေလေ ဘီအမ်ကို ရွံရှာစိတ်တို့ ပိုများလာလေလေ ဖြစ်သည်။ သူ့အိမ်အထိလာပြီး သူ့မကောင်းကြောင်း ပြောဝံ့သည်အထိ မိုက်ရိုင်းသော လူစားမျိုးပါပေ။  အင်ဂျလာတစ်ယောက်က ကော သူ့ကိုမည်သည့် အကြောင်းကြောင့် ပြန်မတိုင်ခဲ့သည်ကို သူ မသိချေ။ အင်ဂျလာ၏ ပင်ကိုယ်စိတ်ထားမှာ အကြောင်းကိစ္စတစ်ခုကို လျို့ဝှက်ဖုံးကွယ်ထားလေ့မရှိ။  ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ပြောတတ်သူဖြစ်သည်။  စာမျက်နှာများကို လှန်ပစ်ပြီး ဘီအမ် စာလုံးပါသော စာမျက်နှာတိုင်းကို ရွေးဖတ်သည်။

(အပိုင်း ၃- နိဂုံး -ဆက်ရန်)

မိုးစက်ပွင့်
(ရေးသူ- ဗာဂျီးနီးယားဝုဖ်)  (The Legacy) ဘာသာပြန်- လူချို  { ဟန်သစ်၊ အမှတ်(၉၇) ဧပြီ ၂၀၀၂)

အထက်တန်း ကျောင်းသူဘဝ


“မိုးရေထဲက စက်ဘီးလေး“
မိုးတွေ ဖြိုင်ဖြိုင်ရွာရင် ငယ်ငယ်တုန်းကဘ၀ကို သတိရပြီး ရင်ထဲမှာ အလွမ်းတွေနဲ့ ဆို့နင့်လာတတ်တယ်။  နောက်ပြီး စက်ဘီးကလေးတွေ အဖြူအစိမ်းကျောင်းဝတ်စုံတွေမြင်တော့လည်း ငယ်သူငယ်ချင်းတွေကို အရမ်းသတိရလာမိတယ်။ အတိတ်က ဟိုးဝေးဝေးမှာ မှုန်ဝါးကျန်ခဲ့ပြီဆိုပေမယ့် ရုပ်ရှင်ပြကွက်တွေလို နီးလိုက်ဝေးလိုက် ဟိုတစ်ကွက် ဒီတစ်ကွက်ပေါ့...။

အထက်တန်းရောက်တော့ ရွာကနေ ၃မိုင်ဝေးတဲ့ မြို့ကျောင်းကို စက်ဘီးနဲ့သွားတက်ရပါတယ်။  ကိုယ်တို့အုပ်စုကို မြို့သားတွေက နှိမ်ချင်သလိုလိုပဲ။  နေပူဒဏ်ခံနိုင်အောင် ရှပ်အင်္ကျီလက်ရှည်ဝတ်၊ သနပ်ခါးထူထူ လိမ်းသွားတော့ ”တောပါးကွက်” တွေတဲ့။   ကိုယ်တို့ကလည်း ရွဲ့ပြီး ပပ်ကြားအက်အောင် လိမ်းပါတယ်။  နောက်ဆုံး ကျောင်းအုပ်ဆရာမကြီးက မျက်စေ့နောက်လာလို့ထင်တယ်။  သနပ်ခါးပါးကွက်မလိမ်းရ၊ နှုတ်ခမ်းနီမဆိုးရ ( ဆိုးလည်း မဆိုးချင်ပါဘူး) အမိန့်ထုတ်တော့တယ်။

 မိုးထဲရေထဲ ကျောင်းတက်ရတဲ့ အရသာလေးကို မြတ်မြတ်နိုးနိုး သတိရမိတယ်။  ကိုယ်တို့အရပ်က မိုးအရမ်းသဲတတ်တော့ ကျောင်းစိမ်းတစ်စုံ အမြဲ အပိုဆောင်ထားရတယ်။ လွယ်အိတ်လေးတွေ စာအုပ်လေးတွေ မိုးမစိုအောင် ရင်မှာပိုက်လို့၊  မိုးကာ အကျီင်္လေး တဖါးဖါးနဲ့။  မှတ်မိသေးတယ်။  သူငယ်ချင်းတစ်ယောက်က မိုးကာအကျီင်္ကြယ်သီးလေးတွေဖြုတ်ရင် စကားပြောရင်းနဲ့  မသိစိတ်နဲ့ ယောင်ပြီး  အောက်ကဘလောက်စ်အကျီင်္ ကြယ်သီးတွေပါဖြုတ်မိ ချွတ်မိတဲ့အဖြစ်ကိုပေါ့။  တစ်ခါတစ်ခါ မိုးရော လေပါသည်းရင် စက်ဘီးက မရွေ့တော့ဘူး၊ လမ်းဘေးမှာ ရပ်စောင့်ရတဲ့အထိ ကြုံဖူးပါတယ်။ 
ကျောင်းသွားဖေါ်က ယောက်ျားလေး မိန်းကလေး ၈ ယောက်လောက်ရှိပါတယ်။  စက်ဘီးလေးတွေနဲ့ တူတူ သွား၊ ပြန် ဖြစ်တာ များတယ်။ မိဘတွေလည်း စိတ်အေးတာပေါ့။  တစ်ယောက် စက်ဘီးပျက်ရင် တစ်ယောက်က တင်ခေါ်ပေးလို့ ညီအကို မောင်နှမစိတ် အပြည့်နဲ့ပါ။  အိမ်ကထည့်လာတဲ့ ထမင်းဘူးလေးတွေ ဝေစားမျှစား၊ ကျောင်းပျက်ရင် စာရှင်းပြ၊  မိန်းကလေးများကို လိုက်ပြီး အနှောင့်အယှက်ပေးသူတွေကို အစ်ကိုကြီးတွေပမာ စောင့်ရှောက်လို့  ပျော်စရာပါ။  အတူတူ စက်ဘီးစီးရင်း နောက်ကြ၊ ပြောင်ကြ၊  ပြိုင်နင်းကြနဲ့  ကိုးတန်း ဆယ်တန်း စာသင်နှစ်နှစ်နှစ်ကို ပေါ့ပေါ့ပါးပါး ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။  ဒီစာမေးပွဲတွေပြီးရင် ပိုပြီး ကျယ်ပြောတဲ့ တက္ကသိုလ်နယ်ပယ်ကို ရောက်ကြတော့မှာကိုး။ 

စာမေးပွဲအောင်စာရင်းတွေထွက်တော့ ကျတဲ့သူကျ၊ အောင်တဲ့သူအောင်၊ တက္ကသိုယ်နယ်မြေ အသီးသီးရောက်ကြလို့   လေပြင်းကြားက ငှက်ငယ်လေးတွေပမာ တစ်ကောင်စီ ကွဲလို့၊ ကိုယ်ကျင်လည်ရာ အသိုက်အ၀န်းမှာ ရုန်းကန်ပျံသန်းရင်း ပြန်ဆုံတွေ့ဖို့ အရမ်းခက်ခဲ သွားခဲ့ပြီ။  တစ်ဦးစ နှစ်ဦးစ ပြန်တွေ့တော့လည်း ရင့်ကျက်တဲ့ အိမ်ထောင်ရှင်ကြီးတွေလို ဘ၀အမောတွေတစ်သီတစ်တန်းနဲ့...။

 ကိုယ်တို့ရဲ့ ပျော်စရာအချိန်ကလေးတွေကိုလည်း မိုးစက်တွေဖြိုင်ဖြိုင်သွန်းတဲ့အချိန်တွေတိုင်းမှာ ပိုလို့သတိရမိတာတော့ အမှန်ပါဘဲကွယ်.....။

မိုးစက်ပွင့်
(photo credit:  fotosearch.com)

အလွမ်းပြေ (၁)

(၂၀ ရာစုရဲ့ အထင်ရှားဆုံးစာရေးဆရာမလို့  ဆိုကြတဲ့ ဗာဂျီးနီးယားဝုဖ်၏ အရေးအသားတွေ တော်တော်များများက လျို့ဝှက်နက်နဲပြီး မော်ဒန်သင်္ကေတတွေနဲ့   ပြည့်နှက်နေလေတော့ တစ်ချို့ကို ကျွန်မ နားမလည်နိုင် ဖြစ်ရပါတယ်။   ဒီဝတ္တုလေးကတော့ ဇနီးဆုံးခါစ လင်ယောက်ျားတစ်ယောက်ရဲ့ အတွေးတွေကို  ရိုးရိုးရှင်းရှင်းလေးနဲ့   သရုပ်ဖေါ်ထားပြီး နှစ်သက်စရာကောင်းတာမို့  ပြန်လည် မျှဝေလိုက်ပါတယ် - မိုးစက်ပွင့်)

”စီစီမေလာအတွက် ဆိုပါလား”
ဂီးလ်ဘတ်ကလင်ဒွန်သည် သူ့ဇနီး၏ သီးသန့်ဧည့်ခန်းထဲရှိ စားပွဲခုံလေးပေါ်တွင် ပြန့်ကျဲနေသော လက်စွပ်ကလေးများ၊ ရင်ထိုးကလေးများထဲမှ ပုလဲရင်ထိုးတစ်ခုကို ကောက်ယူကြည့်ရှူပြီး၊ ရင်ထိုးတွင် ဆွဲထားသော စာတန်းကို ဖတ်မိလိုက်ခြင်း ဖြစ်သည်။ ”စီစီမေလာအတွက် အချစ်များစွာဖြင့် -မမ
                             အင်ဂျလာသည် သူမ၏ အတွင်းရေးမှူးဖြစ်သူ စီစီမေလာကိုပင် အမေ့မလျော့ အမှတ်တရ ရှိသွားပုံရသည်။  ထူးတော့ အတော်ထူးသည်ဟု ဂီးလ်ဘတ်ကလင်ဒွန် စဉ်းစားမိသည်။ သူ ခင်မင်ရင်းနှီးခဲ့သော မိတ်ဆွေတိုင်းအတွက် လက်ဆောင်ကလေး တစ်ခုမဟုတ်တစ်ခု အစီအစဉ်တကျထားခဲ့သည်မှာ ထူးဆန်းသောလုပ်ရပ်တစ်ခုဟု သူတွေးနေမိသည်။ ယခုကဲ့သို့  သူမလုပ်သွားပုံက သူမသေရတော့မည်ကို ကြိုတင်သိမြင် ထားသည့်အလားပင်။  အမှန်ဆိုလျှင် လွန်ခဲ့သည့် ရက်သတ္တပတ် ခြောက်ပတ်တစ်မနက်ခင်းက နေအိမ်မှ အပြင်သို့ ထွက်သွားစဉ် သူမမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပကတိ ရှိနေခဲ့သည်။  ပစ်ကယ်ဒလီ လမ်းမကြီးပေါ်ရောက်မှ တစ်ဖက်လမ်းသို့ကူးရန် လမ်းမကြီးပေါ်ရောက်မှ တစ်ဖက်ကား တစ်စီးက သူမကို ၀င်တိုက်၍ အသက်ဇီဝိန် ကြွေသွားခဲ့ရသည်။
                            စီစီမေလာကို အိမ်သို့လာရောက်ရန် ဖိတ်ခေါ်ထားသဖြင့် ယခု သူစောင့်နေခြင်းဖြစ်သည်။  သူတို့ဇနီးမောင်နှံနှင့် စီစီမေလာ အတူတကွ နေထိုင် လုပ်ကိုင်ခဲ့ကြသော နှစ်ကာလများအတွက် ရင်းနှီးခင်မင်မှူ အမှတ်တရအဖြစ် သည်ရင်ထိုးလေးကို သူမအား မဖြစ်မနေ ပေးရမည်ဟု သူစိတ်စွဲနေ၏။ စီစီမေလာကို ထိုင်စောင့်နေဆဲမှာပင် အတွေးရေယဉ်ကြောမှာ သူမြောပါသွားပြန်သည်။  အင်ဂျလာသည် သူမကိုယ်ပိုင်ပစ္စည်းမှန်သမျှကို ယခုလို စံနစ်တကျထားခဲ့ပုံက အံ့သြစရာကောင်းနေသည်။  သူမ၏ ခင်မင်မှုအမှတ်တရ အမွေအဖြစ် လက်ဆောင်ပစ္စည်းကလေးများကို မိတ်ဆွေတိုင်းအတွက် အသေအချာ ထားခဲ့သည်။  လက်စွပ်ကလေးများ၊ ပုတီးကလေးများကအစ တရုတ်ကြွေအစ်ကလေးများအဆုံး မိတ်ဆွေတစ်ဦးစီအတွက် နံမည်ထိုး၍ ထားခဲ့သည်။  ကြွေအစ်ကလေးများဆို၍ အင်ဂျလာသည် ကြွေအစ်ကလေးများကို ထူးထူးခြားခြား စွဲလမ်းကြိုက်နှစ်သက်သူဖြစ်၏။  ထိုအစ်ကလေးတစ်ခုစီသည် သူ့အတွက် အမှတ်ရစရာ အဖြစ်အပျက် တစ်ခုစီ ကျန်ရစ်ပါသည်။  သည်တစ်ခုဆိုလျှင် သူ ဗင်းနစ်မြို့၏ နောက်ဖေးလမ်းကြားတစ်ခုမှာ ၀ယ်ပေးခဲ့သည့် အရုပ်ကလေး။ ပတ္တမြားမျက်လုံးအစုံနှင့် ကြွေလင်းပိုင်ရုပ်ကလေး။  မထင်မှတ်ဘဲ သည်အရုပ်ကလေးကို သူမတွေ့၍ လိုချင်ကြောင်းပူဆာသောအခါ သူဝယ်ပေးခဲ့သည်။  ၀မ်းသာအားရအော်လိုက်သည့် သူမအသံကလေးကိုပင် သူနားထဲ ပြန်ကြားယောင်လာသည်။  
                           သူ့အတွက်ကိုမူ အင်ဂျလာ ဘာမှ ထူးထူးခြားခြား ချန်မထားရစ်ပါ။  သူမ၏ နေ့စဉ်မှတ်တမ်းစာအုပ်များမှ လွဲလျှင်ပေါ့။  သူ့ကျောဘက်ရှိ သူမ၏ စာရေးစားပွဲပေါ်တွင် သားရေအစိမ်းရောင်ဖုံးထားသည့် နေ့စဉ်မှတ်တမ်းစာအုပ် ဆယ့်ငါးအုပ်က အထပ်လိုက် ရှိနေသည်။  သူတို့လက်ထပ်သည့်နေ့မှစ၍ နေ့စဉ်မှတ်တမ်းမှာ သူမရေးလာခဲ့သည်။  သူတို့ အိမ်ထောင်သက်တမ်းတလျှောက် မကြုံဖူးသလောက်ရှားပါးသည့် အငြင်းအခုံဖြစ်ရခြင်း (ရန်ဖြစ်ခြင်းဟု သူ မပြောနိုင်ပါ) နည်းငယ်မှာ၊ အချို့တစ်ဝက်မှာ ဤဒိုင်ယာရီစာအုပ်များအတွက်ကြောင့် ဖြစ်သည်။ သူမ နေ့စဉ်မှတ်တမ်းရေးနေခိုက် အခန်းထဲ မမျှော်လင့်ဘဲ သူဝင်လာသည်နှင့်ကြုံလျှင် ရေးလက်စစာအုပ်ကို သူမ ပိတ်ပစ်သည့်အခါ ပိတ်ပစ်၊ လက်နှင့် ဖုံးကွယ်သည့်အခါ ဖုံးနှင့် လုပ်ပစ်တတ်သည်။  သူတောင်းဖတ်လျှင် ”ဟင့်အင်း၊ ပေးမဖတ်နိုင်ပါဘူး၊ ကျွန်မ သေသွားပြီးနောက်တော့လည်း ဖတ်ချင် ဖတ်ပေါ့လေ” ဟု ပြောတတ်သည်။  ယခုမှ သူမ နိမိတ်ဖတ်ခဲ့သည့်အတိုင်း အလွမ်းပြေဖတ်စရာအဖြစ် ဒိုင်ယာရီ စာအုပ်များ ထားခဲ့ပါပြီ။  သူမအသက်ရှင်စဉ်အခါက သူတို့နှစ်ယောက် အတူဝေမျှမခံစားခဲ့သော အရာဆို၍ သည်စာအုပ်များကိစ္စ တစ်ခုဆည်းသာ ရှိသည်။  သူကမူ သူမကို သူ့ထက် အသက်ပိုရှည်ရှည် နေရမှာပါဟု အမြဲအားပေးခဲ့သည်။  အလုပ်လုပ်သည့်အခါ ကမူးရှူးထိုးမလုပ်ဘဲ အလုပ်ခင် ခေတ္တမျှ တင်ကြိုစဉ်းစားပြီးမှ လုပ်လျှင် ယခုထိ သူမ အသက်ရှင်ဆဲရှိနေမှာ သေချာပါသည်။  သို့ရာတွင် ပလက်ဖေါင်းပေါ်မှ သူမ လှမ်းဆင်းလိုက်ပုံမှာ ဘေးဘီကို လုံးဝမကြည့်ဘဲ အလျင်စလိုနှင့် ဆင်းလိုက်ဖြင်းဖြစ်သည်ဟု ကားမောင်းသူက ရဲအစစ်ခံချက်တွင် ထွက်ဆိုခဲ့သည်။  သူ့ခမျာ ကားကို ဘရိတ်အုပ်ချိန်ပင် မရလိုက်ပါဟု ပြောပြသည်။  သူ အတွေးစများကို အိမ်ဖော်၏ အသံက နှောင့်ယှက်ရပ်ဆိုင်း ပစ်လိုက်၏။
                ”မစ္စမေလာ ရောက်လာပါပြီရှင့်
                 မရှေးမနှောင်းမှာပင် စီစီမေလာ အခန်းတွင်းသို့ဝင်လာသည်။  သူ့တစ်သက်တာတွင် သူမနှင့် ယခုကဲ့သို့ တစ်ယောက်ချင်း တစ်ကြိမ်မျှ မဆုံဘူးခဲ့ပါ။ သူမကို ယခုကဲ့သို့ မျက်ရည်လည်ရွဲနှင့်လည်း တစ်ခါမျှ မတွေ့ခဲ့စဖူးပါ။  အံ့သြစရာတော့လည်း မဟုတ်ပါချေ။   အင်ဂျလာသည် သူမအဖို့ အလုပ်ရှင်တစ်ဦးထက်ပို၍ တန်ဖိုးထားရသူတစ်ယောက်၊ သူမ၏ မိတ်ဆွေရင်းချာတစ်ယောက် ဖြစ်၍ပင် ဖြစ်သည်။  စီစီမေလာထိုင်ရန် ထိုင်ခုံကို ထိုးပေးလိုက်ပြီး ဂီးလ်ဘတ် စိတ်ထဲတွင် စဉ်းစားခန်းဝင်နေပြန်သည်။  သူ့အမြင်တွင် စီစီမေလာမှာ သူမနှင့် အလုပ်တူ၊ အရွယ်တူ အခြားမိန်းကလေးများနှင့် ထူးမခြားနားပင်ဖြစ်သည်။   ၀တ်စုံအနက်ကိုဝတ်၊  စာရွက်စာတမ်းများထည့်သည့် သေတ္တာလေးကို လက်မှာဆွဲထားသော ဆွဲဆောင်မှူမရှိသည့် စီစီမေလာ များစွာအနက်မှ တစ်ယောက်သာ။  သို့ရာတွင် သနားညှာတာတတ်ရာ၌ သူမတူသည့် အင်ဂျလာသည် စီစီမေလာထံတွင် အမျိုးမျိုးအဖုံဖုံသော အရည်အချင်းများကို ရှာဖွေတွေ့ရှိခဲ့ပုံရသည်။  စီစီမေလာသည် စိတ်ဓါတ်မှန်ကန်သူ၊ စကားအပို ပြောလေ့မရှိသူ၊ ယုံကြည်စိတ်ချစရာ အကောင်းဆုံးသူ၊ အင်ဂျလာ၏ တိုးတိုးဖေါ် စသည် စသည် တို့ဖြစ်သည်။
                       ထိုင်ခုံတွင် ထိုင်ချပြီးသေည်လည်း စီစီမေလာမှာ မည်ကဲ့သို့ စကားစရမည်ကို မသိ ဖြစ်နေသည်။  စို့တက်လာသည့် မျက်ရည်စများကို လက်ကိုင်ပုဝါ ထောင့်စလေးနှင့် တို့ နေသည်။  ပြီးမှ အားတင်း၍ စကားစပြောသည်။  ”ကျွန်မ စိတ်မထိန်းနိုင်တာကို ခွင့်လွှတ်ပါ ဆရာ
                       အသံတိုးတိုးလေးဖြင့် သူ အင်း လိုက်သည်။  အမှန်လည်း သူကိုယ်ချင်းစာပါသည်။  ဤသို့ဖြစ်ရသည်မှာ သဘာဝလည်းကျသည်။  သူ့ဇနီးမှာ စီစီမေလာအတွက် မည်မျှအရေးပါသည်ကို တွက်ဆနိုင်ပါပြီ။   အခန်းပါတ်လည်ကို ဝှေ့ယမ်းကြည့်ရှုရင်း သူမ စကားဆက်သည်။  ”ဒီမှာ အလုပ်လုပ်ခဲ့ရတာ ကျွန်မ အင်မတန်ဘဲ စိတ်ချမ်းသာခဲ့ရပါတယ်” သူမ မျက်လုံးအကြည့်က သူ့ကျောဘက်ရှိ စားပွဲပေါ်အရောက်မှာ ရပ်တန့်သွားသည်။  သည်နေရာတွင် သူမတို့နှစ်ဦး အလုပ်အတူ လုပ်ခဲ့ကြသည်ပဲ။  သူမနှင့် အင်ဂျလာ တို့ပင်။  အင်ဂျလာမှာ ထင်ရှားကျော်ကြားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ - သူ၏ ဇနီုးဖြစ်လာရသဖြင့် မျှဝေထမ်းဆောင်ရမည့် တာဝန် ၀တ္တရားများ ရှိလာသည်။  နိုင်ငံရေး အလုပ်သက်သက်ဖြင့် ဘ၀ရပ်တည်သူ ဂီးလ်ဘတ်အတွက်လည်း အများဆုံးသော အကူအညီများကို အင်ဂျလာထံမှသာ ရရှိခဲ့သည်။
                      အင်ဂျလာနှင့် စီစီမေလာတို့ ယင်းအလုပ်စားပွဲတွင် အတူထိုင်၍ အလုပ်လုပ်နေကြသည်ကို ကြိမ်ဖန်များစွာ သူ တွေ့ခဲ့သည်။ အင်ဂျလာက စာများကို နှုတ်တိုက်ချပေးပြီး  စီစီမေလာက လက်နှိပ်စက်ဖြင့် လိုက်ရိုက်သည်။  မစ္စမေလာသည် ယင်းအဖြစ်အပျက်များကို ပြန်ပြောင်းတွေးမိနေမှာ သံသယဖြစ်စရာမလိုပါ။  မစ္စမေလာအတွက် လောလောဆယ် သူလုပ်ပေးနိုင်သည်မှာ အင်ဂျလာ ထားရစ်ခဲ့သော အမှတ်တရလက်ဆောင် ရင်ထိုးလေးကို ပေးရုံသာ။  တကယ်တော့ ဒီလိုလက်ဆောင်မျိုး မပေးသင့်ဟု သူ့စိတ်မှာ ဖြစ်နေမိသည်။  ငွေကြေးအသင့်အတင့် ပေးခဲ့လျှင်ပေးခဲ့၊ ယုတ်စွအဆုံး သူမရိုက်နေကျ လက်နှိပ်စက်ကလေး ပေးချင်ပေးခဲ့မည်ဆိုပါက ပို၍သင့်လျော်သည်ဟု သူ ထင်သည်။  သို့သော် ”စီစီမေလာအတွက် - အချစ်များစွာဖြင့် -မမ” ဟု စာဆွဲခဲ့သည် မဟုတ်ပါလား။  ထို့ကြောင့်ပင် ရင်ထိုးလေးကို လှမ်းယူ၍ သူမကို ကမ်းပေးရင်း ကြိုတင်ပြင်ဆင်ထားသည့် စကားလုံးများကို ပြောလိုက်ရသည်။  သည်လက်ဆောင်လေးကို သူမ တန်ဖိုးထားလိမ့်မည်ဟု ယုံကြည်ကြောင်း ၊ သူ့ဇနီသည်မှာလည်း သည်ရင်ထိုးလေးကို မကြာခဏ ၀တ်ဆင်လေ့ရှိကြောင်း စသည်တို့ဖြစ်သည်။  စီစီမေလာကလည်း သူမ ပြန်ပြောမည့်စကားကို ကြိုတင် စဉ်းစားလာပုံရသည်။  သည်ရင်ထိုးလေးကို သူမ တစ်သက်တာပါတ်လုံး တန်ဖိုးထားသိမ်းဆည်းသွားမည်ဖြစ်ကြောင်း ပြောသည်။  သူမ ယခု ၀တ်ဆင်လာသော ၀တ်စုံနှင့်စာလျှင် အခြားသော ၀တ်စုံများကသာ သည် ပုလဲရင်ထိုးနှင့် ပို၍ လိုက်ဖက်မည်။  သူမ ၀တ်လာသည်က အနက်ရောင် ကုတ်အကျီင်္နှင့် စကတ်ကလည်း အနက်ရောင်၊ ၀မ်းနည်း ကြေကွဲခြင်း ပြယုဂ်။  သူမတွင်လည်း ၀မ်းနည်းကြေကွဲဖွယ်ကိစ္စတစ်ခု ရှိနေပါသေးလားဟု သူ သတိရသွားသည်။  အင်ဂျလာမဆုံးမီ တစ်ပါတ် (သို့မဟုတ်) နှစ်ပါတ်ခန့်က သူမ ချစ်ခင်မြတ်နိုးရသော အစ်ကိုရင်းတစ်ယောက် သေဆုံးသွားခဲ့သည်။  အင်ဂျလာ ကဲ့သို့ပင် ကားတိုက်ခံရ၍ ကွယ်လွန်သွားခြင်း ဖြစ်မည် ထင်သည်။  အင်ဂျလာ့အပြောအရသာ သိရပြီး သူသိပ်မမှတ်မိချင်တော့ပါ။ မဟာဂရုဏာရှင် အင်ဂျလာကတော့ ထိုအချိန်တုန်းက စီစီမေလာနှင့် မျှဝေ၍ ၀မ်းနည်း ပူဆွေးနေခဲ့သေးသည်ပဲ။  သူ့အတွေး မဆုံးမီ စီစီမေလာ ထရပ်လိုက်ပြီး လက်အိတ်များကို ပြန်ဝတ်သည်။  သူ့ကို  ဆက်လက် အနှောင့်အယှက်ပေး ရန် မသင့်တော့ဟု ယူဆလိုက်ပုံရသည်။  သို့သော် သူမ၏ အနာဂတ်အရေးနှင့် ပါတ်သက်၍ တစ်စုံတစ်ရာ ဖျောင်းဖျ ပြောဆိုရခြင်းမရှိဘဲနှင့် သူမ မပြန်စေရပါ။  သူမ ရှေ့ဆက် ဘာလုပ်မည်နည်း၊ သူကူညီနိုင်မည့်ကိစ္စများ ရှိမည်လား။
                        စီစီမေလာမှာ သူမစာရိုက်နေကျ လက်နှိပ်စက် ရှိရာ ဒိုင်ယာရီတင်ထားသည့် စားပွဲဆီသာ ငေးစိုက်ကြည့်နေသည်။  အမှတ်ရစရာ အတိတ်ရေယဉ်ကြောထဲ မျောပါသွားသော သူမခမျာ သူ ဘာအကူအညီပေးရမည်နည်းဟု မေးလိုက်သည်ကို မကြားလိုက်တော့။ ထို့ကြောင့် သူက ထပ်မေးရသည်။
                         ”ရှေ့ဆက် ဘာလုပ်ဖို့ စိတ်ကူးထားသလဲ  မစ္စမေလာ
                        ”ကျွန်မ ရှေု့အစီအစဉ်ကို ပြောတာလား၊ အို အားလုံး အဆင်ပြေပါတယ် ဆရာ၊ ကျွန်မအတွက် ဘာမှ ဒုက္ခထပ်မခံပါနဲ့တော့”
                         လတ်တလော သူမအနေနှင့် ငွေရေးကြေးရေး အကူအညီ လိုအပ်ပုံမရသေးဟု သူ အဓိပ္ပါယ်ကောက်သည်။  သည်ကိစ္စမျိုးကလည်း ပါးစပ်နှင့် ပြောသည်ထက် စာနှင့် ရေးသားပြောဆိုရသည်က ပိုကောင်းပါသည်။  သို့နှင့်ပင် သူမလက်ကို ခပ်ဖွဖွညှစ်၍ နှုတ်ဆက်ရင်း သူပြောဖြစ်သည်။
                        ”ကျွန်တော် ကူညီနိုင်တဲ့ ကိစ္စရှိရင် လိုလိုလားလား အကူအညီ ပေးနိုင်တယ်ဆိုတာ တစ်ခုကိုတော့ဖြင့် စိတ်ထဲမှာ စွဲမှတ်ထားစေချင်ပါတယ် မစ္စမေလာ
                        ထို့နောက် တံခါးဖွင့် ပေးလိုက်သည်။
                        သူမ အပြင်ထွက်သွားပြီး ပေါ်တီကိုအောက်ရောက်မှ တစ်စုံတစ်ရာပြောစရာ ကျန်နေသည်ကို တွေးမိသလိုမျိုး ရုတ်တရက် ရပ်လိုက်သည်။  သူမ၏ပုံပန်းက သူ၏ သောကများကို မျှဝေခံစားပုံရသော်လည်း သူ့မျက်နှာကို စူးစမ်းအကဲခတ်နေပုံရသည့်အတွက် သူအံ့သြသွားသည်။
                        ”ဆရာ့ကို တစ်ခုပြောစရာ ကျန်နေသေးလို့ပါ။   ဆရာလိုချင်တာရှိရင် အချိန်မရွေး ကျွန်မ အကူအညီပေးနိုင်တယ်ဆိုတာကိုလည်း ဆရာ သိစေချင်ပါတယ်။  ဆရာ့ဇနီးဟာ ကျွန်မအပေါ် အများကြီး ကောင်းခဲ့တာ မို့လို့ပါ”
                         သည်စကားကိုပြောပြိး သူမထွက်သွားသည်။  သူမ၏ ထိုစကားနှင့် မျက်နှာသွင်ပြင်တို့ကို သူ မျှော်လင့်မထားခဲ့ပါ။   သူမပြောသွားပုံက သူမကို သူက မလွဲမသွေ လိုအပ်လာလိမ့်မည်ဟု လုံးဝ စိတ်ချယုံကြည်ထားပုံပါပေ။   ထိုင်ခုံရှိရာသို့ သူပြန်လာခိုက် ပေါက်ပေါက်ရှာရှာ အတွေးတစ်ခု သူ့စိတ်ထဲကို ရောက်လာသည်။  ထူးထူးခြားဖြား အတွေးတစ်ခုဟုဆိုလျှင် ပိုမှန်မည်။  ကုန်လွန်ခဲ့သော နှစ်များအတွင်း သူကသာသူမကို ဂရုမစိုက်မိသော်လည်း စာရေးဆရာများ ရေးလေ့ရေးထရှိသကဲ့သို့  သူမက သူ့ကို ကြွေနေလေတာလား။  ကြည့်မှန်ရှေ့ကို သူဖြတ်လာရင်း မှန်ထဲမှ သူ့ပုံရိပ်ကို သူပြန်ကြည့်မိသည်။  အသက် ငါးဆယ်ကျော်ပြီ ဖြစ်သော်လည်း မှန်ထဲတွင်မြင်ရသော သူ့ပုံရိပ်မှာ ထူးထူးခြားခြား ကြည့်၍ကောင်းနေဆဲဟု ကိုယ့်ငါးချဉ် ကိုယ်ပြန်ချဉ်နေမိသည်။  
                          “စီစီမေလာ့ပုံစံကဖြင့် အတော် သနားဖို့ကောင်းနေတာပဲ
ရယ်ရွှန်းပတ်ရွှန်းဖြင့် သူ့ဘာသာသူ ပြောမိသည်။  သူ့ဇနီးသာရှိနေခဲ့သေးလျှင် စီစီမေလာကဖြင့် သူ့ကိုကျနေပြီဟု ဟာသလုပ်ပြီး ပြောချင်စိတ်များပင် ပေါ်လာသည်။  သို့ဆိုလျှင် အင်ဂျလာတစ်ယောက် မည်ကဲ့သို့ နေမှာပါလိမ့်။

(ဆက်ရန်)

မိုးစက်ပွင့်
(ရေးသူ- ဗာဂျီးနီးယားဝုဖ်)  (The Legacy) ဘာသာပြန်- လူချို  { ဟန်သစ်၊ အမှတ်(၉၇) ဧပြီ ၂၀၀၂)

အလယ်တန်းကျောင်းသူဘဝ


“ညည်းညူတတ်သူများအကြောင်း”

ကျမငယ်ငယ်က အတန်းထဲမှာ  စာညံ့တဲ့အထဲမပါပေမဲ့ သိပ်တော်တဲ့အထဲမှာလဲ မပါဘူး။  ၁၀ဆင့်အတွင်း လောက်မှာဘဲပေါ့။  ပထမရချင်တယ်လို့လည်း ကိုယ့်ဖာသာ တခါမှ မခံစားရဘူး (မရနိုင်မှန်း သိလို့လဲ ဖြစ်မယ်)။ ၇တန်းမှာ  ရီမာဆိုတဲ့ ကျမသူငယ်ချင်းတယောက်က အဆင့်(၅)ရတော့ ညည်းညူပါတယ်။ ဟဲ့ - နင့်အောက်မှာ လူတွေအများကြီးဘဲ  ဒီလောက်ဆိုတော်ရောပေါ့“ လို့  ကျမကပြောတော့  စကားတတ်တဲ့ သူမက“လူဆိုတာ အောက်က အဆင့်ကို မကြည့်ရဘူး၊ ကိုယ့်အထက်ကို ကြည့်ရတယ်“တဲ့။  အဲဒီစကားကို ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်ခဲ့တယ်။  သူ့ကို ချက်ကျလက်ကျ ပြန်မချေတတ်ပေမဲ့ ကျမစိတ်ထဲမှာ တခုခုကိုတော့ ဘ၀င်မကျ ဖြစ်နေသလိုဘဲ။ အိမ်ရောက်တော့ အဖေ့ကို ပြန်ပြောပြမိပါတယ်။  အဖေက ဖြည့်စွက် ပေးပါတယ်။  “ငါ့သမီး၊ ပိုကောင်းအောင်လည်း အမြဲတမ်း ရုန်းကန်ကြိုးစား နေရမယ်၊ တချိန်တည်းမှာလဲ လက်ရှိအခြေအနေ (ရနေတဲ့အဆင့်)ကို  နားလည် လက်ခံနိုင်ရမယ်“  ဆိုပြီး ငါးသုံးကောင် ပုံပြင်နဲ့  ယှဉ်ပြပါတယ်။  “အခါမသိ ဖြတ်ဖြတ်လူးတဲ့ငါး” “အမြဲတမ်း မလှုပ်မယှက် နေတဲ့ငါး“ တို့ထက် “အခါကောင်းကို တရံတဆစ်မှ သတိမလစ်ဘဲ ကြိုးစား အားထုတ် တတ်တဲ့ငါး“က အသက်ဘေး ချမ်းသာရာရခဲ့တဲ့ အကြောင်းလေး  ကိုပေါ့။

နောက်ထပ် “သန်းသန်း“ဆိုတဲ့ သူငယ်ချင်းလေးတယောက်ကတော့  နေ့စဉ်နဲ့အမျှ “ညက စာကျက်လို့မရဘူး“ ဆိုပြီး အကြောင်းအမျိုးမျိုးနဲ့  ညည်းညူတတ်သူပါ။   ဒါပေမဲ့ စာမေးပွဲကျရင်တော့ သူ့အမှတ်တွေက တော်တော်လေး ကောင်း နေတတ်ပြန်ပါတယ်။  နောက်ဆုံးမှာ ကျမ သိရှိသွားတာကတော့ သူ့လို သူများတွေ စာကျက်မှာစိုးလို့    ဟန်ဆောင်ညည်းညူပြတာ ဖြစ်တယ် ဆိုတာပါဘဲ။  ဒါမှသာ တခြားအတန်းဖေါ်တွေ စာကျက်ချင်စိတ် စာဖတ်ချင်စိတ် နည်းသွားမယ် ၊ သူအသာရမယ်လို့  တွက်ထားပုံရပါတယ်။  အဲဒါကိုတော့ မသမာသောနည်း လှည့်ဖြားသောနည်း လို့ဘဲ ဆိုချင်ပါတယ်။ 

 ငယ်ငယ်တုန်းက အတန်းထဲမှာ တွေ့ရတတ်တဲ့ သဘာဝလေးတွေကို  အပြင်လောကမှာ တခါတခါ  ထပ်တူနီးပါး မြင်ရတဲ့အခါ ငယ်ဘ၀ကို သတိတရနဲ့   ပြုံးမိပါသေးရဲ့................

မိုးစက်ပွင့်

Thursday, 25 March 2010

အပေါ်ထပ် အောက်ထပ်

(၁)
” သမီးရေ .....သမီး သီရိ”
သီရိ ခေါင်းပြူကြည့်လိုက်တော့  အသံရှင်က အောက်ထပ်တိုက်ခန်းက အငြိမ်းစား ကျောင်းဆရာကြီးဖြစ်နေသည်။
”သြော်- အောက်ထပ်က အန်ကယ်ကြီးပါလား၊ ပြော -အန်ကယ်”
” နောက်ဖေးခန်းမှာ - သမီးတို့ အပေါ်ထပ်က ရေတွေ စိမ့်လာလို့ကွဲ့” 
” ဟုတ်လား- စစ်ကြည့်လိုက်မယ်နော် အန်ကယ်”
” အေး  အေး မြန်မြန်လေးနော် - အန်ကယ်တို့ မီးဖိုချောင် စိုရွှဲနေပြီ....”

 သီရိက  လေးလွှာတိုက်ခန်းကို ပြီးခဲ့တဲ့တစ်ပါတ်ကမှ အိမ်တက်လာခြင်းဖြစ်သည်။  အိမ်ရှင်က ငှားတုန်းကတော့ အသစ်စက်စက် တိုက်ခန်းပါ၊ ဘာမှပြင်စရာမလိုဘူး - တဲ့။  ဒါပေမဲ့ ငွေ တစ်သောင်း နှစ်သောင်းနဲ့ အိမ်ရှင်ကို မပြောချင်တော့ပါ။ ရေစိမ့်သည့်နေရာကို လက်သမား အမြန်ခေါ်ပြီး ဖာထေးရပြန်သည်။  ဘာပဲပြောပြော အောက်ထပ်က ပင်စင်စား အဖိုးကြီးကတော့ စိတ်ချမ်းသာ သွားမှာသေချာသည်။ သီရိကတော့ သက်ပြင်းလေးကို မျှင်းမျှင်းချလိုက်မိသည်။


(၂)
”ဝေါ .....ဝေါ .....ဝေါ”
”ဟွန်း နံလိုက်တာ”
အပေါ်ထပ်က ရေဆိုးတွေက ပိုက်ပေါက်ထဲမှ ဒရဟောကျလာသည့်အသံနှင့် ပုပ်အဲ့အဲ့အနံ့ ကြောင့် အိပ်ယာထဲမှ ခေါင်းထောင်ကာ နားစွင့်မိသည်။
”ဘယ်အခန်းကလည်းမသိဘူး၊ အို -ဘာပဲဖြစ်ဖြစ် မနက်ဖြန် ပိုက်ဆက်သမားခေါ်ပြီး  ပြင်လိုက်တာပဲ အေးပါတယ်လေ”
လေးလွှာမှ ဒီအောက်ဆုံးထပ်ကလေးကို ပြောင်းလာတာ မကြာသေး၊ အပေါ်ထပ်ရေပိုက်က ရေဆိုးတွေထွက်ကျတဲ့အဖြစ်။ ပိုက်က ခြောက်ထပ်လုံးကို သွယ်တန်းထားတာမို့ လူတစ်ရပ်စာလောက်မှာ ပေါက်နေတာကို အားလုံးဝိုင်းဖြေရှင်းသင့်သည်ထင်သည်။  တိုက်မှူးကို ပြောထားတာ သုံးရက်ရှိပေမဲ့ ဘာမှမထူးခြား။ ကိုယ်ထူမှ ကိုယ်ထရတော့မည်ဟု သီရိထင်သည်။  အောက်ထပ်မှာနေတော့လည်း မလွယ်ပါလား။ 


(၃)
မီးရောင်မှိန်ပြပြအောက်မှာ သီရိ စာအုပ်တွေကို အဓိပ္မါယ်မဲ့ လှန်လျောနေမိသည်။ စာအုပ်ကြားက ဖြတ်ကနဲ ကျလာတဲ့ ၀ါကျင့်ကျင့်  စာအိတ်ကလေး နှစ်လုံးက သီရိကို လှောင်ပြုံးပြုံးပြနေလေသည်။  အကြိမ်ကြိမ် ဖတ်ထားပြီးသားမို့  ဖွင့်ကြည့်ရန်မလိုဘဲ အလွတ်ရနေတဲ့ အထဲက စာသားတွေ......။
သီရိ
မောင်စာရေးလိုက်တယ်... မောင့်ကိုခွင့်လွှတ်ပါလို့မတောင်းဆိုချင်ပါဘူး...
ခိုင်က သူမှားပါတယ်လို့  မောင့်ကို တောင်းပန်လာတယ်...
တကယ်တော့ ချစ်ဦးသူ ဆိုတဲ့အသိနဲ့ မောင် သူ့ကို ပစ်ပစ်ခါခါ မပြောရက်ဘူး.....
သီရိက လူကြီးဆန်တယ်၊ မောင့်အပေါ်နားလည်တယ်....တို့နှစ်ယောက် အတွေ့နောက်ကျလေခြင်းကွယ်...။
ခိုင်က စိတ်ကြီးတယ်။ သူ တခုခုဖြစ်သွားရင် မောင့် ကိုယ်မောင် တစ်သက်လုံး အပြစ်ကင်းတော့မှာ မဟုတ်ဘူး....။  နောက်ဆုံးတော့ သူ့ကိုမောင် ခွင့်လွှတ်ဖို့နဲ့  လက်တွဲဖို့ သဘောတူလိုက်တယ်...။
သီရိရယ် .... ၀မ်းနည်းစွာနဲ့ နှုတ်ဆက်ပါရစေ...။
တစ်ခါက
မောင်
၂၊၂၊၂၀၀၄

မမသီ
ဇော် မညာချင်တော့ဘူး။  မမသီဆီကဖုန်းလာတိုင်း အပြစ်ရှိတဲ့စိတ်နဲ့  အရမ်းခံစားရတယ်။
ကောင်မလေးတစ်ယောက်နဲ့ ဇော် ထပ်တွေ့တယ်။  ဒီနီုင်ငံမှာ အထီးကျန်လို့ တွဲမိတာ ဇော့်အပြစ်ပါ.....။
အတည်မကြံရွယ်ခဲ့ပေမဲ့ ခုတော့ မလူးသာ မလွန့်သာတဲ့ အခြေအနေကို ရောက်နေခဲ့ပြီ။
ဇော် လက်ထပ်ရတော့မယ်။ အို- ဇော့်ကို အသစ် ရှာတဲ့ကောင်ဆိုပြီး အပြစ်ယူလိုက်  မုန်းလိုက်ပါတော့ဗျာ။
မမေ့နိုင်တဲ့ ....ဇော်
၁၂၊ ၅၊ ၂၀၀၈


အချစ်ဆိုသော ဆင်ကြီးကို ကယောင်ကတမ်း စမ်းသပ်လိုက်တဲ့ မျက်မမြင်ပုဏ္ဏားမလေး သီရိကတော့ အချစ်ဆိုတာ အထပ်တွေအများကြီးပါတဲ့ ကန်ထရိုက်တိုက်ကြီးပဲလို့  သုံးသပ်မိခဲ့လေသည်။
(၄)
အပျိုကြီး-အဖေါ်မရှာသေးဘူးလား လို့  ချစ်ခင်စွာ စပ်စုလာသူ အပေါင်းအသင်းတွေကို ” သီရိ - ကန်ထရိုက်တိုက်ဆိုရင် ဘယ်အထပ်ဖြစ်ဖြစ် မနေချင်တော့ပါဘူး ” လို့ အမြဲ ပြန်ဖြျြေဖစ်နေသည်။  သူတို့အားလုံးက နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့  တုန့်ပြန်လာကြသည်။  တကယ်တော့ ဒီစကားလုံးတွေရဲ့ အနက်အဓိပ္မါယ်ကို သီရိ တစ်ယောက်သာ နားလည်နိုင်သည်လေ .....။





မိုးစက်ပွင့်
photo credit:  fotosearch.com