Saturday 20 March 2010

အမည်းသုံးပွင့်ဆိုင်

လူ့အခြေခံစိတ်တွေဖြစ်တဲ့ စိတ်ဆိုးတာ၊ ကြောက်တာ၊ ပျော်တာ ဒီခံစားချက်သုံးခုဟာ မွေးကတည်းက ဦးနှောက်မှာ အဆင်သင့် ထင်ထင်ရှားရှား ပါလာတယ်။  ဒါပေမဲ့ အသက် နှစ်နှစ်လောက်ရောက်မှ self- conciousness ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်သိမှူ၊  သတိထားမှူတွေ ၀င်လာပါတယ်။  ဒီ့အရင်ကတော့ အနှီးထဲလည်း စိတ်ထင်သလို အီးအီးပါ၊ ရှူးရှူးပေါက်မယ်။ ဒါပေမဲ့  ကြီးလာလေလေ အပြင်လူရဲ့ အယူအဆကို ထည့်တွက်လေလေဖြစ်လာတယ်။ ရှက်သင့်တာကို ရှက်လာတယ်။ တဖြေးဖြေး ဟိရိသြတပ္မနဲ့ပြည့်စုံတဲ့ တကယ့်လူလေး ဖြစ်လာတယ်။ နောက်ပိုင်းမှာ altruistic anger   ဆိုတဲ့ မကောင်းမှူကို စက်ဆုပ်တာ၊ ကိုယ်နဲံ့မဆိုင်ပေမဲ့ လူတစ်ဦးအပေါ်အတရားလုပ်နေရင် မခံချင်တာတွေလည်း ရှိလာတတ်ပါတယ်။ Empathy လို့ခေါ်တဲ့ စာနာစိတ်တွေ ပေါ်ပေါက်လာပါတယ်။  အဲဒီစိတ်တွေကနေ လူမှူရေးစံကို သတ်မှတ်ပေးပါတယ်။ အဲဒီစိတ်တွေကို ပေါင်းရုံးပြီး  ”ကိုယ်ကျင့်နှင်တံ”လို့ စာရေးသူက အမည်ပေးပါတယ်။

 ကိုယ်ကျင့်နှင်တံ ချို့တဲ့နေတဲ့အောက်ပါလူသုံးမျိုးကိုတော့ အမည်းသုံးပွင့်ဆိုင် (Dark Triad) လို့  အမည်ပေးထားပြန်ပါတယ်။
 (၁) အတ္တပေမသမား (Narcissist )
 (၂) ပန်းတိုင်အဓိက၀ါဒသမား ( Machiavellians)
 (၃) စိတ်ကြမ်းဝေဒနာရှင် (Psychopath )

 (၁) အတ္တပေမသမား (Narcissist )
ရှေးရှေးတုန်းက နာဇိစစ် ခေါ်တဲ့ ဂရိလုလင်ပျိုလေး ရှိသတဲ့။  ရေကန်ထဲက သူ့ရုပ်သွင်ကို သူအကြီးအကျယ် နှစ်သက်ပြီး ချစ်ကြိုက်မိသွားသတဲ့။  သူ့ကို မြတ်နိုးတဲ့ ကညာပျိုလေး Echo ဟာ အသည်းကွဲရတော့တာပေါ့။  သူ့ရဲ့ဆောင်ပုဒ်က "Others exists to adore me"  တဲ့။ အဲဒီပုံပြင်ကို အခြေပြုပြီး  Narcissim ဆိုတဲ့ဝေါဟာရ တွင်ကျယ်လာတာပါ။

အဲဒီ နာဇိစစ်တွေ ထဲမှာ အောင်မြင်ကျော်ကြားမှူကြောင့် သွေးနထင်ရောက်နေသူတွေ၊ ကိုယ့်ကိုယ်ကိုယ် ပိုတွက်ထားပြီး အဝေဖန်မခံနီုင်သူတွေ၊ အများအတွက်လုပ်နေတယ်လို့ ကိုယ့်ဟာကိုယ် အထင်ရောက် စိတ်ကြီးဝင်နေသူတွေ ပါဝင်ပါတယ်။ 

Michael Maccoby ဟာ နာဇိစစ် တွေကိုအထူးပြုလေ့လာတဲ့ စိတ်ခွဲပညာရှင်ပါ။  သူ့ရဲ့တွေ့ရှိချက်အရ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ နာဇိစစ်တွေ ပိုများလာပါသတဲ့။  ကောင်းကျိုးပြု နာဇိစစ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး  ပျော်ပျော်ပါးပါး အတိုးအလျော့လုပ်နိုင်ကြတယ်။  ကိုယ့်ရည်မှန်းချက် အပျောက်မခံဘူး။ ပါတ်ဝန်းကျင်ပြောင်းသလို သူလိုက်ပြောင်းပြီး သူ့ရည်ရွယ်ချက်အတွက် အကောင်းဆုံး အသုံးချတတ်ကြပါသတဲ့။ စွန့်စား တာဝန်ယူရတဲ့အလုပ်မျိုးတွေ၊ အကျိုးအမြတ်များပြီး ဂုဏ်ရည်မြင့်တဲ့ အလုပ်တွေကို လုပ်ချင်ကြတယ်။  စီးပွားရေးလုပ်ငန်းခွင်မှာဆိုရင် အရွယ်နဲံမလိုက်တဲ့ တာဝန်ကြီးတွေကို သူတို့ယူတတ်ကြတယ်။

တစ်ဖက်က ကောင်းကျိုးမပြု နာဇိစစ်အမျိုးအစားကတော့ တစ်ဘာသာပါ။  သူတို့က လေးစားတာထက် ချီးကျူးတာကို ပိုကြိုက်တယ်။ စမ်းသပ်လေ့လာချက်တွေအရ သူတို့ဟာ အရေခွံ့ပါးကြတယ်။  အဝေဖန်မခံနိုင်ဘူး။  အထူးတလည်အရေ့းပေးတာကို သိပ်ကြိုက်တယ်။  ပြီးတော့ သူများအပေါ် စာနာစိတ် ( empathy) မထားပါဘူး။  ဆင်ကန်းတောတိုးပြုမူပြီး ပြိုင်ဆိုင်လိုစိတ်ကြီးမားတယ်။  ဘယ်သှူု့ကိုမှ မယုံကြည်သလို သူတို့ဂုဏ်ရောင် (glory dream )အတွက် ဘယ်သူ့ကိုမဆို စတေးရဲပါတယ်။


လူတစ်ယောက်တည်း ဒီရောဂါဖြစ်ရင် အများကထောက်ပြပြီး ကုသနိုင်ပေမဲ့ အုပ်စုလိုက်ဆိုရင်တော့ မလွယ်တော့ပါ။  (တို့ အများကောင်းစားရေး၊ အမျိုးသားရေးလုပ်နေတယ်။ တို့ဘ၀ဟာ အစိပ္မါယ်ရှိတဲ့ ကြီးမြတ်တဲ့ဘ၀ဖြစ်တယ်)လို့ တွေးလာပြီဆိုရင် တခြားသူတွေကို အောက်လက်ငယ်သားလို့ မြင်လာတတ်လို့ပါ။  ဥပမာပေးရရင် ချာနိုဘိုင်း ညူကလီးယားစက်ရုံက ပညာရှင်တွေဟာ အန္တရာယ်ကင်းမကင်းစစ်ဆေးချက်တွေကို တင်ပြဖို့ ကျင့်သုံးဖို့အရေးမှာ သူတို့လောကကို ဂုဏ်ရောင်မှေးမှိန်မှာစို့းလို့ လျစ်လျူပြုခဲ့ကြပါသတဲ့။ နာဇိစစ်တွေဟာ အောင်မြင်မှူကိုပဲ နားဆင်ချင်ပါတယ်။  ရှူံးတယ်ဆိုတာကို နားဝမှာ လေသံတောင်မဟပ်ချင်ကြပါဘူး။ 

အဲဒီမှာ Sycophant လို့ခေါ်တဲ့ ဖေါ်လံဖားတွေက သစ္စာရှိခြင်းအသွင်ဆောင်တဲ့ အရေခြုံပြီး  အရေးကြီးတဲ့သတင်းအချက်အလက်တွေကို မပြောဘဲ ဖုံးထားမယ်။  အခွင့်သင့်တိုင်း မြှောက်မယ်။ ဘော့စ်လုပ်သူကို သူလုပ်သမျှဟုတ်နေ မှန်နေတယ်လို့အထင်ရောက်အောင်လုပ်ပြီး ကိုယ်ကျိုးရှာကြမယ်။  ဒါပေမဲ့ အားလုံးအတွက် အန္တရာယ်ကြီးမားတာကိုတော့ သတိမမူမိကြပါဘူး။


 (၂) ပန်းတိုင်အဓိက၀ါဒသမား ( Machiavellians)
 ကိုယ်ကျိုးဆိုတာ လူ့ဘ၀မှာ အဓိက မောင်းနှင်အား လို့ မက္ခီယာဗယ်လီ ( အတိုကောက် Mach) က ဆိုပါတယ်။ Niccolo Machiavelli ဟာ Prince ဆိုတဲ့ စာအုပ်မှာ သူ့တပည့်ကို လမ်းညွှန်ချက်ပေးခဲ့ပါသေးတယ်။  ကိုယ်လိုချင်တာအတွက် ဘာပဲလုပ်ရလုပ်ရ၊ ဘယ်နည်းပဲ သုံးရ သုံးရ တဲ့။ 

Mach  ကလည်း နာဇိစစ်လိုပဲ လူတွေကို ခံစားချက်ချင်းမဆက်နွယ်ဘဲ အသုံးချခံ သက်မဲ့ပစ္စည်းလို သဘောထားပါတယ်။  တကယ်တော့ Mach တွေဟာ စာနာစိတ် လုံးလုံးမပြတာတော့ မဟုတ်ပါဘူး။  သူတို့အတွက် လိုအပ်လိမ့်မယ်ထင်တဲ့သူတွေအပေါ်မှာတော့ ရွေးချယ်ပြီး စာနာစိတ်ထားတတ်ကြပါတယ်။ ဒါကို tunnel-vision empathy လို့ခေါ်ပါတယ်။ တစ်ခြားသူတွေအတွက်သာ ကျဉ်းမြောင်းတဲ့ ခံစားချက်ရှိတာမဟုတ်ဘူး၊ သူ့အတွက်လည်း ခံစားချက်က ကျဉ်းမြောင်းပါတယ်။  အဓိကမောင်းနှင်အားက လိင်၊ ပိုက်ဆံနဲ့ ပါဝါတို့ဘဲဖြစ်နေပြီး အဲဒီအရာတို့ရဲကျေးကျွန်အဖြစ်နဲ့ သူ့တစ်ဘ၀လုံး ကုန်ဆုံးသွားတော့တာပါဘဲ။

Mach တွေဟာ လူမှူစွမ်းဆောင်ရည် မြင့်တတ်ကြပါတယ်။  ဒါပေမဲ့ ဦးနှောက်ကောင်းသလောက်၊ နှလုံးသားကဖွယ်တယ်တယ်ဖြစ်နေလို့ ပါတ်ဝန်းကျင်နဲ့ အစေးမကပ်လှပါဘူး။  သူတို့ဖန်တီးတဲ့အဆိပ်သီးကို သူတို့ပြန်စားရတဲ့ သဘောပဲဖြစ်တယ်။

 (၃) စိတ်ကြမ်းဝေဒနာရှင် (Psychopath )
သူတို့ကတော့  အမည်းသုံးပွင့်ဆိုင်ထဲမှာ အပြင်းဆုံးအစားပါ။ လက္ခဏာတွေအနေနဲ့ လိမ်မယ်၊ ညာမယ်၊ တစ်ဖက်သားကို အရေးမထားဘဲ ရက်စက်မယ်၊ အကြမ်းဖက်မယ်၊ ပြီးတော့ ဘယ်တော့မှလည်း နောင်တမရဘူး။ (ဟဲဟဲ- ဆုံးသွားတဲ့ တောက ဘကြီးတစ်ယောက်နဲ့တူလိုက်တာ) ဆိုက်ကိုပက်တစ်ယောက်အတွက် empathy ဆိုတာ no ပဲ။ သူတို့မှာ အဖမ်းအဆီးခံရမှာကြောက်တဲ့  နည်းနည်းလေးကလွဲလို့  တခြား ကြောငြ့်ဲကစိတ် များများစားစားမရှိပါ။ ဒါနဲံပဲ ရာဇ၀တ်ကောင်တွေ serial killer  တွေဖြစ်လာကြတယ်။ ဆိုက်ကိုပက် serial killer တစ်ယောက်ကို အင်တာဗျူးရာမှာ (လူတွေကို ကြောက်စရာကောင်းလောက်အောင် ဘာလို့ရက်စက်တာလဲ။ သူတို့ကိုမသနားဘူးလား) လို့ မေးတဲ့အခါ  (နိုး နိုး အဲဒီအပိုင်းကို ကျူပ်မေ့ထားတယ်။ ဟုတ်တယ်။ အဲဒီလိုမှ ကျူပ်မေ့မထားရင် ဒီအလုပ်တွေကို ဘယ်လုပ်ဖြစ်တော့မှာလဲ) တဲ့။

 ”ငါသာ ပထမ ဦးတည်ချက် ” (me-first motives) တွေ ပြည့်လွှမ်းနေတဲ့၊ ”ထင်ပေါ်ကျော်ကြားမှူ”ကို ငမ်းငမ်းတက်နေတဲ့ (  celebrity semigod of greed ) ၊ ”၀င့်ဝါမှုနဲ့ အနှစ်သာရကင်းမှူ”တွေ (vanity idealized ) လွှမ်းခြုံနေတဲ့ ပါတ်ဝန်းကျင်ရေခံမြေခံမှာ အမဲသုံးပွင့်ဆိုင်တွေ ပေါက်ပွားချင်တိုင်းပေါက်ပွားနေကြပါတယ်။  ပါတ်ဝန်းကျင်မသန့်ရှင်းရင် ခြင်၊ယင်၊ ကြွက်တွေ ပေါသလိုပေါ့ ..။စာရေးသူက ပြောတာကတော့ ကျွန်မတို့ကိုယ်တိုင် အထက်ကပြောခဲ့သလောက် အကြမ်းစားကြီးတွေ မဟုတ်ရင်တောင်မှ  sub clinical ခေါ်တဲ့ ရောဂါနုလက္ခဏာလေးတွေကိုယ်စီနဲ့   ဒီအမည်းသုံးပွင့်ဆိုင် အမျိုးအစားထဲမှာ တနည်းနည်း ပါဝင်ပြီး ကျောင်းတွေ၊ ရုံးတွေ၊ ဈေးတွေ၊ နေ့စဉ်ဘ၀တွေမှာ ကျင်လည်နေကြပါတယ်တဲ့။ ကိုယ်ကျင့်နှင်တံ နာနာမတို့လို့ကတော့ ပါတ်ဝန်းကျင်မှာ လူမှူရေးဒုက္ခပေါင်းစုံ ဖြစ်ကြရတော့တာပါပဲ.....။

ကဲ - ကိုယ့်ကိုယ်ကိုယ် ပြန်ဝေဖန်လိုက်ကြရအောင်...။ အနာသိရင် ဆေးရှိတယ်မဟုတ်ပါလား...။

မိုးစက်ပွင့်

၂၀၁၀ခုနှစ် မတ်လထုတ် စံပယ်ဖြူမဂ္ဂဇင်းက ဒေါက်တာစိုးအောင်ရဲ့  လူမှူစွမ်းဆောင်ရည်ဆိုသည် (၁၀)  ကိုအကျဉ်းချူပ်ပြီး ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။  (မူရင်း- Daniel Goleman's Social Intelligence )
photo credit:  fotosearch.com

No comments:

Post a Comment

ပဲ့တင်သံလေးတွေ .......